သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုကိုးကျွန်း တရုတ်ထောက်လှမ်းရေး ဂယက်


ကိုကိုးကျွန်း တရုတ်ထောက်လှမ်းရေး ဂယက်
please wait

No media source currently available

0:00 0:11:59 0:00

မြန်မာပိုင် ကိုကိုးကျွန်းမှာ တရုတ်ထောက်လှန်းရေးစခန်း တည်ဆောက်နေတယ်ဆိုတဲ့ ကိစ္စအပေါ် အိန္ဒိယက အထူးစိုးရိမ်နေပါတယ်။ ဒီကိစ္စဟာ မြန်မာအပါအဝင် ဒေသတွင်းမှာကော ဘယ်လို ရိုက်ခတ်မှုတွေ ရှိလာနိိုင်ပါသလဲ။

မြန်မာပိုင် ကိုကိုကျွန်းမှာ တရုတ်ထောက်လှန်းရေးစခန်း တည်ဆောက်နေတယ်ဆိုတဲ့ ကိစ္စအပေါ် အိန္ဒိယက အထူးစိုးရိမ်နေပါတယ်။ ဒီကိစ္စဟာ မြန်မာအပါအဝင် ဒေသတွင်းမှာကော ဘယ်လို ရိုက်ခတ်မှုတွေ ရှိလာနိိုင်ပါသလဲ။ အခုတပတ် အယ်ဒီတာနဲ့ဆွေးနွေးခန်း အစီအစဉ်မှာ ဦးကျော်ဇံသာ ကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။

မေး ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာ။ မြန်မာပိုင် ကိုကိုကျွန်းမှာ တရုတ်က ကြားခံထောက်လှမ်းရေးစခန်း တည်ဆောက်နေတယ်ဆိုပြီးတော့ အိန္ဒိယဘက်က ပြောဆိုလာတာ ရှိပါတယ်။ တရုတ်အလုပ်သမားတွေ လုပ်ကိုင်နေတာတွေ၊ အဆောက်အဦးတွေ ဆောက်လုပ်နေတာတွေကို ဂြိုဟ်တုကနေရတဲ့ ဓါတ်ပုံတွေကို အိန္ဒိယ ထောက်လှမ်းရေးသတင်းနဲ့ အစိုးရအဖွဲ့အဆင့်ဆင့်က ပြောလာတာကို တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဒီသတင်းက ဘယ်လောက်ခိုင်မာမှု ရှိပါသလဲ။

ဖြေ ။ ။ မင်္ဂလာပါ မြသဇင်။ အထောက်အထားကတော့ အတိအကျ လက်စုပ်လက်ကိုင် မပြနိုင်သေးဘူးပေါ့။ သို့သော်လဲ သူတို့ပြတာကတော့ Listening Post - ထောက်လှမ်းဖမ်းယူနိုင်တဲ့၊ နားဆင်နိုင်တဲ့ စခန်း ဖြစ်တယ်။ ဒါပေမဲ့လဲ အိန္ဒိယဘက်က မြေပုံတွေပြတဲ့အထဲမှာ တကယ့်တည်ဆောက်ရေးလုပ်ငန်းတွေကို သူတို့ ချဲ့ထွင်ပြတယ်။ အဲဒီထဲမှာ ကိုကိုကျွန်းကြီးမှာ လေယာဉ်ကွင်း တည်ဆောက်နေတာ၊ ပြေးလမ်းကို အရင်တုန်းက မီတာ ၁၃၀၀၊ အခု မီတာ ၂၃၀၀ အထိ ချဲ့လိုက်တယ်။ နောက် ဆိပ်ကမ်းဘောတံတားကြီး တည်ဆောက်တယ်၊ ဘာညာလုပ်တယ်ဆိုတော့ သုံးသပ်သူတွေက ဘယ်လိုယူဆကြသလဲ။ ပညာရှင်တွေ ဆွေးနွေးကြတာကိုလည်း တွေ့ရပါတယ်။ တရုတ်ရဲ့ အကူအညီကို တရုတ် ခိုင်းလို့မဟုတ်ဘဲနဲ့ တရုတ် အလိုလိုက်ပြီး မဟုတ်ဘဲနဲ့ မြန်မာနိုင်ငံအတွက် ဒီနေရာမှာ ဒီဟာ တည်ဆောက်စရာအကြောင်း မရှိဘူး။ တရုတ်အတွက် လုပ်ခြင်းသာ ဖြစ်တယ်ဆိုပြီးတော့ သူတို့က အဲဒီလို စွပ်စွဲကြပါတယ်။ ဆိုတော့ ကြည့်လိုက်ရင်တော့ ဒါကို မပြေးသော်လည်း ကံရရှိတယ်လို့ပဲ ယူဆကြမယ်လို့ တူပါတယ် မမြသဇင်။

မေး ။ ။ အရင်တုန်းကလည်း ဒီလိုသတင်းမျိုးတွေ ထွက်ခဲ့တယ်။ ဟိုင်းကြီးကျွန်း၊ -- ကျွန်းတို့မှာ ဒီလိုမျိုး ထောက်လှမ်းရေးစခန်းတွ တည်ဆောက်တယ်ဆိုပြီးတော့ ရှိခဲ့ပါတယ်။ အဲဒီတော့ ဘာကြောင့် ဒီတခါမှာမှ ကိုကိုကျွန်းကိစ္စမှာမှ လူတွေက ပိုပြီးတော့ အာရုံစိုက်ပြီးတော့၊ အလေးထားလာကြတာလဲ။

ဖြေ ။ ။ စောစောကပြောတဲ့ သတင်းတွေက ၁၉၉၀ ပြည့်လွန်ကတည်းကပါ။ အခုအခါမှာတော့ အိန္ဒိယသမုဒ္ဒရာအတွင်းမှာ တရုတ်ရဲ့ လွှမ်းမိုးလာမှုကို အိန္ဒိယဘက်က ပိုပြီးစိုးရိမ်လာကြတယ်။ အိန္ဒိယနောက်က နိုင်ငံတွေကလည်း ပိုပြီးစိုးရိမ်လာလို့ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုတည်ဆောက်နေတဲ့ ကိုကိုကျွန်းက အိန္ဒိယရဲ့ စစ်ရေးအရ၊ အချက်အချာကျတဲ့ နီကိုဘားကျွန်း - Nicobar Islands နဲ့ အန်ဒမန်ကျွန်း - Andaman Islands တွေနဲ့ ၃၄ မိုင်လောက်ပဲ ဝေးတယ်ဆိုတော့ ထောက်လှမ်းရေးက ဖမ်းယူနားထောင်နိုင်တယ်ဆိုတော့ သူတို့ အကုန်လုံးရယူနိုင်တာ ဖြစ်တယ်။ အဲဒါကို သူတို့ စိုးရိမ်တယ်။ နောက်တခါ တရုတ်နိုင်ငံရဲ့ အရှိန်အဝါကလည်း သိပ်ကြီးလာတယ် အိန္ဒိယသမုဒ္ဒရာမှာ။ ဒါကြောင့်လဲ အိန္ဒိယနိုင်ငံနဲ့ ပူးပေါင်းပြီး QUAD ဆိုတဲ့ လေးနိုင်ငံ - အိန္ဒိယ၊ သြစတြေးလျ၊ ဂျပန်၊ အမေရိကန် ဦးဆောင်ပြီးလုပ်တယ်။ အခုတခါ ပစ္စီဖိတ်အတွက်ဆိုပြီး အင်ဒို-ပစ္စီဖိတ်ဆိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ကြွေးကြော်လာကြတယ်။ Free and Open Indo-Pacific (FOIP)” ဆိုတဲ့ ကြွေးကြော်သံက Geopolitics အထဲမှာ အပြင်းထန်ဆုံး Slogan ဖြစ်လာတယ်။ အရေးကြီးဆုံး ဖြစ်လာတယ်။ ဆိုတော့ ဒီအတွက် ဒီနေရာမှာ တရုတ် အခြေကုပ်စခန်းရလာရင် ဒါကို သူတို့ အထူးစိုးရိမ်တာလည်း ဖြစ်ပါတယ်။ အဓိကတော့ ဒီအချိန်မှာ အိန္ဒိယသမုဒ္ဒရာနဲ့ ပစ္စီဖိတ်သမုဒ္ဒရာတို့မှာ ယှဉ်ပြိုင်မှုတွေ ပိုများလာတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

မေး ။ ။ အဲဒီလိုပြောမယ်ဆိုရင် အိန္ဒိယသမုဒ္ဒရာက တရုတ်အတွက် ဘယ်လောက်အထိ အရေးပါပါသလဲ။ တကယ်က တရုတ်က တောင်တရုတ်ပင်လယ်ကို ပိုပြီးတော့ စိတ်ဝင်စားတာ မဟုတ်ဘူးလား။ သူတို့အတွက် ပိုပြီးအရေးပါတာက တောင်တရုတ်ပင်လယ် မဟုတ်ဘူးလား ဆရာ။

ဖြေ ။ ။ မှန်ပါတယ်။ အိန္ဒိယသမုဒ္ဒရာမှာ အဓိကအားဖြင့်ဝင်တဲ့ ရေလက်ကြားသုံးခု ရှိတယ်။ အဲဒီရေလက်ကြားသုံးခုမှာ ဟိုဘက်နှစ်ခုကို တရုတ်က ပိုင်တယ်။ Djibouti မှာ စစ်စခန်း ရှိတယ်။ ပင်လယ်နီဘက်ကထွက်တဲ့လမ်း။ တခါ ပါရှန်ပင်လယ်ကွေ့ (Persian Gulf) က ထွက်လာတဲ့ Hormuz ရေလက်ကြား။ ပါရှန်အီရန်ဆိုတာ လောလောဆယ် တရုတ်ရဲ့လူပဲ။ အမေရိကန်နဲ့ ရန်ဖြစ်နေတယ်ဆိုတော့ သူတို့ပိုင်တယ်။ ဒါပေမဲ့ ဒီဘက် အရှေ့ဘက်ကဖြစ်တဲ့ စောစောက မြသဇင်ပြောတဲ့ မလက္ကားရေလက်ကြားက အဲဒီရေလက်ကြားနဲ့ ပတ်သက်နေတဲ့ စင်္ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား အကုန်လုံးနဲ့က တရုတ်က ကျွန်းလုပြီးတော့ နယ်မြေအရ ပြဿနာ ဖြစ်နေတယ်ဆိုတော့ အဲဒီနိုင်ငံတွေက အနောက်ဘက်ကို ခပ်ယိမ်းယိမ်းဆိုတော့ ဒီနိုင်ငံတွေသာ အမေရိကန်ဘက်ကိုပါပြီးတော့ မလက္ကားရေလက်ကြားကို အမေရိကန်က ပိတ်လိုက်ရင် တရုတ်က အဲဒီကိုသွားလို့ မရတော့ဘူး။ ဆိုတော့ တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာက သိပ်အရေးကြီးတယ်။ ထွက်ပေါက်ရဖို့အတွက်။ ဘာကြောင့်လဲဆိုတော့ တရုတ်က အာဖရိကတိုက်မှာ စီးပွားရေးတွေ အများကြီးလုပ်လာတယ်ဆိုတော့ အိန္ဒိယသမုဒ္ဒရာကို ဖြတ်သွားရမှာဆိုတော့ သူ့အတွက် မဖြစ်မနေသွားဖို့ လိုအပ်တယ်။ ဟိုဘက်က ရေလက်ကြားတော့ ပွင့်နေတယ်။ ဒီဘက်ကအထွက်ခက်မယ်။ ဒါကြောင့် မြန်မာနိုင်ငံက ထွက်ပေါက်ရရှိရေးအတွက် တရုတ်အတွက် သိပ်အရေးကြီးတာ ဖြစ်ပါတယ်။

မေး ။ ။ အိန္ဒိယရဲ့ ဒီနေရာမှာ ရပ်တည်ချက်။ သူက တဘက်မှာလည်း ရုရှားနဲ့ တော်တော်လေး နီးနီးကပ်ကပ် ရှိတာကို တွေ့ရပါတယ်။ နောက် အမေရိကန်နဲ့လည်း မဟာဗျူဟာမိတ်ဘက်တွေ ဖြစ်တယ်။ ဆိုတော့ အိန္ဒိယရဲ့ ရပ်တည်ချက်ကို ဘယ်လို သုံးသပ်ပေးပါမလဲ။

ဖြေ ။ ။ အိန္ဒိယရဲ့ ရပ်တည်ချက်ကတော့ အိန္ဒိယ စိုးရိမ်တာ တရုတ် ဖြစ်ပါတယ်။ တရုတ်က အိန္ဒိယကို လုပ်တဲ့ဟာက Garland အိန္ဒိယလည်းပင်မှာ ပတ်ပတ်လည်မှာ တရုတ်က ဒီဘက်မှာဆို မြန်မာနိုင်ငံကို ကိုင်တွယ်ပြီး ကိုကိုကျွန်းမှာ လုပ်မယ်။ ဟိုဘက်က ပါကစ္စတန်မှာ ကျွန်းတွေမှာ စစ်စခန်းဆောက်ပြီး တရုတ်ကို ဝိုင်းရံပြီး လုပ်ထားတယ်ဆိုတော့ တရုတ်ကို အဓိကစိုးရိမ်တယ်။ နောက်ပြီးတော့ တဘက်မှာလည်း အနောက်ဘက်မှာ ပါကစ္စတန် - တရုတ်ရဲ့ မိတ်ဆွေ၊ အိန္ဒိယနဲ့ မတည့်ဘူး။ အရှေ့ဘက်မှာ တရုတ်နဲ့ အိန္ဒိယတို့က နယ်စပ်ပြဿနာလည်း မကြာခဏ ဖြစ်နေတယ်ဆိုတော့ ဒီနှစ်နိုင်ငံခြားမှာ ရောက်ရှိမှာကို စိုးရိမ်တယ်။ အဓိက သူက တရုတ်ကို စိုးရိမ်တာ ဖြစ်ပါတယ်။ ဆိုတော့ အမေရိကန်နဲ့လည်း QUAD မှာ တည့်အောင်ပေါင်းတယ်။ ရုရှားနဲ့လည်း ရင်းရင်းနှီးနှီး ဆက်ဆံတယ်။ ယူကရိန်းစစ်ပွဲမှာလည်း ရုရှားကို သူက အပြင်းအထန် မရှုတ်ချဘဲနဲ့ စေ့စပ်ပြေလည်ဖို့သာ ပြောတယ်ဆိုတော့ အိန္ဒိယရဲ့ ရပ်တည်မှုကတော့ ပါးပါးနားနား ရပ်တည်တယ်လို့ပြောရင်လည်း တနည်းအားဖြင့် ရတာပေါ့။ အိန္ဒိယရဲ့ အဓိကရပ်တည်ချက်ကတော့ ဒါပါပဲ။ တရုတ်ကိုသာ စိုးရိမ်တာ၊ ကျန်တဲ့ဘက်ကို မစိုးရိမ်လှဘူး။

မေး ။ ။ အဲဒါဆိုရင် အိန္ဒိယသမုဒ္ဒရာအတွင်း နိုင်ငံတွေရဲ့ ရပ်တည်ချက်က ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ အိန္ဒိယသမုဒ္ဒရာနဲ့ ထိဆက်နေတဲ့ နိုင်ငံတွေ၊ ကျွန်းနိုင်ငံတွေ ပေါင်းလိုက်ရင် အားလုံး သုံးဆယ့်ခြောက်နိုင်ငံ ရှိတယ်။ ဒီအထဲမှာ အရေးကြီးဆုံးက မော်ဒိုက်ကျွန်းလို အိန္ဒိယသမုဒ္ဒရာအလယ်က အဲဒီရေကြောင်း ဖြတ်သွားတဲ့နေရာမှာ အဓိက မဖြစ်မနေရပ်ရမယ့် ရေလမ်းခရီးရဲ့ စခန်းကြီးလည်း ဖြစ်တယ်။ ဆိုတော့ ဒီနိုင်ငံတွေရဲ့ အနေအထားကတော့ သုံးသပ်သူတွေ၊ ပညာရှင်တွေက တွက်ကြတယ်။ ဒီနိုင်ငံတွေက အိန္ဒိယသမုဒ္ဒရာမှာ ပြိုင်ဆိုင်မှု သိပ်ပြင်းထန်လာတဲ့အခါမှာ သူတို့ဆီ အကျိုးရနိုင်လား၊ အသုံးချခံ ဖြစ်နိုင်လား။ ဒီအထဲက အကျိုးအမြတ် ထွက်နိုင်သလား။ ဒုက္ခရောက်နိုင်သလား၊ ဓါးစာခံ ဖြစ်နိုင်သလားဆိုတာကို သူတို့ ဝေခွဲရခက်နေတယ်။ တချို့ကလည်း ဟိုဘက်လိုက်၊ ဒီဘက်လိုက် စဉ်းစားပြီးတော့ တွေးခေါ်နေရတယ်ဆိုပြီး အမျိုးမျိုး ရှိပါတယ်။ သူတို့ကတော့ ပြတ်ပြတ်သားသား ပါဝင်တာထက်၊ ရေလိုက်ငါးလိုက် ဆက်ဆံသွားမယ့် အနေအထား လောလောဆယ် ရှိပါတယ်။

မေး ။ ။ ဒေသတွင်းနိုင်ငံတွေရဲ့ ရပ်တည်ချက်နဲ့ ပြောမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်ကရော တိုင်းပြည်အတွက် အကျိုးရှိမယ့် ရပ်တည်ချက် ဖြစ်ပါသလား။

ဖြေ ။ ။ ပြောရခက်ပါတယ်။ တိုင်းပြည်အတွက်ကတော့ သိပ်သတိထားရမယ့် အခြေအနေပါ။ မြန်မာနိုင်ငံဟာ အဲဒီလိုနှစ်ဘက်နေဖို့ သိပ်အရေးကြီးပါတယ်။ သတိရလို့ တခုပြောရရင် ဒေါ်အောင်ဆန်းစုကြည် ဒီကိုလာတုန်းက သူ့ကို ကျနော် အင်တာဗျူး လုပ်ခဲ့တယ်။ တရုတ်နဲ့ အနောက်နဲ့ ဆက်ဆံရေးကြားနဲ့ ပတ်သက်ပြီးမေးတယ်။ ဒေါ်အောင်ဆန်းစုကြည်က ကျမတို့က ဘယ်နိုင်ငံနဲ့တည့်လို့၊ ဘယ်နိုင်ငံနဲ့ မတည့်ဘူးဆိုပြီး လုပ်လို့မရဘူး။ နှစ်ဘက်စလုံးနဲ့ အဆင်ပြေအောင် ဆက်ဆံရမယ်ဆိုပြီး သူက ပြောဖူးပါတယ်။ ဒါက သိပ်မှန်တယ်စကားပါ။ အခုလောလောဆယ် မြန်မာနိုင်ငံမှာ ရပ်တည်နေတာကတော့ မြန်မာနိုင်ငံက တရုတ်ဘက်ကို ပိုပြီးတော့ နီးနေတယ်။ နီးနေရုံတင်မကဘူး အာဏာသိမ်းပြီးနောက်ပိုင်းမှာ တရုတ်ကို လုံးဝမှီခိုလာတဲ့ပုံစံမျိုး ဖြစ်လာတယ်ဆိုတော့ တဘက်မှာလည်း NUG နဲ့ စစ်ကောင်စီတို့က အမေရိကန်ဘက်နဲ့ ပိုနီးစပ်သွားမှာကိုလည်း တရုတ်က စိုးရိမ်တယ်။ ဒါလဲပဲ သူတို့ လက်တွေ့ပြပြီသား။ ဒီမှာ NUG ရုံးဖွင့်တာနဲ့ တပြိုင်တည်း တိုင်းရင်းသားတွေ ခေါ်တွေ့တာတို့၊ အမြဲတမ်း ကြားနေရတယ်ဆိုတော့ မြန်မာအတွက် သိပ်သတိထားရမယ့်အခြေအနေ ဖြစ်ပါတယ်။ အဓိက သတိထားရမှာက မြန်မာနိုင်ငံဟာ တရုတ်ရဲ့ သြဇာအောက်ကို လုံးလုံးလျားလျား ကျရောက်သွားမလားဆိုတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့အကူအညီကို မှီခိုရင်း၊ သူ့ရဲ့ အထောက်အပံ့ကိုယူရင်း သူကို လိုက်လျောရင်း သူ့ရဲ့သြဇာအောက်ကို လုံးလုံးကျရောက်သွားမလားဆိုတာကိုတော့ သတိထားသင့်တယ်လို့ ထင်ပါတယ်။ အိန္ဒိကတော့ မြန်မာနိုင်ငံကို ပြင်းပြင်းထန်ထန် ဒုက္ခပေးမှာ မဟုတ်ပါဘူး။ အိန္ဒိယက မြန်မာနိုင်ငံ တရုတ်ဘက်ကို ပါသွားဆိုတာကို အဓိကထားတယ်။ မြန်မာကို ဖိလေလေ တရုတ်ဘက်ကို တွန်းပို့မယ်ဆိုတဲ့ကိစ္စကို အဓိက စိုးရိမ်တယ်။ တချို့ကတော့ အိန္ဒိယအရှေ့မြောက် သူပုန်တွေကို တိုက်တဲ့အခါမှာ ဗမာအကူအညီလိုလို့ အဲဒါက minor သာမန်ပါ၊ အဓိကက ဗမာ တရုတ်ဘက်ကို ပါသွားမှာစိုးလို့ အိန္ဒိက ချော့မော့ပြီး ပေါင်းသင်းဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။ ဆိုတော့ မြန်မာအနေနဲ့ သိပ်သတိထားရမယ့် အခြေအနေပါ။

မေး ။ ။ တရုတ်နဲ့ အိန္ဒိယရဲ့ ဒီလိုအားပြိုင်မှု - သူတို့ကြားက အားပြိုင်မှုက မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာ ဘယ်လိုအကျိုးသက်ရောက်လာနိုင်ပါသလဲ။

ဖြေ ။ ။ အခုနပြောသလိုပါပဲ - သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကတော့ နှစ်ဘက်စလုံးကတော့ ဆွယ်မှာပဲ။ အခုတော့ တရုတ်ဘက်ကို လုံးဝပါနေပြီပေါ့။ တရုတ်ဆီက လက်နက်အကူအညီ ရတယ်။ စီးပွားရေးအားဖြင့်လည်း တရုတ်က အဓိကလုပ်တယ်။ ဆိုတော့ အိန္ဒိယကလည်း မြန်မာနိုင်ငံမှာ သူတို့လည်း ပြိုင်ပြီးတော့ ဟိုးတုန်းကတော့ Look East Policy အရှေ့တောင်အာရှကိုထွက်တဲ့အခါ မြန်မာနိုင်ငံတဆင့်ထွက်မယ်။ အခုတော့ Act East အရှေ့တောင်အာရှမှာ လှုပ်ရှားမယ်ဆိုတော့ မြန်မာနိုင်ငံက သူတို့အတွက်လည်း အရေးကြီးပါတယ်။ မြန်မာနိုင်ငံကို လက်လွှတ်ခံလို့လည်း လုံးဝမဖြစ်ဘူး။ တရုတ်ဘက်ကို လုံးဝပါသွားလို့လည်း မဖြစ်ဘူးဆိုတော့ အိန္ဒိယကတော့ မြန်မာနိုင်ငံနဲ့ ရေလိုက်ငါးလိုက် ဆက်ဆံဖို့ ကြိုးစားနေမှာ ဖြစ်ပါတယ်။

မေး ။ ။ အမေရိကန်နဲ့ တရုတ်ကြားမှာ ဆက်ဆံရေးအရ အဖုအထစ်လေးတွေ ရှိတယ်ဆိုပေမဲ့ သူတို့က အပြုသဘောဆောင်တဲ့ ဆက်ဆံရေး။ နောက်တခါ စီးပွားရေးမှာလည်း မျှတတဲ့ စီးပွားရေးစနစ်တခု ရှိဖို့လိုတယ်ဆိုပြီးတော့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ပြောခဲ့ပါတယ်။ ဒါက စိတ်သက်သာစရာတခု ဖြစ်နိုင်ပါသလား။

ဖြေ ။ ။ သိပ်ကောင်းတဲ့ ပြောကြားချက်ပါ။ ဝန်ကြီး Janet Yellen ပြောတဲ့ကိစ္စက။ စိတ်သက်သာစရာ ဖြစ်ပါတယ်။ တကယ်တော့လည်း အမေရိကန်နဲ့ တရုတ် စစ်ဖြစ်မလားဆို၊ ဖြစ်မယ်လို့ မထင်ပါဘူး။ အမေရိကန်က ဟိုဘက်မှာ စစ်တိုက်နေတော့ ဒီဘက်ကို သိပ်စိတ်မဝင်စားဘူး။ နောက်ပြီးတော့ မြန်မာနိုင်ငံတို့ဘာတို့ အထူးသဖြင့် မြန်မာနိုင်ငံက အမေရိကန်အတွက် ဘာမှအကျိုးစီးပွား မရှိပါဘူး။ တရုတ်အတွက်သာ အကျိုးစီးပွား ရှိတာပါ။ ဆိုတော့ မြန်မာနိုင်ငံမှာ တရုတ်က သြဇာလွှမ်းပိုင်ခွင့် ပိုရှိတယ်ဆိုတာကို အမေရိကန်တွေကလည်း သဘောပေါက် လက်ခံပြီသား ဖြစ်ပါတယ်။

ဆိုတော့ အမေရိကန်နဲ့ တရုတ်နဲ့လည်း လေအားဖြင့်သာ တင်းနေကြတာ၊ သူတို့ရဲ့ ပါးစပ်ကသာ နိုင်ငံရဲ့အကျိုးစီးပွား National Interest လို့ ပြောတယ်။ တခါ National Interest ဆိုတာ ဘာလဲ။ အမေရိကန်မှာ နိုင်ငံရေးအားဖြင့် ရွေးကောက်ပွဲနဲ့ ပြိုင်နေရတာ၊ တရုတ်ကိုတော့ အလျှော့ပေးတယ်ဆိုတာမျိုးဆိုရင် သူက ရွေးကောက်ပွဲမှာ မဲရှုံးမယ်ဆိုတော့ သူ့ပါတီ အကျိုးစီးပွားလည်း ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘိုင်ဒန်က အာဖဂန်နစ္စတန်က စွန့်ခွါခဲ့တယ်။ နိုင်ငံရေးအရ အရမ်းသိက္ခာကျတယ်။ အခု ယူကရိန်းမှာ တင်းတင်းမာမာ လုပ်တာကိုတောင်မှ ဒါကို ချေပဖို့အတွက်လုပ်တယ်။ ပြန်ကာမိအောင် လုပ်နေတယ်လို့ သုံးသပ်သူတချို့က ဆိုကြပါတယ်။ ထိုနည်းလည်းကောင်း တရုတ်ကိစ္စမှာလည်း တရုတ်အင်အားကြီးလာတာကို ဘာမှမထိန်းဘူးဆိုတာကို သူက အပြောခံရမှာဆိုတော့ ထိုင်ဝမ်ကို သူတို့ဆီကလူတွေ သွားလိုက်လာလိုက်နဲ့ အတင်းထိန်းဖို့လုပ်တယ်။ တရုတ်ကလည်း တင်းလုပ်တယ်။ သို့သော် တရုတ်က စစ်မဖြစ်ချင်ဘူး။ စီးပွားရေးလုပ်နေတာ သူတို့စီးပွားတွေ ပျက်ကုန်မှာပေါ့။ Janet Yellen ပြောတာ သိပ်တန်းဖိုး ရှိပါတယ်။ အမေရိကန်လည်း ထိုနည်းလည်းကောင်း သူတို့နှစ်ယောက်ကတော့ တွေ့ရင်တော့ ပြုံးပြုံးရွှင်ရွှင်တော့ လုပ်ကြမှာပဲ။ နိုင်ငံရေးအားဖြင့် ငါတို့နိုင်ငံ အကျိုးစီးပွားအတွက် လုပ်ရမှာပဲ၊ တရုတ်ဘက်ကလည်း သူ့အကျိုးစီးပွားပဲ - သူ့အာဏာတည်မြဲရေးအတွက်လည်း နိုင်ငံအကျိုးစီးပွားဆိုပြီး ရောချကာ လုပ်နေတယ်လို့ ပွင့်ပွင့်လင်းလင်း ပြောရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG