သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီကိုပြတ်သားစွာအရေးယူဖို့ မြန်မာသံအမတ်ကြီးတိုက်တွန်း


Dame Barbara Woodward, Britain Ambassador to UN and Myanmar Ambassador U Kyaw Moe Tun (VOA)
Dame Barbara Woodward, Britain Ambassador to UN and Myanmar Ambassador U Kyaw Moe Tun (VOA)

=== [[ ZAWGYI ]] ===

စစ်ကောင်စီကိုပြတ်သားစွာအရေးယူဖို့ မြန်မာသံအမတ်ကြီးတိုက်တွန်း

စစ်ကိုင်းတိုင်း ပဇီကြီးကျေးရွာ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ကြာသပတေးနေ့က တံခါးပိတ် ဆွေးနွေးခဲ့ကြပြီး၊ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီးက ဒီတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ အခုလို မြန်မာစစ်တပ်ရဲက တိုက်ခိုက်မှုဟာ စစ်ရာဇတ်မှုမြောက်သလို၊ လူသားမျိုးနွယ်ထုအပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်ပြီး၊ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ပြတ်သားတဲ့ဆောင်ရွက်ချက်တွေ လုပ်ဆောင်ကြဖို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အပြည့်အစုံကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။


စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ပဇီကြီးကျေးရွာအပေါ် စစ်ကောင်စီတပ်တွေရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့တဲ့ကိစ္စကို လုံခြုံရေးကောင်စီမှာ ကြာသပတေးနေ့ မနက်ပိုင်းက တံခါးပိတ်ဆွေးနွေးပါတယ်။ ဒီတိုက်ခိုက်မှုဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားတွေ အများဆုံးသေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့ လုံခြုံရေးကောင်စီမှာ ဆွေးနွေးပွဲကို ဦးဆောင်စီစဉ်ခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Barbara Woodward ပြောကြားလိုက်ပြီး ဒီတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

" မြန်မာစစ်တပ်က ဒီလိုလူတွေ အစုအလိုက်အပြုံလိုက်သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုကို မငြင်းဆန်ပဲ၊ သူတို့လုပ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ အခုလို မြန်မာစစ်တပ်ဘက်က လက်နက်မဲ့ ကလေးငယ်တွေနဲ့ အရပ်သားပြည်သူတွေနဲ့ သရဲဘောကြောင်စွာ တိုက်ခိုက်ခဲ့တဲ့အပေါ် ဗြိတိန်နိုင်ငံအနေ နဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ဒါက နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်သလို၊ ဘယ်လိုမှ ကာကွယ်လို့မရပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီ အနေနဲ့ ပြစ်တင်ရှုတ်ချပြီး၊ လုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းကိုအပြည့်အ၀ အကောင်အထည်ဖော်ဖို့တောင်းဆိုသင့်တယ်လို့ ယုံကြည်ပါတယ်။"

ဒီတိုက်ခိုက်မှုအပေါ် လုံခြုံရေးကောင်စီက ပြစ်တင်ဝေဖန်တဲ့ ကြေညာချက် မထုတ်ပြန်နိုင်တဲ့အပေါ် သူ့အနေနဲ့ စိတ်မကောင်းဖြစ်မိသလို၊ စိုးရိမ်မိတယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံနဲ့ပါတ်သက်လို့ လုံခြုံရေးကောင်စီမှာ အားလုံး သဘောတူညီမှု ရတဲ့အထိ ကြိုးစားသွားမယ်လို့လည်း ဗြိတိန် သံအမတ်ကြီး Barbara Woodward က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ြ မန်မာစစ်ကောင်စီဘက်က ပြည်သူတွေအပေါ်မှာ ဖိနှိပ်နေတာတွေကို တာဝန်ခံမှုရှိလာအောင် ဗြိတိန်နိုင်ငံအနေနဲ့ လုပ်နိုင်သမျှဆက်ပြီးတော့ လုပ်သွားမယ်လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း ပဇီကြီးကျေးရွာကို ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့က စစ်ကောင်စီတပ်တွေက လေကြောင်းကနေ တိုက်လေယာဉ်တွေ ရဟတ်ယာဉ်တွေသုံးပြီး တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၁၆၈ ယောက်ထက်မနည်း သေဆုံးခဲ့တာပါ။ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှု မြောက်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောလိုက်ပါတယ်။

" မြန်မာစစ်တပ်ရဲ့ အလွန်စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ ရာဇဝတ်မှုတွေဟာ စစ်ရာဇဝတ်မှု နဲ့ လူသားမျိုးနွယ်တွေအပေါ်မှာကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေဆိုတာ ရှင်းပါတယ်။ ဒါက ပထမဆုံးအကြိမ် ကျူးလွန်တာမဟုတ်ဘဲ၊ ဒါဟာ လူမဆန်တဲ့စစ်ကောင်စီဘက်က ကျူးလွန်ခဲ့တဲ့ နိုင်ငံတကာရာဇဝတ်မှုတွေထဲက တခုဖြစ်ပါတယ်။ "

ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာလတုန်းက လုံခြုံရေးကောင်စီက မြန်မာ့အရေးဖြေရှင်းဖို့အတွက် ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို မဲခွဲဆုံးဖြတ် အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့လည်း မြန်မာစစ်တပ်ဟာ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အရေးမစိုက်ဘဲ အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်နေတာကြောင့် မြန်မာပြည်သူတွေကို ကယ်တင်နိုင်ဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ပြတ်ပြတ်သားသား ဆောင်ရွက်ကြဖို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

" ဒါဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုအားလုံးကို ချက်ချင်းရပ်ဆိုင်းဖို့တောင်းဆိုထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ၂၆၆၉ ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်တာပါ။ မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ဖို့၊ မြန်မာစစ်တပ်က ကျူးလွန်ထားတဲ့ပြစ်မှုတွေ ပြစ်ဒဏ်မခံရဘဲ ကင်းလွတ်နေတာတွေ အဆုံးသတ်ဖို့ နဲ့ ဒေသတွင်းမှာ နောက်ထပ် မတည်ငြိမ်မှုတွေ မဖြစ်အောင် ကာကွယ်ဖို့အတွက်၊ ကျနော်အနေနဲ့ မြန်မာပြည်သူတွေကိုယ်စား နိုင်ငံတကာအသိုင်းအဝိုင်းကို၊ အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီကို ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့ ထပ်ပြီးတော့ တောင်းဆိုပါတယ်။ "

ပဇီကြီးကျေးရွာအပေါ် မြန်မာစစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အပေါ် အာဆီယံအနေနဲ့ ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံကလည်း ကြေညာချက်ထုတ်ပြန်လိုက်သလို၊ အမေရိကန်၊ ဥရောပသမဂ္ဂ၊ ပြင်သစ်၊ ဂျာမနီ၊ နော်ဝေးစတဲ့ နိုင်ငံတွေကလည်း ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပြီး တာဝန်ရှိတဲ့သူတွေကို အရေးယူဖို့ တောင်းဆိုထားပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

=== {{ UNICODE }} ===












XS
SM
MD
LG