သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၅ နှစ် ကြာခဲ့တဲ့တိုင် အများ မမေ့နိုင်သေးတဲ့ မင်းသမီး ဒိုင်ယာနာ


ဗြိတိန် တော်ဝင်မင်းသမီး ဒိုင်ယာနာ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကားမှောက်ပြီး ရုတ်တရက် ကွယ်လွန်သွားခဲ့တာ ၂၅ နှစ်ပြည့်သွား ခဲ့ပါပြီ။ နှစ်တွေ ကြာလာပေမဲ့ သူ့ကို ချစ်ခင်သူတွေကတော့ လွမ်းဆွတ် သတိရနေကြဆဲပါ။ အများ မမေ့နိုင်သေးတဲ့ မင်းသမီး ဒိုင်ယာနာ အကြောင်း အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ပြထားပါတယ်။

[Zawgyi/Unicode]

၂၅ နှစ် ကြာခဲ့တဲ့တိုင် အများ မမေ့နိုင်သေးတဲ့ မင်းသမီး ဒိုင်ယာနာ (အမျိုးသမီးကဏ္ဍ)

ဗြိတိန် တော်ဝင်မင်းသမီး ဒိုင်ယာနာ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကားမှောက်ပြီး ရုတ်တရက် ကွယ်လွန်သွားခဲ့တာ ဒီ သြဂုတ်လကုန် ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့က ၂၅ နှစ်ပြည့်သွား ခဲ့ပါပြီ။ နှစ်တွေ ကြာလာပေမဲ့ သူ့ကို ချစ်ခင်သူတွေကတော့ လွမ်းဆွတ် သတိရနေကြဆဲပါ။ ပြည်သူ့ အချစ်တော် မင်းသမီးတပါးအဖြစ် နာမည်ကြီးခဲ့တဲ့ မင်းသမီး ဒိုင်ယာနာ ဟာ ဘယ်လို ပုဂ္ဂိုလ်မျိုးပါလဲ။ ကွယ်လွန်တာ ၂၅ နှစ် ရှိလာတဲ့ တိုင်အောင် လူအများက သူ့ကို ဘာကြောင့် တမ်းတ ပြောနေကြတာပါလဲ။ အများ မမေ့နိုင်သေးတဲ့ မင်းသမီး ဒိုင်ယာနာ အကြောင်း တစေ့တစောင်းကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ပြထားပါတယ်။

ဗြိတိန်တော်ဝင်မိသားစုအကြောင်း စိတ်ဝင်တစား ရှိသူတိုင်း ဒိုင်ယာနာ မင်းသမီး၊ မင်းသမီး ဒိုင်ယာနာ ကို သိကြမှာပါ။ ဗြိတိန် တော်ဝင် အိမ်ရှေ့စံ ချားလ်စ်မင်းသားရဲ့ ပထမကြင်ယာတော် ဖြစ်ခဲ့တဲ့ မင်းသမီး ဒိုင်ယာနာဟာ တော်ဝင် မိသားစုဝင် တယောက် ဖြစ်ပေမဲ့လို့၊ မောက်မာ ထောင်လွှားမှု မရှိ၊ ပကာသနကင်းတဲ့ သူ့ရဲ့ ပြုမူ နေထိုင်မှုတွေကြောင့် ဗြိတိန် ပြည်သူတွေကြားမှာသာမက ကမ္ဘာတဝန်း ပြည်သူတွေကပါ သတိပြုတာ ခံရတဲ့ အများချစ်ခင်လေးစားရသူ တယောက်ပါ။ လူသားအကျိုးပြု လုပ်ငန်းတွေ အများအပြား လုပ်ခဲ့တဲ့ မင်းသမီး ဒိုင်ယာနာကို ချစ်ခင်သူတွေက “Queen of People’s Hearts” ပြည်သူ့ အသည်းနှလုံး ဘုရင်မ၊ The People’s Queen ပြည်သူ့ဘုရင်မ လို့တောင် ခေါ်ခဲ့ကြပါတယ်။ သူ့ကို ဘာကြောင့် ဒီလိုခေါ်ကြတာပါလဲ။ လူတွေ ဒီကနေ့အထိ သူ့ကို မမေ့နိုင်ကြသေးတာ ဘာကြောင့်ပါလဲ။

တော်ဝင်မိသားစု အတ္ထုပ္ပတ္တိ ရေးသူလည်းဖြစ်၊ သတင်းထောက်တယောက်လည်း ဖြစ်တဲ့ Andrew Morton က ခုလိုပြောပါတယ်။

''ဒိုင်ယာနာရဲ့ ထူးခြားတဲ့ အရည်အသွေးတခုက သူတပါးကို စာနာ နားလည် ဂရုစိုက်တတ်တာ၊ နွေးနွေးထွေးထွေး ဆက်ဆံတာ၊ လူသားချင်း စာနာမှုလုပ်ငန်းတွေကို ထဲထဲဝင်ဝင် လုပ်တာတွေအပြင် တချိန်တည်းမှာလည်း သူဟာ နှစ်လိုဖွယ်ရာ ချစ်စရာကောင်းတဲ့ ဟာသအမြင်နဲ့ ပေါ့ပေါ့ပါးပါး နေတတ်တဲ့သူဖြစ်နေတာပါ။ ဘယ်လောက် အဆိုးတွေ ကြုံရပါစေ၊ ရယ်မာစရာဖြစ်အောင် ပြောတတ်ပါတယ်။”

ဒီလို ဒိုင်ယာနာရဲ့ လူသားဆန်မှုကို အသိအမှတ်ပြု ပြောတဲ့အထဲမှာ သူ့ကို မကြည်ဖြူခဲ့သူ အဖြစ် အများမြင်ထားတဲ့ ဗြိတိန်ဘုရင်မကြီး အဲလ်စ်ဇဘက်သ် လည်း ပါ ပါတယ်။ တော်ဝင်မိသားစုတွင်း ပြဿနာတွေ ရှိခဲ့ပြီးတဲ့နောက် ဘုရင်မကြီး အဲလိစ်ဇဘက်သ်က ဒိုင်ယာနာ ကွယ်လွန်ချိန်မှာ ဒိုင်ယာနာနဲ့ပတ်သက်ပြီး အစောပိုင်း ဘာမှမပြောဘဲ ရက်အတော်ကြာ နုတ်ဆိတ်နေခဲ့တာပါ။ ဒါကိုမကြိုက်တဲ့ ပြည်သူတွေက တော်ဝင်မိသားစုကို စိတ်ဆိုး ဝေဖန်တာတွေ ရှိခဲ့သလို၊ ကွယ်လွန်ပြီး သီတင်း တပတ်လောက်အကြာမှာတော့ ဘုရင်မကြီး အဲလိစ်ဇဘက်သ်က ဒိုင်ယာနာနဲ့ပတ်သက်လို့ ရုပ်သံကနေတဆင့် တိုင်းပြည်ကို ခုလို ပြောကြားခဲ့ပါတယ်။

“သူမတူအောင် ထူးခြားတဲ့ လူသားတယောက်ပါ။ အကောင်း အဆိုး ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် အပြုံးမပျက် ရင်ဆိုင်နိုင်တဲ့သူပါ။ လူတွေအပေါ်ထားတဲ့ သူ့ရဲ့ နွေးထွေး ကြင်နာမှုတွေက အများ အားကျ အတုယူစရာ ဖြစ်ခဲ့ပါတယ်။ လူတွေအပေါ်ထားတဲ့ သူ့ရဲ့ စေတနာ မေတ္တာ စွမ်းအား၊ အထူးသဖြင့် သားနှစ်ယောက်အပေါ် ထားတဲ့ စိတ်ခွန်အားတွေ အတွက် ကျမကိုယ်တိုင် လေးစား အားကျ ဂုဏ်ယူရပါတယ်။”

ဘုရင်မကြီး အဲလိစ်ဇဘက်သ် အပါအဝင် အထင်ကရ ပုဂ္ဂိုလ်တွေက ခုလို ပြောတာဟာ ဘာကြောင့်ပါလဲ။ မင်းသမီး ဒိုင်ယာနာ ဟာ ဘယ်လို လူမျိုးပါလဲ။ အသက်ရှင်စဉ်မှာ ဘယ်လို အကျိုးပြု လုပ်ငန်းတွေ လုပ်ခဲ့တာပါလဲ။ ဒိုင်ယာနာအကြောင်း တစေ့တစောင်း ပြန်ကြည့်ရအောင်ပါ။

၁၉၆၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ဒိုင်ယာနာဟာ တော်ဝင်မိသားစုနဲ့ နီးစပ်တဲ့ ချမ်းသာကြွယ်ဝတဲ့ အထက်တန်းလွှာ မိသားစုက ဆင်းသက်လာသူပါ။ ၁၉၈၁ ခုနှစ်မှာ အသက် ၂၀ အရွယ် ဒိုင်ယာနာဟာ ဗြိတိန် အိမ်ရှေ့စံမင်းသား ချားလ်စ်နဲ့ လက်ထက်ခဲ့ပြီး သား ၂ ယောက် ထွန်းကားခဲ့ပါတယ်။ ငယ်ရွယ် ချောမော လှပတဲ့ မင်းသမီးလေးနဲ့ အိမ်ရှေ့စံမင်းသား တို့ရဲ့ သာယာပျော်ရွှင်စရာ အချစ်ဇာတ်လမ်းလေး လို့ အပြင်ဘန်းကကြည့်ရင် ထင်ရနိုင်ပေမဲ့ တကယ်တမ်းမှာတော့ မင်းသမီး ဒိုင်ယာနာရဲ့ အိမ်ထောင်သည်ဘဝက ကျေကွဲစရာတွေနဲ့ ပြည့်နေခဲ့ပါတယ်။

ချားလ်စ်မင်းသားဟာ ဒိုင်ယာနာနဲ့ လက်ထပ်ခဲ့ပေမဲ့ သူ့ရဲ့ အချစ်ဦးဖြစ်တဲ့ လက်ရှိ ကြင်ယာတော် Camilla Parker Bowles ကို ပိုပြီး သံယောဇဉ်ထား ဂရုစိုက်ခဲ့လို့၊ အိမ်ထောင်ရေးမှာ အဖုအထစ်တွေ ဖြစ်ခဲ့ရပါတယ်။

ဒီလို အိမ်ထောင်ရေး အဆင်မပြေလို့ ဒိုင်ယာနာဟာ သူ့ကိုယ်သူ သတ်သေဖို့အထိ ကြိုးစားခဲ့တာ ရှိခဲ့သလို၊ အစားအသောက် မမှန်တဲ့ ရောဂါတမျိုးကိုပါ ခံစားခဲ့ရတယ်လို့ ဒိုင်ယာနာအကြောင်း ဖြစ်ရပ်မှန် စာအုပ်ထဲမှာ စာရေးသူ Andrew Morton က ရေးခဲ့ပါတယ်။

အဆုံးမှာတော့ မပြေလည်နိုင်တော့တဲ့ အိမ်ထောင်ရေးကို အဆုံးသတ်ဖို့ ၁၉၉၂ ခုနှစ်မှာ စ လုပ်ခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ ချားလ်စ်မင်းသားနဲ့ တရားဝင် လမ်းခွဲခဲ့ကြပါတယ်။ အဲ့ဒီအချိန်ကစလို့ ပရဟိတ လုပ်ငန်းတွေမှာပဲ သူ့ဘဝကို အပြည့် မြှုပ်နှံခဲ့ပါတယ်။ ဒီလိုဆိုတော့ အိမ်ထောင်ကွဲပြီးမှ လူသားအကျိုးပြု လုပ်ငန်းတွေ လုပ်ခဲ့တာလား ဆိုရင် မဟုတ်ပါဘူး။ ၁၉၈၀ ပြည့်လွန် ကာလတွေကတည်းက မင်းသမီး ဒိုင်ယာနာဟာ အဲ့ဒီအချိန်က လူမှုအသိုင်းအဝိုင်းထဲ ခွဲခြား ဆက်ဆံခံခဲ့ရတဲ့ HIV/AIDS ဝေဒနာသည်တွေကို စာနာ နားလည်ပြီး ကူညီ ဖေးမခဲ့တဲ့သူ ဖြစ်ပါတယ်။ HIV ဗိုင်းရပ်စ်ပိုးအကြောင်း လူတွေ နားလည်လာအောင်၊ ဒီရောဂါပိုး ကူးစက်ခံရသူတွေကို လူမှုအသိုင်းအဝိုင်းက မဖယ်ကြဉ်ဘဲ ကူညီ စောင့်ရှောက်မှုတွေ ပေးလာအောင် ရှေ့ဆောင် လုပ်ပြခဲ့ပါတယ်။ ဒီလို ဆောင်ရွက်မှုတွေကြောင့်ပဲ နှလုံးသားလှသူ တယောက် အဖြစ် သူ့ကို လူတွေက အမှတ်ရနေကြဦးမှာ ဖြစ်တယ်လို့ သတင်းမီဒီယာလုပ်ငန်းတွေ အတွက် ဥပဒေအကျိုးဆောင်ပေးတဲ့ ရှေ့နေ Mark Stephens က ပြောပါတယ်။

"ဒိုင်ယာနာဆိုတဲ့ ပုံရိပ်၊ သူချန်ရစ်ခဲ့တဲ့ ကောင်းမွေတွေက အချိန်တွေ အကြာကြီး ဆက်ရှိနေဦးမယ်လို့ ထင်ပါတယ်။ တချိန်က HIV ရောဂါသည်တွေကို လူတွေ နားမလည်ခဲ့ကြသလို၊ ဘယ်သူကမှ ထိတွေ့ ပြောဆိုတာ မလုပ်ချင်ခဲ့ကြပါဘူး။ လိင်တူ ဆက်ဆံသူတွေကြား ဖြစ်တဲ့ ရောဂါဆိုးတခုလိုပဲ သတ်မှတ်ခဲ့ကြပြီး ရှောင်ကြပါတယ်။ ဒီလို လူတိုင်း ပစ်ပယ်ရှောင်ကြဉ်ကြတဲ့ HIV/AIDS ရောဂါသည်တွေကို ဒိုင်ယာနာက ကိုယ်တိုင် တွေ့ဆုံ ဖေးမခဲ့ပါတယ်။ သူ့ရဲ့ အရင်းနှီးဆုံး မိတ်ဆွေတဦး ဒီရောဂါနဲ့ ဆုံးပါးသွားခဲ့တာကြောင့်လည်း ဒီရောဂါသည်တွေကို သူ ပိုပြီး ကူညီဖေးမခဲ့ပါတယ်။ ဒီရောဂါသည်တွေနဲ့ ပတ်သက်တဲ့ လူမှုအသိုင်းအဝိုင်းရဲ့ အမြင် အတားအဆီးတွေကို သူ ပယ်ဖျက်ခဲ့ပါတယ်။”

တော်ဝင် မိသားစုဝင်တယောက်အဖြစ် ရှိခဲ့ချိန်ကတည်းက လူမှုအသိုင်းအဝိုင်းအတွင်း ပစ်ပယ် ဖယ်ကြဉ်ခံရသူတွေ ဘက်က ရပ်တည်ခဲ့တဲ့ မင်းသမီး ဒိုင်ယာနာဟာ နောက်ပိုင်းမှာလည်း လူသားအကျိုးပြု ပရဟိတ အလုပ်တွေကိုပဲ စောက်ချ လုပ်ကိုင်လာခဲ့သလို၊ ကမ္ဘာတဝန်း အပြစ်မဲ့ ကလေးငယ်တွေ အပါအဝင် လူတွေ အများအပြားကို သေစေတဲ့ မြေမြှုပ်မိုင်းတွေ ရှင်းလင်းရေးလှုပ်ရှားမှုတွေမှာ ဦးဆောင် ပါဝင်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်း အန္တရာယ် အဆိုးဆုံးကြုံရတဲ့ နေရာတခုဖြစ်တဲ့ အာဖရိကတောင်ပိုင်းဒေသ Angola ကို ကိုယ်တိုင် သွားရောက်ခဲ့ပြီး စစ်ပွဲလက်ကျန် မြေမြှုပ်မိုင်းတွေရဲ့ အန္တရာယ်ကို လူတွေ ပိုသိလာအောင်၊ ကမ္ဘာနဲ့အဝန်း မြေမြှုပ်မိုင်း အသုံးပြုမှုတွေ ရပ်တန့်အောင် လှုံ့ဆော်ခဲ့ပါတယ်။ သူ့ရဲ့ ကြိုးပမ်းမှုတွေကြောင့်ပဲ မြေမြှုပ်မိုင်း အသုံးပြုမှုတားဆီးရေး Ottawa သဘောတူညီချက်ကို ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေ လက်မှတ် ရေးထိုးပြဌာန်းတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒါတွေဟာ ဒိုင်ယာနာကို ကမ္ဘာက အသိအမှတ်ပြုခဲ့ရတဲ့ လုပ်ဆောင်မှုတွေပါ။

ဒါကြောင့်လဲ သူ ကွယ်လွန်ခဲ့တာ ၂၅ နှစ်ရှိလာတဲ့ တိုင်အောင် သူ့ကို လူတွေက မေ့လျော့မသွားခဲ့ပါဘူး။ ဒိုင်ယာနာဟာ ဒီကနေ့ခေတ် အမျိုးသမီးတွေအတွက်လည်း လေးစား အတုယူစရာ ပုဂ္ဂိုလ်တဦးပါလို့ ဘယ်လ်ဂျီယံ နိုင်ငံသူ Isaline Gilson ကပြောပါတယ်။

"လူတိုင်း ချီးကျူးရတဲ့ ပုဂ္ဂိုလ်တယောက်လို့ ထင်ပါတယ်။ အမှီအခိုကင်းကင်း ရပ်တည်တဲ့ လွတ်လပ်တဲ့ အမျိုးသမီးယောက်ပါ။ ပြီးတော့ ခေတ်နဲ့အညီ ဖက်ရှင်ကျကျလည်း ဝတ်စား နေထိုင်တယ်။ ဒါတွေက ဒီကနေ့ခေတ် လူငယ် အမျိုးသမီးတွေ အားလုံးအတွက် အတုယူစရာ စံပြပုဂ္ဂိုလ် တယောက်ပါပဲ။”

အထက်တန်းလွှာ တော်ဝင်မိသားစုမှာ နေထိုင်ရသူ ဖြစ်ပေမဲ့၊ အခြေခံလူတန်းစားတွေနဲ့ တသားတည်းရှိမှုကို ပြခဲ့ပြီး လူသားဆန်ဆန် ရပ်တည် နေထိုင်ခဲ့တဲ့ မင်းသမီး ဒိုင်ယာနာဟာ ဆင်းရဲနွမ်းပါးသူတွေ၊ ရောဂါဘယတွေကြောင့် လူမှုအသိုင်းအဝိုင်းအတွင်း ဖယ်ကြဉ်ခံရသူတွေကို သူ့ဘဝတလေ ျှာက် ဖေးမ ကူညီခဲ့ပါတယ်။ ဒါကြောင့်လည်း သူဟာ ကမ္ဘာမှာ လူသိအများဆုံး အမျိုးသမီးတယောက် ဖြစ်ခဲ့ရတယ်လို့ သမိုင်းပညာရှင် Ed Owens က ပြောပါတယ်။

"အင်္ဂလိပ် စကားပြောကမ္ဘာမှာတော့ သူဟာ ဒုတိယမြောက် အယ်လိဇဘက်သ် ဘုရင်မကြီး ပြီးရင် လူသိအများဆုံး အမျိုးသမီးတယောက် ဆိုတာ ကျနော်တို့ မမေ့သင့်ပါဘူး။ သူ့ရဲ့ ပြုမူ နေထိုင်ပုံတွေကြောင့် လူအများရဲ့ ချင်ခင်လေးစားမှု အကြီးအကျယ် ရခဲ့ရာကနေ ကျေကွဲစရာ အဖြစ်ဆိုးနဲ့ အသက် ငယ်ငယ်မှာပဲ ဆုံးပါးသွားရတဲ့အခါမှာတော့ လ ျှံလ ျှံတောက် အောင်မြင်မှုတွေ အားလုံး ရုတ်ချည်း ရပ်သွားခဲ့ရပါတယ်။”

ဒီလို အများချစ်ခင် လေးစားရတဲ့ မင်းသမီး ဒိုင်ယာနာဟာ ကျေကွဲစရာအဖြစ်နဲ့ ဘ၀ အဆုံးသတ်ခဲ့ရရှာပါတယ်။ ချားလ်စ်မင်းသားနဲ့ တရားဝင် ကွာရှင်း ပြတ်စဲခဲ့ပြီးတဲ့နောက်ပိုင် အီဂျစ် သူဌေးသား Dodi Fayed နဲ့ချစ်သူ ရည်းစားဖြစ်ခဲ့တဲ့ မင်းသမီး ဒိုင်ယာနာဟာ ၁၉ ၉ ၇ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့မှာ သူ့ချစ်သူနဲ့အတူ ပြင်သစ် နိုင်ငံ ပါရီမြို့မှာ မတော်တဆ ကားမှောက်ပြီး ကွယ်လွန်သွားခဲ့တာပါ။ ကွယ်လွန်ချိန်မှာ အသက် ၃၆ နှစ်သာ ရှိပါသေးတယ်။ သူတို့အတွဲနောက် တကောက်ကောက်လိုက်ပြီး ဒိုင်ယာနာရဲ့ လှုပ်ရှားမှု အားလုံးကို မှတ်တမ်းယူ သတင်းလုပ်နေကြတဲ့ ပါပါရာဇီ သတင်းသမားတွေကို ရှောင်ကွင်း သွားလာရလို့ အခုလို အဖြစ်ဆိုး ကြုံရတာ ဆိုပြီး ဒိုင်ယာနာရဲ့ မောင် Earl Spencer က မီဒီယာတွေကို ပြစ်တင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မင်းသမီး ဒိုင်ယာနာ ရုတ်တရက် ကားမှောက် သေဆုံးသွားတယ် ဆိုတဲ့သတင်းကတော့ ဗြိတိန်ပြည်သူတွေသာ မက ကမ္ဘာတဝန်းက ပြည်သူတွေ အတွက်ပါ မယုံနိုင်စရာ ဖြစ်ခဲ့ရပါတယ်။ အဲ့ဒီအချိန်က ဗြိတိန်ဝန်ကြီးချုပ် တိုနီဘလဲ က ခုလို ပြောခဲ့ပါတယ်။

"ဒီကနေ့ဟာ ဗြိတိန်နိုင်ငံအတွက် မယုံနိုင်စရာ ဝမ်းနည်းကျေကွဲရတဲ့ နေ့ပါပဲ။ ကျနော်တို့အားလုံး စိတ်ထိခိုက် ကျေကွဲကြရပါတယ်။ သူဟာ တကယ့်ကို နွေးထွေးတဲ့ ချစ်စရာကောင်းတဲ့ လူသားတယောက်ပါ။ သူ့ဘဝမှာ ကျေကွဲစရာတွေ မကြာခန တွေ့ကြုံရပေမဲ့လို့ ဗြိတိန်နဲ့ ကမ္ဘာ တဝန်းက ပြည်သူတွေရဲ့ဘဝတွေ ပျော်ရွှင်ရအောင် ဖေးမ နှစ်သိမ့်ပေးခဲ့ပါတယ်။ ဖျားနာသူတွေ၊ သေလုမျောပါး ဖြစ်နေသူတွေ၊ ကလေးငယ်တွေ၊ အကူအညီ လိုအပ်သူတွေ ကို နည်းမျိုးစုံနဲ့ ဖေးမ ကူညီပေးခဲ့တာတွေ… သူ့ကို ကျနော်တို့ ကြိမ်ဖန်များစွာ သတိရ နေရဦးမှာပါ။”

မင်းသမီး ဒိုင်ယာနာ ကွယ်လွန်တာ ၂၅ နှစ် ရှိပြီ ဖြစ်တဲ့တိုင်အောင် သူ့ကို ချစ်ခင်သူတွေက သူ့အကြောင်း ပြောနေကြဆဲ၊ သူ့အတွက် ဝမ်းနည်း ကျေကွဲနေကြ ဆဲပါ။ ကွယ်လွန်တာ ၂၅ နှစ်ပြည့်တဲ့ သြဂုတ်လ ၃၁ ရက်နေ့က ဗြိတိန်မှာရော၊ ပြင်သစ်မှာပါ သူ့အတွက် အောက်မေ့ဘွယ် အမှတ်တရ လွမ်းသူ့ပန်းခွေ ချသူတွေအများအပြား ရှိခဲ့ပါတယ်။ အများအကျိုးဆောင် ပရဟိတ လုပ်ငန်းတွေကို တစိုက်မတ်မတ် လုပ်ဆောင်ရင်း ပြည်သူတွေရဲ့ ချစ်ခင်လေးစားတာ ခံခဲ့ရတဲ့ မင်းသမီး ဒိုင်ယာနာသာ ခုချိန် ရှိမယ်ဆိုရင်တော့ အသက် ၆၁ နှစ် ရှိပါပြီ။ သူ ကွယ်လွန်သွားပေမဲ့ နူးညံ့တဲ့ သူ့ရဲ့စိတ်ထားနဲ့ အများအကျိုးပြု ဆောင်ရွက်ခဲ့တာတွေကိုတော့ လူတွေက အချိန်အတော်ကြာတဲ့အထိ အလွယ်တကူ မေ့ပျောက်သွားမှာ မဟုတ်ဘူးဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲရပ်နားခွင့်ပြုပါ။ ကျမ ခင်ဖြူထွေးပါရှင်။

********************************************

[Unicode]























XS
SM
MD
LG