သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေး


၂၀၁၉ ခုနှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့အတူ သမ္မတအိမ်ဖြူတော်မှာတွေ့ရတဲ့ ဒေါက်တာ ဒေါက်တာခလမ်ဆမ်ဆွန် (အလယ်-အင်္ကျီအဖြူ) (ဇူလိုင် ၁၇၊ ၂၀၁၉)
၂၀၁၉ ခုနှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့အတူ သမ္မတအိမ်ဖြူတော်မှာတွေ့ရတဲ့ ဒေါက်တာ ဒေါက်တာခလမ်ဆမ်ဆွန် (အလယ်-အင်္ကျီအဖြူ) (ဇူလိုင် ၁၇၊ ၂၀၁၉)

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းပိုင်းက ဖမ်းဆီးခံရတဲ့ ကချင်နှစ်ခြင်းအသင်းတော်(KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးပါတယ်။ သူ့ကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)၊ နဲ့ တပ်မတော်ကြည်ညိုပျက်ပြားအောင်လုပ်ဆောင်မှု ၅၀၅-က နဲ့ တရားရုံးတင်စွဲဆိုထားတယ်လို့သိရပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်း မဆုမွန်က ပြောပြပါမယ်။

ဒီဇင်ဘာ ၅ ရက် မနက် ၉ နာရီခန့်က ထိုင်းနိုင်ငံကို ဆေးသွားကုဖို့ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်‌မှာ၊ ဒေါက်တာခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တာပါ။ ဒီနေ့မှာတော့ ထောင်တွင်းမှာပဲ ရုံးထုတ်ခဲ့ပြီး၊ ပုဒ်မနှစ်ခုနဲ့ စွဲဆိုထားတယ်လို့ မိသားစုနဲ့နီးစပ်သူတဦးက ဗွီအိုအေကို ပြောပါတယ်။

"ဒီနေ့ကတော့ ထောင်ထဲမှာပဲ ထောင်ထဲမှာရုံးထုတ်တယ်။ တရားသူကြီးနဲ့တွေ့တယ်။ ရှေ့နေတွေနဲ့ တွေ့တယ်။ ဒီနေ့တော့မစစ်ဘူး ရမန်ယူတာပေါ့၊ နောက် ၁၃ရက်နေ့ကိုပြန်ချိန်းထားတယ်။ အဲနေ့မှ အမှုစစစ်မယ်ပြောတယ်။ ဒီနေ့ပြောတာက ၁၇/၁ ရယ် ၅၀၅-က ရယ် ၂မှုပေါ့နော်။ တရားလိုက ဘယ်နှယောက်လဲတော့မသိဘူး အဲဒါမသိသေးဘူး။ တခါထဲစစ်မလား တခုနဲ့ တခုစစ်မလားတော့ ခုမပြောတတ်သေးဘူး။"

ကချင်လူထုအကြား ဩဇာတိက္ကမကြီးမားတဲ့ ဒေါက်တာခလမ်ဆွမ်ဆွန်ကို မြစ်ကြီးနားထောင်မှာ ချုပ်နှောင်ထားတာပါ။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က အရာရှိတဦးက တရားလိုပြုလုပ်ပြီး ဒီဇင်ဘာ ၂၈ ရက်နေ့က မြစ်ကြီးနားရဲစခန်းမှာ ပုဒ်မ ၁၇ (၁) နဲ့ ကနဦး အမှုဖွင့်ခဲ့ပါတယ်။

ဖမ်းဆီးခံရပြီးနောက် ဒေါက်တာခလမ်ဆမ်ဆွမ်ကို တရားစွဲဆိုဖို့ ပြင်ဆင်နေပြီလို့ ကချင်ပြည်နယ်အာဏာပိုင်တွေက KBC တာဝန်ရှိသူတွေကို ခေါ်ပြောခဲ့ပေမယ့် အခုလို တရားရုံးတင် စွဲဆိုလိုက်တယ်ဆိုတာကိုတော့ မိသားစုတွေကိုရော KBC ကိုပါ တရားဝင် အကြောင်းကြားတာမရှိခဲ့တာမရှိခဲ့ပါဘူး။ ဒီကနေ့ရုံးချိန်းမှာလဲမိသားစုဝင်တွေနဲ့ တွေ့ခွင့်မရခဲ့ပါဘူး လို့နီးစပ်သူကပြောပါတယ်။

"မိသားစုတွေနဲ့တွေ့ခွင့်မရသေးဘူး။ အဝေးကနေတော့တွေ့ရတယ်။ ဖြတ်သွားဖြတ်လာ အဲလိုတော့ တွေ့လိုက်ရတယ်။ လောလောဆယ်တော့ ဘာမှတော့မပြောနိုင်သေးဘူး။ ဘယ်လိုဖြစ်လာမလဲ မသိသေးဘူး။ ရုံးချိန်းတခါမှမစစ်သေးတော့လေ။ ကျနော်တို့တပ်အပ်မပြောနိုင်သေးဘူးပေါ့"

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ KIA ဌာနချုပ်ရှိရာ လိုင်ဇာသို့သွားရောက်ပြီး KIA ထိပ်သီး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာကြောင့် ဖမ်းဆီးအရေးယူခံရတာလို့ နီးစပ်သူတွေက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်ကို မေးမြန်းပေမယ့် ပြန်လည်ဖြေဆိုတာတော့ မရှိပါဘူး။

KBC ဘက်ကတော့ ဆရာတော်လွတ်မြောက်ရေးအတွက် ကော်မတီတရပ်ဖွဲ့ပြီးနောက်၊ ဆရာတော်နဲ့တွေ့ခွင့်ရရေး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဘက်ကို စာပို့ထားပေမယ့် ခုချိန်ထိ အကြောင်းပြန်တာမရှိခဲ့ဘူးလို့ KBC တာဝန်ရှိသူတဦးက ပြောပါတယ်။

သိက္ခာတော်ရဆရာ ဒေါက်တာ ခလမ်ဆမ်ဆွမ် ဟာ KBC ရဲ့ အထွေထွေအတွင်းရေးမှုးချုပ်နဲ့ ဥက္ကဋ္ဌ တာဝန်တွေကို ယူခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလက ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် "KBC ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်" အဖြစ် ခန့်အပ်ခံရပါတယ်။

လူနည်းစုတိုင်းရင်းသားတွေအပေါ် မြန်မာစစ်တပ်က ဘာသာရေး လွတ်လပ်ခွင့် ဖိနှိပ်မှုနဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အမေရိကန်ပြည်ထောင်စုအိမ်ဖြူတော်မှာ ကိုယ်တိုင်သွားရောက် တင်ပြခဲ့သူလည်းဖြစ်ပါတယ်။ အဲဒါအတွက်လည်း အဲဒီအချိန်တုန်းက သူ့ကို မြန်မာစစ်တပ်က တရားစွဲဆိုခဲ့ဖူးပြီး နောက်ပိုင်း အမှုရုတ်သိမ်းပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန် ဒီဇင်ဘာလဆန်းမှာ ထပ်မံဖမ်းခံရပြီးနောက် ဒေါက်တာခလမ်ဆွမ်ဆွန်ကို ပြန်လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ တောင်းဆိုတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ နက်ဒ်ပရိုက်စ် (Ned Price) ကလည်း တွစ်တာလူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode]













XS
SM
MD
LG