သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကီမွန်းခရီးစဉ် သံတမန်ရေးကြိုးပမ်းမှု အောင်မြင်မှု ရှိမရှိသုံးသပ်ချက်


The Elders အဖွဲ့ဒုဥက္ကဋ္ဌ မစ္စတာဘန်ကီမွန်း - ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံ Photo: SAC Viber Press
The Elders အဖွဲ့ဒုဥက္ကဋ္ဌ မစ္စတာဘန်ကီမွန်း - ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံ Photo: SAC Viber Press

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းရဲ့မြန်မာနိုင်ငံခရီးစဉ်အပြီး နာရီပိုင်းအကြာမှာ အရပ်သားဆေးရုံတရုံကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ကိုကြည့်ရင် စစ်ကောင်စီကို သံတမန်ရေးနဲ့ ချဉ်းကပ်တဲ့ နည်းလမ်း အောင်မြင်မှုမရှိဘူးလို့ NUG သမ္မတရုံးပြောခွင့်ရက ဗွီအိုအေကိုပြောပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေပိုပြီးတိုးလာချိန် စစ်ခေါင်းဆောင်တွေဘက်က ဘန်ကီမွန်းကို ရုတ်တရက် ဖိတ်ခေါ် ဆွေးနွေးခဲ့တာဘာကြောင့်ပါလဲ။ မစ္စတာ ဘန်ကီမွန်း ရဲ့ မြန်မာနိုင်ငံခရီးစဉ်အပေါ် သုံးသပ်ချက် အမြင်တွေကို မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။


မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ စစ်ခေါင်းဆောင်တွေနဲ့ ရုတ်တရက်သွားရောက်တွေ့ဆုံခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းက သူ့ခရီးစဉ်အပြီးမှာ တောင်းဆိုခဲ့ပါတယ်။

The Elders ကမ္ဘာ့အထင်ကရ ခေါင်းဆောင်ကြီးများအဖွဲ့ ဒုဥက္ကဌ ဖြစ်တဲ့ ဘန်ကီမွန်းဟာ သူ့ရဲ့ ခရီးစဉ်အတွင်း စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ထိပ်ပိုင်း စစ်ခေါင်းဆောင်တွေနဲ့ တနင်္လာနေ့က တွေ့ဆုံခဲ့တာပါ။ စစ်ကောင်စီဘက်ကလည်း ဘန်ကီမွန်းခရီးစဉ်နဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ရာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေရှိခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

ဘန်ကီမွန်းခရီးစဉ်နဲ့ ပတ်သက်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့သဘောထားကို သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇောက ဗွီအိုအေကို အခုလိုပြောပါတယ်။

" ဒီလိုမျိုး သံတမန် နည်းလမ်းအရသွားပြောလို့ သူတို့ နားလည်မှာလည်း မဟုတ်ဘူး၊ နားလည်း ထောင်မှာ မဟုတ်ဘူး။ မစ္စတာ ဘန်ကီမွန်းရဲ့ သတင်းထုတ်ပြန်ချက် နောက်ဆုံးမှာ ထည့်ထားတာက - မြန်မာစစ်တပ်က ခြေလှမ်းတွေ အရင်လှမ်းပြရမယ်လို့ သူ တောင်းဆိုသွားတယ်။ ဒီလို တောင်းဆိုပြီးတဲ့အခါမှာ ချက်ချင်းပဲ မင်းအောင်လှိုင်ရဲ့ အကြမ်းဖက် စစ်တပ်က ကရင်နီ(ကယား)ပြည်နယ် ဖယ်ခုံမြို့နယ်မှာရှိတဲ့ အရပ်သား ဆေးရုံတရုံကို သွားပြီးတော့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လိုက်တယ်။ အဲဒါကိုကြည့်ခြင်းအားဖြင့် မင်းအောင်လှိုင်ဟာ ဘန်ကီမွန်းပြောတာကို ဂရုမစိုက်ဘူး၊ သူ့ရဲ့ စစ်တပ်ကနေပြီးတော့ ခြေလှမ်း အရင်ဆုံးလှမ်းရမယ်ဆိုတဲ့ခါ .. ဘာ ခြေလှမ်း အရင်လှမ်းပြသွားလဲ၊ ဆေးရုံကို ဗုံးကြဲပြသွားတယ်လေ။ ဆိုတော့ အခုချိန်မှာ ဒီလိုမျိုး ကြေညာချက်တွေ ထုတ်ပြီးတော့ လူကြီးဆန်ဆန် စကားပြောနေဖို့ အချိန် မဟုတ်တော့ပါဘူး။ မင်းအောင်လှိုင်ကို ဓါတ်ပုံရိုက်ခံနိုင်ဖို့ အခွင့်အရေး ပေးဖို့အချိန် မဟုတ်တော့ပါဘူး။ မင်းအောင်လှိုင်က ဒီဟာကို သူ့ရဲ့ Legitimacy ရတယ်လို့ ယူဆပြီးတော့ အရပ်သားတွေအပေါ် အကြမ်းဖက်မှုကို ပိုပြီးမြှင့်တင်လိမ့်မယ်ဆိုတာ သက်သေ သာဓကတွေ အရင်ကတည်းက ရှိခဲ့ပြီးသားပါ။ ဒါကြောင့် ဒီအချိန်ဟာ မင်းအောင်လှိုင်နဲ့ အကြမ်းဖက် စစ်တပ်ကို ပြင်းပြင်းထန်ထန်နဲ့ ခိုင်မာတဲ့ အရေးယူမှုတွေ ပြုလုပ်ရမယ့်အချိန် ရောက်နေပြီဆိုတာကို ပြောကြားချင်ပါတယ်။ "

မြန်မာစစ်ခေါင်းဆောင်တွေရဲ့ ဖိတ်ကြားချက်နဲ့ ကြိုတင်ကြေညာခြင်းမရှိပဲ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မြန်မာနိုင်ငံကို ရုတ်တရက်သွားရောက်ခဲ့တဲ့ ဘန်ကီမွန်းခရီးစဉ်နဲ့ ပတ်သက်လို့ ထူးခြားချက်တွေရှိနေတယ်လို့ အမေရိကန်အခြေစိုက် မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာတင့်ဆွေက ဗွီအိုအေကို အခုလိုပြောပါတယ်။

" သူ့ရဲ့ တရားဝင် မီဒီယာထုတ်ပြန်ချက်မှာ ဒီအကြမ်းဖက်မှုတွေ ရပ်တန့်ရေးကို ဦးတည်တဲ့ ၊ ဒီမိုကရေစီကျတဲ့ ၊ အားလုံးလည်း ပါဝင်တဲ့ ၊ ဖြေရှင်းမှုတခုကို သူဦးတည်ဖို့အတွက် သူစူစမ်းလေ့လာဖို့ လာတယ်ဆိုပြီး ပြောပါတယ်။ ထူးခြားတာက အဲဒီမှာ NUG ဆိုတဲ့ အသုံးအနှုန်း စကားလုံးပါ အတိအကျပါတယ်ခင်ဗျ။ NUG နဲ့ တွေ့တာ မတွေ့တာ တပိုင်းပေါ့နော်။ နောက် ဘန်ကီမွန်းနဲ့ The Elders အဖွဲ့ဟာ တကမ္ဘာလုံးမှာ သူတို့ဘာလုပ်နေသလဲ ဆိုတာကိုလည်း ကျနော်တို့ ကြည့်ရလိမ့်မယ်။ ကြည့်တဲ့အခါ ယူကရိန်းကို ရုရှားက တိုက်တဲ့ကိစ္စမှာ ပြင်းပြင်းထန်ထန် သူက ကန့်ကွက်တယ်။ နောက်တခါ ကမ္ဘာ့ရာသီဥတုကိစ္စတွေမှာလည်း အပြုသဘောဆောင်တဲ့ ရပ်တည်ချက်ရှိတယ်။ "

ဒါဆိုရင် မြန်မာစစ်ခေါင်းဆောင်တွေက ဘန်ကီမွန်းကို ဘာကြောင့် ရုတ်တရက်ဖိတ်ခေါ်ခဲ့ပါသလဲ။ ဒေါက်တာတင့်ဆွေက -

" စစ်ကောင်စီက အာဏာသိမ်းခါစထက် ပိုပိုပြီး အကျပ်အတည်း ရောက်လာတယ်။ ဒီအကျပ်အတည်းကို သူ အစတုန်းက တနှစ်အတွင်း အဆင်ပြေလိမ့်မယ်လို့ သူထင်ခဲ့တာ။ ၂ နှစ်မှာလည်း အဆင်မပြေတော့ အကျပ်အတည်း ထွက်ပေါက်ရဖို့အတွက် ရွေးကောက်ပွဲကိစ္စကိုပဲ သူဇောင်းပေးနေတယ်။ ဒါပေမဲ့လည်း ရွေးကောက်ပွဲကိစ္စက သူတို့အတွက် အခက်အခဲ ရှိနေပြန်တယ်။ တချိန်ထဲမှာ စစ်ကိုင်းတိုင်းအပါဝင်ပေါ့ ကယားမှာရော ကချင်ပြည်နယ်မှာရော စသဖြင့် အဲလိုဒေသတွေမှာ တိုက်ပွဲတွေ ကြီးနေတဲ့အချိန်၊ သူဟာ တနည်းအားဖြင့် နာမည်ပျက်နဲ့ ဆိုးသထက်ဆိုးနေတဲ့ အချိန်မှာ အယ်.. ရသလောက်လေး လုပ်ကြည့်မယ်ဆိုပြီးတော့ နိုင်ငံတကာက လာတဲ့ပုဂ္ဂိုလ်ကို ဖိတ်လိုက်တာလည်း အချက်တခုဖြစ်လိမ့်မယ်လို့ ကျနော် ယူဆပါတယ်။ "

HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ကတော့ ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို ရှုတ်ချခဲ့ပြီး
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဘန်ကီမွန်းတို့ သံတမန်ရေးအရ လက်ဆွဲနှုတ်ဆက်နေတဲ့ ပုံရိပ်တွေဟာ မြန်မာနိုင်ငံတဝှမ်း လူသားထုအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူဖို့၊ အထီးကျန်ဖြစ်အောင် ဖိအားပေးဖို့ ကြိုးပမ်းချက်တွေကို ဖြတ်တောက်လိုက်တာဖြစ်တယ်လို့ ဗွီအိုအေကို အီးမေးလ်နဲ့ တုန့်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG