သုံးရလွယ်ကူစေသည့် Link များ

ဆွေးနွေးမှုနဲ့ လွတ်လပ်ခွင့် မရှိရင် မြန်မာအခြေအနေ ပိုဆိုးနိုင် (ကုလအထူးကိုယ်စားလှယ် Noelene Heyzer)


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer

[[ZAWGYI / UNICODE ]]

ဆွေးနွေးမှုနဲ့ လွတ်လပ်ခွင့် မရှိရင် မြန်မာအခြေအနေ ပိုဆိုးနိုင် (ကုလအထူးကိုယ်စားလှယ် Noelene Heyzer)

အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှုမျိုးနဲ့ နိုင်ငံသားတွေရဲ့ နိုင်ငံရေး အခွင့်အရေးကိုသာ လွတ်လပ်စွာ အသုံးချခွင့် မရဘူးဆိုရင်တော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေနဲ့ မတည်ငြိမ်မှုတွေ ပိုပြီး ကျယ်ပြန့်လာမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်က တနလာၤနေ့မှာ သတိပေးလိုက်ပါတယ်။ အထူးကိုယ်စားလှယ် Noeleen Heyzer ရဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တနလာၤနေ့က အလွတ်သဘော တင်ပြ ဆွေးနွေးပွဲကို မသိင်္ဂ ီထိုက် ကောက်နုတ်တင်ပြပေးပါမယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer က မြန်မာ့ အရေးနဲ့ ပတ်သက်ပြီး တနလာၤနေ့မှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို အလွတ်သဘော တင်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်း လူသားချင်းစာနာမှု အကူအညီ အရေးပေါ် လိုအပ်ချက်၊ သိန်းချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်အရေး အပြင် မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်မယ့် အခြေအနေတွေကို အလေးထား တင်ပြခဲ့ပါတယ်။

ဒီကနေ့ ဒီအချိန်မှာ လူပေါင်း ၁၄ ဒသမ ၄ သန်း မြန်မာ လူထုရဲ့ ၄ ပုံတပုံဟာ လူသားချင်းစာနာမှု အကူအညီတွေ အရေးပေါ် လိုအပ်နေပါပြီလို့ မစ္စ Heyzer က ပြောခဲ့တာပါ။ ဒါ့အပြင် ရိုဟင်ဂျာ ဒုက္ခသည် အရေးကိုလည်း သူက အခုလို ထောက်ပြပါတယ်။

ဘင်္ဂလားဒေရှ့် နိုင်ငံက စခန်းတွေမှာ ရိုဟင်ဂျာ ဒုက္ခသည် တသန်းနီးပါး ရှိနေပြီးသား အခြေအနေမှာ ဒေသတွင်းကို သိန်းနဲ့ချီပြီး နယ်စပ်ဖြတ်ကျော်ဝင်ရောက်ပြီး ရိုဟင်ဂျာ ၁၄၀,၀၀၀ တို့ဟာဆိုရင် ပြီးခဲ့တဲ့ ၁၀ နှစ်တာ အတွင်း ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည် စခန်းတွေမှာ နေရပ်စွန့်ခွာ နေထိုင်နေကြရပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် ပြီးခဲ့တဲ့ ၆ လ အတွင်း မြန်မာ လက်နက်ကိုင်တပ်ဖွဲ့တွေ အပါအဝင် တခြားသော သက်ဆိုင်သူတွေ၊ အာဆီယံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ မြန်မာ့ အကျပ်အတည်း ဖြေရှင်းရေး ဆွေးနွေးခဲ့တဲ့ မစ္စ Heyzer အနေနဲ့ စစ်ကောင်စီနဲ့ တော့ တွေ့ဆုံ ဆွေးနွေးခွင့် မရသေးပါဘူး။ စစ်ကောင်စီနဲ့ ဆွေးနွေးခွင့် ရဖို့ မျှော်လင့်ကြောင်းလည်း သူက ပြောပါတယ်။

စစ်တပ်ဟာ အင်အား အလွန်အကျွံ ဆက်လက် အသုံးပြုနေဆဲ ဖြစ်ပြီး အရပ်သားတွေ အပေါ်မှာ အပြင်းအထန် တိုက်ခိုက်နေသလို ခုခံ တိုက်ခိုက်နေသူတွေကိုလည်း တိုးမြှင့် ချေမှုန်းနေပြီး ဝေဟင်ကနေ ဗုံးကျဲတိုက်ခိုက်တာတွေကိုလည်း အသုံးပြုနေပါတယ်။ အရပ်ဘက် အဆောက်အအုံတွေနဲ့ ကျေးရွာတွေ မီးရှို့ ဖျက်စီးခံရပြီး နိုင်ငံတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေလည်း တိုက်ခိုက်ခံရပါတယ်။ လို့ မစ္စ Heyzer က ပြောခဲ့တာပါ။

အာဏာသိမ်းပြီးနောက် ကြုံရတဲ့ နိုင်ငံရေး အကျပ်အတည်း ပြေလည်ရေး စစ်ကောင်စီက ရွေးကောက်ပွဲသစ် ကျင်းပမယ်လို့ ကတိပြုထားပေမယ့်လည်း စစ်ကောင်စီခန့် ရွေးကောက်ပွဲ ကော်မရှင် အပေါ်မှာ အယုံအကြည် သိပ်မရှိကြဘူးလို့လည်း သူမက ထောက်ပြပါတယ်။

အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှုမျိုးနဲ့ နိုင်ငံသားတွေရဲ့ နိုင်ငံရေး အခွင့်အရေးကို စိုးရိမ်မှု ခြိမ်းခြောက်ခံရမှု မရှိဘဲ အသုံးပြုနိုင်တဲ့ အခြေအနေမျိုး မရှိဘူးဆိုရင်တော့ အကြမ်းဖက်မှုတွေနဲ့ မတည်ငြိမ်မှုတွေ နောက်ထပ် ပိုပြီး ကြီးမားကျယ်ပြန့်လာပါမယ်လို့ အထွေထွေ ညီလာခံမှာ ပြောဆိုခဲ့တာပါ။

သူမ အနေနဲ့တော့ မြန်မာ့ အကျပ်အတည်း ဖြေရှင်းနိုင်ရေး အတွက် အဓိကထား ဆောင်ရွက်မယ့် ကိစ္စတွေကိုလည်း အခုလို ပြောပါတယ်။ လူသားချင်း စာနာမှုနဲ့ အကာအကွယ် လိုအပ်ချက်၊ အရပ်သား အုပ်ချုပ်ရေးကို ပြန်လည် ရောက်ရှိရေး၊ ထိရောက်ပြီး ဒီမိုကရေစီ နည်းကျ အုပ်ချုပ်မှု၊ ရိုဟင်ဂျာတွေ အတွက် ရေရှည် ဖြေရှင်းချက် စတဲ့ ကိစ္စ လေးခုကို အဓိကထား ဆောင်ရွက်သွားပါမယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzerရဲ့ အထွေထွေညီလာခံမှာ အလွတ်သဘော တင်ပြချက်မှာတော့ မြန်မာ သံအမတ်ကြီး အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေက ကိုယ်စားလှယ်တွေ အများအပြား တက်ရောက်ခဲ့ကြပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ ကိုယ်စားလှယ်ကတော့ ရိုဟင်ဂျာ ဒုက္ခသည် အရေးကို အထူးအလေးထားပြီး ပြောဆိုပါတယ်။

စစ်တပ် အာဏာသိမ်းပြီး ၁၇ လတာ အတွင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုက လမ်းကြောင်းလွဲသွားခဲ့ပါတယ်။ မြန်မာ လူထု အပေါ်မှာ စစ်တပ်ရဲ့ ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို တွေ့မြင်ခဲ့ရပြီး ဖြစ်ပါတယ်။

စစ်ကောင်စီဟာ စေ့စပ်ညှိနှိုင်းလိုတဲ့ ဆန္ဒမျိုး ပြသတာ မရှိကြောင်းနဲ့ အာဏာကို ဆက်လက် ချုပ်ကိုင်ထားဖို့ ကြိုးစားနေတယ်လို့လည်း အမေရိကန် ကိုယ်စားလှယ်က ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံ အစည်းအဝေးကို တက်ရောက် မိန့်ခွန်းပြောခဲ့တဲ့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ မြန်မာ စစ်တပ်ထံ လက်နက်တွေ မရောက်အောင် တားဆီးကြဖို့လည်း ထပ်ပြီး တိုက်တွန်းသွားပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ အာဆီယံ၊ ကျနော်တို့ရဲ့ အိမ်နီးချင်း နိုင်ငံတွေနဲ့ ဒေသတွင်းနဲ့ ဒေသ အပြင်က ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ မြန်မာ လူထု အလွန် လိုအပ်နေတဲ့ လူသားချင်း စာနာမှု အကူအညီတွေ ပေးအပ်ကြဖို့၊ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ နောက်ထပ် မဖြစ်အောင် ကာကွယ်ပေးဖို့၊ တရားမဝင် စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ရေး ကူညီပေးဖို့၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ခံထားရသူတွေနဲ့ ထိတွေ့ဆက်ဆံဖို့၊ ဆိုးရွားပြင်းထန်လှတဲ့ နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်မှုတွေမှာ တာဝန်ရှိသူတွေကို တရားဥပဒေနဲ့ အညီ စီရင်နိုင်ရေး နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံကြဖို့၊ စစ်ကောင်စီ အပေါ်မှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ရေးနဲ့ စစ်ကောင်စီ လက်နက် မရရေး ကာကွယ်ကြဖို့ နောက်ဆုံး အချက်အနေနဲ့ တောင်းဆိုလိုပါတယ်။

မြန်မာနိုင်ငံက အကျပ်အတည်း ပြသနာတွေကို ဖြေရှင်းနိုင်ရေး အတွက် တရားဥပဒေ စိုးမိုးရေး၊ ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စု ထွက်ပေါ်လာရေးနဲ့ တရားဝင် အရပ်သား အစိုးရ ပြန်လည် ကျင့်သုံးရမှာ ဖြစ်ပြီး စစ်အုပ်ချုပ်မှု အဆုံးသတ်မှ ရမယ်လို့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းသွားပါတယ်။

တိုက်ရိုက် လင့်ခ်

================

{{ UNICODE }}

















XS
SM
MD
LG