သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ကြီးကျလို့ ကရင်ရွာသားတချို့ သေဆုံး ဒဏ်ရာရ 


ကော့ကရိတ် မြို့
ကော့ကရိတ် မြို့

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး KNLA တပ်၊ ကော်သူးလေတပ်၊ ပြည်သူ့ကာကွယ်ရေးတပ် စစ်ကြောင်းတွေကြား အပြန်အလှန်တိုက်ပွဲတွေဖြစ်နေတာမှာ ဒီနေ့မှာတော့ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက်ကို ပစ်ခတ်လို့ ရွာသားတွေထိခိုက်ခဲ့ပါတယ်။ ကျေးရွာ ၅ ရွာလောက် လက်နက်ကြီးတွေကျလို့ တချို့ရွာတွေ မီးလောင်ကျွမ်းခဲ့ပါတယ်။ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာ ဆက်ပြီးပြောပြပါလိမ့်မယ်။

ကရင်ပြည်နယ်ထဲမှာ စစ်ကောင်စီနဲ့ KNLA တပ်၊ ကော်သူးလေတပ်၊ PDF တပ်စစ်ကြောင်းတွေကြား တိုက်ပွဲတွေဖြစ်နေတဲ့ ကော့ကရိတ်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်တွေအတွင်း တိုက်ပွဲတွေဖြစ်နေတဲ့နေရာတွေနားက ကျေးရွာတွေအပေါ် စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ဒေသခံတချို့ သေဆုံးဒဏ်ရာရခဲ့ပါတယ်။ ဒီရက်ပိုင်းအတွင်း ရွာ ၅ ရွာထက်မနည်းမှာ လက်နက်ကြီးကျလို့ မီးတွေ လောင်ကျွမ်းခဲ့သလို၊ တချို့ရွာတွေလည်း မီးရှို့ခံခဲ့ရပါတယ်။ မောင်းမကျေးရွာအုပ်စု သာယာကုန်းရွာမှာလည်း မနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့က လက်နက်ကြီးကျ ပေါက်ကွဲတာကြောင့် ကလေးငယ်တဦး အပါအဝင် သေဆုံးဒဏ်ရာရမူတွေရှိနေတယ်လို့ ဒေသခံတဦးက ပြောပြပါတယ်။

"အခုလောလောဆယ်ကမ်းနီ မိဂလုံ၊ကော့ကျိုက်၊ ကျောက်ဖျာအဲဒီနေရာမှာမီးတွေရှို့ပြီး ဒီအတိုင်းထားခဲ့တယ် အဲဒီမှာ လက်နက်ကြီး ကျည်ဆံတွေလည်းရှိတယ် မိုင်းတွေလည်းရှိတယ်၊ ရွာသားတွေလည်းတယောက်မှ ရွာတွေကိုမပြန်ရဲဘူး၊ အရပ်သားတွေလည်း သေတယ်လေ အရပ်သား၂ယောက်သေတယ်ကလေးတယောက်ပါတယ်။ လက်နက်ကြီးမှန်တာလည်းတယောက်ရှိတယ်။ ဒီနေ့ ပေါက်ကွဲတဲ့ဖြစ်စဉ်မှာ အရပ်သား၃ယောက်လည်းဒဏ်ရာရတယ် ဒီနေ့ကျတော့ ဂျိန်းဂွမ်းဆိုပြီအသံကြားတော့ရွာသားက ပြန်ပြေးလာရတာပေါ့ လက်နက်ကြီးနဲ့ ခနခန ပစ်နေတာပေါ့ တချို့စစ်သားအလောင်းတွေရှိတယ် သူတို့လည်းမကောက်သွားဘူး ဒီဘက်ကလည်းသွားမကောက်ရဲဘူးအရပ်သားတွေကြားထဲမှာပဲ"

မနေ့က သာယာကုန်းကျေးရွာအပေါ် လက်နက်ကြီးကျ ပေါက်ကွဲမှုမှာ ကလေးတဦးသေဆုံးတဲ့အပြင် ကလေး၂ ဦးကတော့ ဒဏ်ရာတွေပြင်းထန်စွာရခဲ့ပါတယ်၊ စစ်တပ်ရဲ့ ပစ်ခတ်မှုတွေကြောင့် တောတောင်တွေထဲ တိမ်းရှောင်နေရတဲ့ ရွာသားတွေဟာ အစားအသောက်တွေ လိုအပ်နေကြပါတယ်။ KNU ဘက်က အကူညီတွေပေးဖို့လုပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

"စစ်ဘေးရှောင်တွေအတွက် KNUဗဟိုကနေ ဒီနေ့မဟုတ်ရင်မနက်ဖန်ကျရင်တော့ ရိက္ခာတွေရောက်မယ်ပြောတယ်"

အခုဆိုရင် ကော့ကရိတ်မြို့နယ်ထဲက တိုက်ပွဲတွေဖြစ်ခဲ့တဲ့ကျေးရွာတွေမှာ မပေါက်ကွဲသေးတဲ့ကျည်ဆံတွေ စစ်ပွဲအတွင်း ထောင်ထားခဲ့တဲ့မိုင်းတွေရှိနေတာကြောင့်ဒေသခံတွေဟာရွာတွေထဲကို ပြန်မလာရဲ ကြဘူးလို့လည်းပြောပါတယ်။ တိုက်ပွဲတွေရပ်နားချိန်ဒေသခံတွေက ကိုယ့်ရွာကိုပြန်လာချိန်မှာပဲ အခုလိုမျိုးလက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတာ မပေါက်ကွဲသေးတဲ့ဗုံးတွေပေါက်နေတာတွေကိုကြုံခဲ့ကြရတာပါ၊ အခုဆိုရင် ကော့ကရိတ်မြို့နယ်ထဲမှာ ဇန်နဝါရီလ၂၀ လောက်စပြီး တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတာကြောင့် ဒေသခံတွေ အိုးအိမ်စွန့်ခွာ တောတောင်တွေထဲ ပုန်းရှောင်နေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode]








XS
SM
MD
LG