သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုန်ဈေးနှုန်း တက်လို့ အခက် ပိုကြုံရတဲ့ စစ်ဘေးသင့် အမျိုးသမီးများ


မြန်မာနိုင်ငံတဝန်း လက်နက်ကိုင် တိုက်ပွဲတွေကြောင့် ပြည်တွင်းမှာပဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေဟာ စားသောက်ကုန်ဈေး ဆက်တိုက် တက်တာနဲ့ ရာသီဥတု ဆိုးရွားတဲ့ အခြေအနေတွေ အောက်မှာ စားဝတ်နေရေး အခက်အခဲ ပိုပြီး ကြုံတွေ့နေရတယ်လို့ စစ်ဘေးဒဏ်သင့် အမျိုးသမီးတွေနဲ့ သူတို့ကို ကူညီပေးနေသူတွေက ပြောပါတယ်။

[Zawgyi/Unicode]

မြန်မာနိုင်ငံတဝန်း လက်နက်ကိုင် တိုက်ပွဲတွေကြောင့် ပြည်တွင်းမှာပဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေဟာ စားသောက်ကုန်ဈေးတွေ ဆက်တိုက် တက်လာနေတာနဲ့ ရာသီဥတု ဆိုးရွားတဲ့ အခြေအနေတွေ အောက်မှာ စားဝတ်နေရေး အခက်အခဲ ပိုပြီး ကြုံတွေ့နေရတယ်လို့ စစ်ဘေးဒဏ်သင့် အမျိုးသမီးတွေနဲ့ သူတို့ကို ကူညီပေးနေတဲ့ အမျိုးသမီးတွေက ပြောပါတယ်။ ဒီလို အခက်အခဲတွေကြား စစ်ပြေးဒုက္ခသည် အမျိုးသမီးတွေ ဘယ်လို ရင်ဆိုင် ဖြတ်သန်းနေကြရပါလဲ။ ခုချိန်မှာ သူတို့ ဘာကို အဓိက လိုလားတောင့်တ နေကြပါလဲ။ သူတို့ကို ကူညီပေးနေသူတွေအတွက်ရော ဘယ်လို စိန်ခေါ်မှုတွေ ရှိနေပါလဲ။ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ပြထားပါတယ်။

မြန်မာနိုင်ငံတဝန်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်တွင်းမှာပဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ IDP ဒုက္ခသည် ၁ သန်း ၃ သိန်းနီးပါး ရှိပြီး ဒီအထဲမှာ ၁ သန်းနီးပါးက ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းမှု နောက်ပိုင်း အိုးအိမ်မဲ့ ခဲ့ရသူတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာရုံး UNOCHA က စက်တင်ဘာလ ၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ ဒီအထဲမှာ အများစုက အမျိုးသမီးနဲ့ ကလေးငယ်တွေပါ။

စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ဒေသခံ ကာကွယ်ရေး လက်နက်ကိုင်တပ်ဖွဲ့ PDF တွေနဲ့ စစ်ကောင်စီ တပ်ဖွဲတွေကြား အပြန်အလှန် တိုက်ခိုက်မှုတွေ နေရာဒေသ အတော်များများမှာ ပိုစိပ်လာသလို၊ တိုက်ပွဲတွေကြား အိုးအိမ် စွန့်ခွာ ထွက်ပြေးရသူတွေလည်း တနေ့တခြား ပိုပြီး များလာနေပါတယ်။ တိုက်ပွဲတွေ ပို ပြင်းထန်လာတဲ့ တချိန်တည်းမှာ ရာသီဥတု ဆိုးရွားတဲ့ဒဏ်နဲ့ ကုန်ဈေးနှုန်း ဆက်တိုက် တက်လာနေတာကိုပါ တပြိုင်တည်း ကြုံရတဲ့အခါ စားဝတ်နေရေး အများကြီး ပို ခက်ခဲလာတယ်လို့ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် အတွင်း အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရတဲ့ မသင်းသင်းမာ က ပြောပါတယ်။

“အရင်ကလို စားချင်သလို စားလို့မရဘူးလေ။ ကိုယ်ပါလာတာလေးတွေလည်း ကုန်သွားမှာစိုးတော့ မျှပြီးတော့ ချွေတာပြီးတော့ စားနေရတာပေါ့။ ကုန်ဈေးနှုန်းတွေကလည်း အရမ်း တက်တာလေ။ ရွာတွေ အိမ်တွေကလည်း မီးလောင်ဆိုတော့ ဘာမှကိုမရှိ အကုန် လက်မဲ့ကို ဖြစ်နေတာ။ အစားအသောက် ကတော့ ပါတဲ့ဟာလေးတွေနဲ့ တယောက်နဲ့တယောက် မျှပြီးတော့ ဝေခြမ်းပြီးတော့ စားနေရတာပေါ့။ လူတွေက ကျန်းမာရေးကလည်း ချို့တဲ့နေတာလေ။ အကုန်လုံးကလည်း ဖျား၊ ဆေးဝါးတွေ ကအစ အားကိုးနေရတဲ့ ဆေးဆိုင်လေးတွေကလည်း မီးရှို့ခံရတဲ့အထဲ ပါသွား ဆိုတော့။ ဆေး ဝယ်သောက်စရာလည်း မရှိ။ ခန္ဓာကိုယ်တွေ နှုံးချိနေကြတာပဲ။ မိုးတွေကလည်း ရွာ၊ ရေတွေကလည်း တက်။ နေစရာကလည်း မရှိ၊ ပြေးစရာ နေရာကလည်း မရှိ အဲ့ဒီလိုကို ဖြစ်နေတာ ဒီဘက်မှာက။”

ပြီးခဲ့တဲ့ သြဂုတ်လထဲမှာပဲ သူတို့ နေထိုင်တဲ့ရွာ တခုလုံး မီးရှို့ဖျက်စီးခံရပြီး တရွာလုံး အိုးအိမ်ပစ် ထွက်ပြေးခဲ့ရတာလို့လည်း မသင်းသင်းမာ က ပြောပြပါတယ်။

“စ စချင်းတုန်းကတော့ ဘေးနားကရွာကို လေယာဉ်နဲ့ ပစ်ဝင်တာ။ ဘေးနားက ရွာကနေမှ ကျမတို့ရွာကို ခြေလျင် စစ်ကြောင်းထိုး ဝင်တာပေါ့။ စစ်ကြောင်းထိုးပြီး ရွာမှာ တညအိပ်။ ရွာကရှိတဲ့ ဝက်တွေ ကြက်တွေကို သတ်စား တညအိပ်ပြီးတော့မှ နောက်တနေ့ မနက် ၈ နာရီလောက် ကျတော့ ရွာကို မီးရှို့တယ်။ အဲ့ဒီအခါကျတော့ အကုန်လုံး ထွက်ပြေးခဲ့ရတာပေါ့။ ရွာထဲမှာ ဘယ်သူမှ မနေရဲတော့ဘူး။ အသက်ကြီးတဲ့သူတွေရော၊ ကလေးတွေရော ဝရုန်းသုန်းကားနဲ့ အကုန်လုံး ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ရတာ။ ထွက်ပြေးရတော့လည်း မိုးတွေကရွာ၊ စစ်ရှောင်နေတဲ့ နေရာမှာ တဲလေးတွေနဲ့ ခိုကပ်ပြီး မိုးရေကြားထဲ နေရတာ။ အဲ့လိုနေရပြီးတော့မှ သူတို့က စစ်ရှောင်တွေရဲ့ တဲ့တွေကို ဝိုက်ပြီးတော့လိုက်။ လိုက်ပြီးတော့မှ လူတွေကိုဖမ်း။ သေနတ်တွေနဲ့ပစ် သူတို့က အဲ့ဒီလို လုပ်တာ။ အဲ့လို လုပ်တဲ့အခါ ကျတော့ အဲ့နေရာမှာ မလုံခြုံတဲ့အခါ တခါ ပြန်ပြီးတော့ မိုးတွေ လေတွေကြားထဲမှာ ဖိနပ်လည်း မစီးရဘူး။ ပြေးနေရတာ။ တအားပြေးရတာ။ မနေ့က အထိ ပြေးနေရတုန်းပဲ။ နေရတာက မြစ်ကမ်းဘေး ဆိုတဲ့အခါကျတော့ မြစ်ရေတွေကတက်၊ သွားစရာနေရာကမရှိ၊ မိုးတွေကရွာ၊ ရေတွေကတက်၊ ရေတွေကလျှံ။ ပြည်သူတွေ ကတော့ အကုန်လုံးပဲ ဒုက္ခတွေ အကြီးအကျယ် ရောက်တာပေါ့နော်။”

စစ်ကိုင်းတိုင်း ကျွန်းလှနဲ့ ကောလင်းနယ်အစပ်က ကျေးရွာတွေကို ပြီးခဲ့တဲ့ သြဂုတ်လ ကုန်ပိုင်းလောက်က စပြီး စစ်ကောင်စီက လေကြောင်း ကနေ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်နေပြီး ကျေးရွာတွေ မီးရှို့ဖျက်စီးခံရတာ ရှိတယ်လို့ ဒေသခံတွေက ပြောပေမဲ့ စစ်ကောင်စီ ဘက်ကတော့ ဒါကို အစဉ်တဆက် ငြင်းဆိုထားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေ ကတော့ နေ့စဉ် တိုးလာနေပြီး စစ်ကောင်စီလက်အောက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဌာနက ကူညီ ထောက်ပံ့ပေးနေတာတွေ ရှိမရှိ သိရအောင် ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်း ပြန်လည် ဖြေကြားခြင်း မရှိပါဘူး။ လတ်တလောမှာတော့ ဒုက္ခသည်တွေကို တနိုင်တပိုင် ကူညီပေးနေသူတွေ ရှိပေမဲ့ လုံလောက်မှု မရှိဘူးလို့ မြောင်မြို့နယ်ဘက်မှာ စစ်ပြေး ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ မအမရာက ပြောပါတယ်။ ဒီလို မလုံလောက်တဲ့ ကြားမှာကိုပဲ ကုန်ဈေးနှုန်းတွေ ထိုးတက်သွားတဲ့အခါ စစ်ပြေးဒုက္ခသည်တွေ ထမင်း တနပ် လျှော့စားရတဲ့အထိ ဖြစ်လာတယ်လို့ သူက ပြောပြပါတယ်။

“မြို့နယ် အနေအထားအရ ကြည့်မယ်ဆိုရင် ရိက္ခာ လုံလောက်မှုတော့ မရှိဘူး။ ကုန်ဈေးနှုန်းအားဖြင့်ကလည်း အရင်က ချဉ်ပေါင်တစည်းမှ ၁၀၀ ပေးရင် မိသားစု ၁၀ ယောက် အေးဆေး စားလို့ရတဲ့အနေအထားမျိုး။ အခုဟာက ၃၀၀ ဖိုးကိုတောင် လူ ၁၀ ယောက် စားဖို့မလုံလောက်နေဘူး။ ကုန်ဈေးနှုန်းတွေ အဆမတန် ထိုးတက်သွားတဲ့ အခါကျတော့။ လက်ရှိ အနေအထားမှာဆိုရင် ဒီ ၅ လပိုင်းလောက်က စပြီး စစ်ကောင်စီ အကြမ်းဖက်သမားတွေက မြို့နယ်တွင်းမှာ မီးရှို့တဲ့အခါ အိုးမဲ့အိမ်မဲ့ ဖြစ်ရတာ၊ စစ်ကြောင်းတွေ ထိုးလာတဲ့အခါ ပြေးရင်းလွှားရင်းနဲ့ စားဝတ်နေရေးက မပြေလာတဲ့ ပြဿနာတွေ ရှိလာတယ်။ ရှိလာတဲ့အခါ ဘယ်လိုပုံစံမျိုးနဲ့ ဖြေရှင်းနေရလဲ ဆိုတော့ လက်ရှိကတော့ ပြည်တွင်းပြည်ပကနေ စစ်ဘေးရှောင်တွေအတွက် အကူအညီပေးတာ၊ သူတို့ဆီကို စားနပ်ရိက္ခာလေးတွေ လှူချင်ဒါန်းချင်ပါတယ် ဆိုတဲ့ အနေအထားလေး တခုလေးနဲ့ပဲ ဖြေရှင်းလို့ရနေတာ။

နောက်တခုက ဥပမာ - နဘက် ရွာကို စစ်ကြောင်း ထိုးတယ်ဆိုရင် နဘက်ကျေးရွာ ပတ်ဝန်းကျင်မှာရှိတဲ့ ရွာ နှစ်ရွာ လောက်ကပါ စစ်ဘေးရှောင်ရတဲ့ ပြဿနာကို ကြုံရတယ်။ ဘာလို့လဲ ဆိုရင် စစ်ကောင်စီ အကြမ်းဖက်သမားတွေက ကာလုံ လက်နက်အင်အားတွေနဲ့ လက်နက်ကြီးတွေနဲ့ ပစ်တဲ့အခါကျတော့ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ ဆိုတဲ့ အနေအထားနဲ့ တခြား ရွာတွေကပါ ရှောင်ရတယ်။ အဲ့ဒီတော့ တခြားရွာတွေကို ရှောင်ကြတဲ့ အခါကျတော့လည်း အဲ့ဒီ တခြား ရွာတွေမှာ ရှိနေတဲ့ ပြည်သူတွေကလည်း မီးဘေးသင့် ခံထားရတဲ့ ပြည်သူတွေ၊ အိုးမဲ့အိမ်မဲ့ ဖြစ်နေတဲ့ ပြည်သူတွေ ဖြစ်နေပြန်ရော။ ဆိုတော့ အစားအသောက် အားဖြင့် လုံလောက်မှု ရှိမနေဘူး။ ဒီလို ရှိမနေတဲ့အချိန်မှာ ကုန်ဈေးနှုန်းကလည်း တက်သွားတဲ့အခါ သူတို့အတွက် စားဝတ်နေရေးက အဆင်မပြေတော့ဘူး။ ငတ်တလှည့် ပြတ်တလှည့်နဲ့ အရင်က တနေ့ နှစ်ထပ် စားရရင် အခု တထပ်တောင် အနိုင်နိုင် စားရတဲ့ အခြေအနေမျိုးအထိ စစ်ဘေးရှောင်တွေ ကြုံနေရတာ ရှိပါတယ်။”

မြန်မာနိုင်ငံမှာ အရင်ကတည်းက ရှိနေခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေ၊ ဒုက္ခသည်တွေကို ကုလသမဂ္ဂ လူသားချင်းစာနာမှု အဖွဲ့တွေက ကူညီပေးနေတာတွေ ရှိပေမဲ့၊ လောလောလတ်လတ် အိုးအိမ်စွန့် ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေ အတွက်တော့ အကူအညီတွေက မရသလောက် ဖြစ်နေတာပါ။

အကူအညီတချို့ ရတဲ့ ဒုက္ခသည်တွေကြားမှာလည်း လတ်တလော ကုန်ဈေးနှုန်း အဆမတန် တက်သွားတဲ့အခါ အခက်အခဲ ကြုံရတယ် ဆိုပြီး ရခိုင်ပြည်နယ် ကျောက်တော် ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ မအေးအေးခိုင်က ပြောပြပါတယ်။

“အခြေအနေကတော့ ဒီလိုပဲ စားဝတ်နေရေး ကတော့ အဆင်မပြေဘူး။ အရင်နဲ့မတူတဲ့ အပြောင်းအလဲက အရင်တုန်းကဆိုရင် အစ်မရယ် ကျမတို့လူမျိုးက တနေ့ ထမင်း ၃ နပ်စားတဲ့သူတွေလေ။ အခုဆိုလို့ရှိရင် နှစ်ထပ်ပဲ စားရတော့တယ်။ အဲ့ဒါတောင် ငါးတွေဘာတွေ မစားရတော့ဘူး။ တခါတလေမှပဲ။”

သူတို့ မိသားစုကတော့ စစ်တပ်အာဏာသိမ်းမှု မတိုင်ခင် နှစ်အတော်ကြာကတည်းက ရခိုင်ပြည်နယ် မြောက်ပိုင်း စစ်တပ် နယ်မြေရှင်းလင်းမှုတွေ အတွင်း ကျေးရွာတွေ အများအပြား မီးရှှို့ဖျက်စီး ခံခဲ့ရချိန်ကတည်းက ရွာကနေ ထွက်ပြေးပြီး ကျောက်တော် ဒုက္ခသည်စခန်းမှာ နေထိုင်နေတာပါ။ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်နေချင်ပေမဲ့ လောလောဆယ် ဒုက္ခသည်စခန်းထဲမှာ နေတာက ပိုပြီး လုံခြုံတာမို့ အခက်အခဲတွေ ကြားကပဲ ဒုက္ခသည်စခန်းမှာ ဆက်နေဖြစ်တယ်လို့ လည်း မအေးအေးခိုင်က ပြောပါတယ်။

“ရွာမှာထက် ဒီစခန်းထဲမှာကတော့ လုံခြုံတာ ပိုခံစားရတာပေါ့နော်။ ကလေးအတွက် ပညာရေး၊ ကျန်းမာရေး စခန်းထဲမှာက အကုန် ပြည့်စုံတယ်။ ဆရာမ ဆရာတွေနဲ့လည်း ဖုန်းဆက် ဆက်သွယ်လို့လည်း ရတယ်။ အဆက်အသွယ်လည်း မပြတ်ဘူး။ ကိုယ့်ကိုယ်ကို လုံခြုံတယ်လို့ ခံစားရတယ်။ ရွာမှာဆိုရင် မလုံခြုံဘူး။ ဖုန်းလိုင်းတွေလည်း မရှိဘူး။ ကားလမ်းလည်း မရှိဘူး။ တောမှာပဲ နေရတော့ မလုံခြုံသလို ခံစားရတယ်။”

အခုဆိုရင် နေရာဒေသ အတော်များများမှာ လက်နက်ကိုင် တိုက်ပွဲတွေ ပိုမို ပြင်းထန်လာတာနဲ့အမျှ စစ်ပြေး ဒုက္ခသည်တွေ အတွက် ကတော့ စားဝတ်နေရေး အခက်အခဲထက် အသက်ရှင်ခွင့်ရဖို့က ပိုပြီးတော စိုးရိမ်စရာ ဖြစ်နေတယ်လို့ မြောင်မြို့နယ်တွင်း စစ်ဘေးသင့် ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ မအမရာကလည်း ပြောပါတယ်။ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ အတွက် လုံခြုံရေး အခက်အခဲ ပိုဆိုးတယ်လို့ သူက ပြောပါတယ်။

“လက်ရှိ အခြေအနေအားဖြင့်က ရိက္ခာ ဆိုတာထက် ဘေးကင်းလုံခြုံဖို့က ပိုပြီး အခက်အခဲ ကြုံနေရတယ်။ အထူးသဖြင့် အမျိုးသမီးတွေ အတွက်ပေါ့။ စစ်ခွေးတွေက နေ့ခင်းဘက်မှာငြိမ်နေ ပြီးတော့မှ ဥပမာ ရွာတရွာထဲကို ဝင်ထားပြီဆိုရင် အဲ့ဒီရွာကို မီးတင်ရှို့တဲ့ ကိစ္စရပ်မျိုးတွေ။ နေ့ခင်းဘက်မှာ ရွာတရွာကို တပ်စွဲထားတယ်။ ညဘက်မှာ စစ်ကြောင်းတွေ ဝင်လာတာတွေ ရှိတယ်ဆိုရင် အထူးသဖြင့် အမျိုးသမီးတွေ၊ ကလေးငယ်တွေ ရှောင်တိမ်းဖို့ကျတော့ အဆင်မပြေနိုင်ဘူး။ ရှောင်တိမ်းရတဲ့ အခါမှာလည်း သူတို့အတွက် လုံခြုံ စိတ်ချရမှု ဆိုတာက အပြည့်အ၀ မရနိုင်ဘူး။ နောက်တခုက ကလေးသူငယ်တွေ ပါနေတဲ့အခါကျတော့ ဒီကလေးသူငယ်တွေ ဆိုတာ သူတို့ကိုယ်သူတို့ လွတ်မြောက်ရာ ပြေးထွက်နိုင်ဖို့ အခြေအနေမျိုး မဖန်တီးနိုင်တဲ့ အခါကျတော့ အမျိုးသမီးနဲ့ ကလေးငယ်တွေ အတွက် ဘေးကင်း လုံခြုံရေးက ပိုပြီးတော့ အရေးပါပြီး ပို အခက်အခဲဖြစ်တယ်လို့ ထင်ပါတယ်။”

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းခဲ့တာ တနှစ်ခွဲကျော် ကြာလာတဲ့အချိန် နိုင်ငံရေးအရ ဖိနှိပ်မှုတွေ နဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ပို များလာနေတဲ့ တချိန်တည်းမှာ ငွေကြေး ဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်တာလို စီးပွားရေး အကျပ်အတည်းတွေ ကလည်း တနေ့တခြား ပိုပြီး ဆိုးလာနေတာပါ။ ဒီလို အခြေအနေအောက်မှာ ပြည်သူတွေ အတွက် အခက်အခဲတွေကတော့ တနေ့တခြား မရိုးနိုင်အောင် ကြုံနေရသလို၊ ဒီအထဲမှာမှ စစ်ပြေး ဒုက္ခသည်တွေရဲ့ အခက်အခဲ ကတော့ ပိုပြီး ဆိုးပါတယ်။ ခုချိန်မှာ အကူအညီတချို့ ရဖို့ မျှော်လင့်သလို၊ ဖြစ်နိုင်ရင်တော့ နေရပ်ပြန်ပြီး အေးအေးချမ်းချမ်း နေချင်ပြီလို့ မသင်းသင်းမာ က ပြောပါတယ်။

“ခုချိန် ဘာဖြစ်ချင်တာလဲ ဆိုရင်တော့ ကူညီပေးမယ့်သူလေးတွေကိုတော့ မျှော်နေမိတာပေါ့။ ကူရာမဲ့ ဖြစ်နေတဲ့ဘ၀ ဆိုတော့လေ။ ရှေ့ဆက်ပြီး ဘယ်လိုအားတင်းပြီး ဘယ်လိုနေရမလဲ ဆိုတာကြီးကိုတော့ အဲ့လောက်ကြီး တွေးတောင်မတွေးရဲဘူးပေါ့။ မစဉ်းစားကို မစဉ်းစား တတ်တော့ဘူး ဆိုတာမျိုး ဖြစ်နေတာ။ အခုလို ပြေးလွှားပြီး နေရတာကိုက တော်တော်လေးကို ဒုက္ခဖြစ် စိတ်ဆင်းရဲနေရတာ ဆိုတော့ မြန်မြန် ပြီးချင်ပြီ။ မြန်မြန်လည်း ငြိမ်းချမ်း ချင်ပြီ။ ကိုယ့်ရပ် ကိုယ့်ရွာလေးမှာပဲ ဖြစ်သလိုလေးပဲ တဲကလေးတွေ ထိုးပြီးတော့ ကိုယ့်နေရာလေးမှာပဲကိုယ် ပြန်နေချင်တဲ့ဆန္ဒပဲ ရှိတာ။ အဲ့ဆန္ဒလေးတော့ ဖြစ်တာပေါ့။”

ဘယ်သူကမှတော့ ကိုယ့်အိုးကိုယ့်အိမ်ကို ပစ်ပြီး ခိုကိုးရာမဲ့ ဒုက္ခသည်ဘ၀ မရောက်ချင်ကြပါဘူး။ ဒါပေမဲ့ လက်နက်အာဏာသုံး ဖိနှိပ်မှုတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေသ၍ကတော့ စစ်ပြေး ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ဆိုတာ မဖြစ်နိုင်သလို၊ တိုင်းပြည် ငြိမ်းချမ်းရေး အလှမ်းဝေး နေဦးမယ်ဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့် ပြုပါရှင့်။ ကျမ ခင်ဖြူထွေးပါရှင်။

======================================

[Unicode]






















XS
SM
MD
LG