သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီဖမ်းဆီးတဲ့ မီဒီယာသမား လွတ်မြောက်ရေး ဂျပန်နိုင်ငံခြားရေးရုံးရှေ့ဆန္ဒပြ


အဖမ်းခံထားရသည့် Toru Kubota လွတ်မြောက်ရေး ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့ ဆန္ဒပြနေသူများ ( AFP; 31 JULY 2022 )
အဖမ်းခံထားရသည့် Toru Kubota လွတ်မြောက်ရေး ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့ ဆန္ဒပြနေသူများ ( AFP; 31 JULY 2022 )

[[ ZAWGYI /UNICODE ]]

စစ်ကောင်စီဖမ်းဆီးတဲ့ မီဒီယာသမား လွတ်မြောက်ရေး ဂျပန်နိုင်ငံခြားရေးရုံးရှေ့ ဆန္ဒပြ

ဂျပန်နိုင်ငံသား တဦး ရန်ကုန်မြို့မှာ ဖမ်းဆီးခံရကြောင်း ဂျပန် သံရုံးတာဝန်ရှိသူ တဦးက အတည်ပြုပါတယ်။ အသက် ၂၆ နှစ် အရွယ် ဂျပန်နိုင်ငံသား မှတ်တမ်း ရုပ်ရှင်ရိုက်ကူးသူ Toru Kubota ပြန်လည် လွတ်မြောက်ရေး အတွက် ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ တနင်္ဂနွေနေ့က တိုကျိုမြို့တော်မှာရှိတဲ့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာန အပြင်မှာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ AFP သတင်းဆောင်းပါးကို မသိင်္ဂီထိုက် ပြောပြပေးပါမယ်။

ဂျပန်နိုင်ငံသား အမျိုးသားတဦး ရန်ကုန်မှာ ဖမ်းခံရကြောင်း ဂျပန်သံရုံး တာဝန်ရှိသူတဦးက တနင်္ဂနွေနေ့မှာ အတည်ပြုပါတယ်။ ဒါဟာဆိုရင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားသား တဦး ထပ်မံ ဖမ်းခံရမှု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဆန္ဒပြပွဲတွေ ဆက်တိုက် ထွက်ပေါ်လာသလို စစ်ကောင်စီဘက်ကလည်း သွေးထွက်သံယို နှိမ်နင်းနေတာမှာ လူပေါင်း ၂၀၀၀ ကျော် သေဆုံးပြီး အနည်းဆုံး ၁၄၀၀၀ ဖမ်းခံထားရကြောင်း ဒေသဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့က ဖော်ပြပါတယ်။

စနေနေ့က စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြပွဲ တခု အနီးမှာ မြန်မာနိုင်ငံသား ၂ ဦးနဲ့ အတူ အသက် ၂၆ နှစ် အရွယ် မှတ်တမ်းရုပ်သံ ရိုက်ကူးသူ Toru Kubota ဖမ်းခံရကြောင်း ဂျပန်နဲ့ ပြည်တွင်း မီဒီယာတွေက ဖော်ပြခဲ့တာပါ။ ရန်ကုန်မှာ မနေ့က ဂျပန် နိုင်ငံသား တဦး ဖမ်းဆီးခံရကြောင်း ဂျပန် သံရုံးက အမည်မဖော်လိုတဲ့ တာဝန်ရှိသူ တဦးက တနင်္ဂနွေနေ့မှာ AFP ကို အတည်ပြု ပြောဆိုပါတယ်။ ဂျပန် သံရုံး အနေနဲ့ အာဏာပိုင်တွေနဲ့ ဆက်သွယ်နေပြီး သူတို့ လွတ်မြောက်ရေး အတွက် ကြိုးစားနေကြောင်းလည်း ပြောပါတယ်။

ဖမ်းခံရသူ ဂျပန်နိုင်ငံသား ဘယ်သူ ဖြစ်တယ်ဆိုတာကို ဂျပန် တာဝန်ရှိသူက မပြောပါဘူး၊ ဆန္ဒပြပွဲ အတွင်း ဖမ်းခံရတာ ဟုတ် မဟုတ် ဆိုတာလည်း မသိကြောင်း ပြောပါတယ်။ စစ်ကောင်စီ ပြောခွင့်ရကတော့ တစုံတရာ မှတ်ချက်ပေး ပြောဆိုမှု မရှိပါဘူး။ ဂျပန်နိုင်ငံ တိုကျိုမြို့တော်က ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန အပြင်ဘက်ကမှာလည်း Kubota လွတ်မြောက်ရေး အတွက် တနင်္ဂနွေနေ့က ဆန္ဒပြသူ တချို့ တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြသူ Hirosuke Hoashi က အခုလို ပြောပါတယ်။

" ကျနော်တို့ မိတ်ဆွေ Toru Kubota ရန်ကုန်မှာ မနေ့က ဖမ်းခံထားရပြီး သူ လွတ်မြောက်ဖို့ လိုအပ်ပါတယ်။ မြန်မာ စစ်တပ်က လူတွေကို ကြောက်အောင် လုပ်နေတာပါ။ "

ဆန္ဒပြသူ Seijiro Konno ကတော့ ဖမ်းခံထားရသူ Kubota အမြန်ဆုံး လွတ်မြောက်ရေး အတွက် တောင်းဆိုပါတယ်။

" ဒီကိစ္စကို ဂျပန် အစိုးရက ဆောင်ရွက်နေပြီလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ကျနော့် အနေနဲ့ကတော့ Toru Kubota" ဘေးကင်းရေးနဲ့ အိမ်ပြန်လာနိုင်ရေး အတွက် အစိုးရဘက်က အသေအချာ အမြန်ဆုံး ဆောင်ရွက်ဖို့ တောင်းဆိုလိုပါတယ်။"

ဆန္ဒပြသူ Hirosuke Hoashi ကတော့ Kubota ဟာ မြန်မာနိုင်ငံတွင်း ဖြစ်နေတာတွေကို ကမ ္ဘာက သိစေချင်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။

" အားလုံးက နုတ်ဆိပ်နေကြပါတယ်။ ဘာမှ မပြောကြပါဘူး။ ဒါပေမဲ့ သူ့လို သတ္တိရှိသူတွေနဲ့ မြန်မာနိုင်ငံတွင်းက တက်ကြွလှုပ်ရှားသူတွေကတော့ မြန်မာနိုင်ငံမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာကို ကမ္ဘာကို သိစေချင်ကြပါတယ်။ စစ်တပ်က ဒီလူတွေကို မလိုလားပါဘူး။"

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က သဘောထား ကွဲပြားသူတွေကို ဖြိုခွင်းမှုတွေ အတွင်း နိုင်ငံခြားသား အတော်များများလည်း အဖမ်းခံရပါတယ်။ ပြီးခဲ့တဲ့နှစ် အတွင်း ဂျပန် မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ Yuki Kitazumi လည်း စစ်အာဏာသိမ်းပြီး နောက်ပိုင်း အခြေအနေတွေကို မှတ်တမ်း ရိုက်ယူမှု အတွင်း စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။

နိုင်ငံတကာက ဖိအားပေးခဲ့ကြပြီးနောက်မှာတော့ ၂၀၂၁ ခုနှစ် မေလ အတွင်းမှာ သူ လွတ်မြောက်ပြီး ဂျပန်နိုင်ငံကို ပြန်လည် ရောက်ရှိခဲ့တာပါ။ Kubota ဖမ်းခံရမှု အပေါ် တုန်လှုပ်ရကြောင်း Kitazumi က ပြောဆိုပြီး အမြန်ဆုံး လွတ်မြောက်ဖို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။

Kubota ဟာ မှတ်တမ်း ရုပ်ရှင် ရိုက်ကူးသူ ဖြစ်ပြီး မှတ်တမ်း ရိုက်ကူး ခဲ့ရင်လည်းဘဲ သူ့ကို ဖမ်းဆီးစရာ အကြောင်းမရှိဘူးလို့လည်း သူက ပြောပါတယ်။ စစ်ကောင်စီက နိုင်ငံတွင်း သတင်းလွတ်လပ်ခွင့်ကို နှိပ်ကွပ်ပြီး သတင်းထောက်တွေနဲ့ ဓာတ်ပုံဆရာတွေကို ဖမ်းဆီး၊ ရုပ်သံ ထုတ်လွှင့်ခွင့်တွေကိုလည်း ရုပ်သိမ်းထားတာ ဖြစ်ပါတယ်။ ဒီနှစ် မတ်လ အထိ မြန်မာနိုင်ငံ တဝန်းမှာ သတင်းထောက် ၄၈ ဦး ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်း စောင့်ကြည့်ရေး အဖွဲ့ Reporting ASEAN က ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

==========================

{{ UNICODE }}














XS
SM
MD
LG