သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း နေပြည်တော် ရောက်ရှိ 


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ေဟာင်း Ban Ki-moon
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ေဟာင်း Ban Ki-moon

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းဟာ မြန်မာစစ်ကောင်စီရဲ့ ဖိတ်ကြားချက်အရ ဧပြီလ ၂၃ ရက်နေ့ညနေပိုင်းက နေပြည်တော်ကို ဆိုက်ရောက်တယ်လို့ သိရပါတယ်။

မြန်မာစစ်ကောင်စီ ပြောခွင့်ရသူကလည်း မစ္စတာဘန်ကီမွန်းလာရောက်တယ်ဆိုတာ VOA ကို အတည်ပြုပေမယ့်အသေးစိတ်ကို ပြောဆိုခြင်းမရှိပါဘူး။ မစ္စတာဘန်ကီမွန်းကို နေပြည်တော်လေဆိပ်မှာ မြန်မာအစိုးရတာဝန်ရှိသူတွေက ကြိုဆိုခဲ့ကြပါတယ်။ သူ့ခရီးစဉ်ရည်ရွယ်ချက်ကိုတော့ တိတိကျကျ မသိရသေးပါဘူး။

မစ္စတာဘန်ကီမွန်းဟာ မြန်မာ့အရေးမှာ တက်တက်ကြွကြွပြောဆိုဆောင်ရွက်လေ့ရှိတဲ့ ကမ္ဘာခေါင်းဆောင်ဟောင်းတွေဖွဲ့ထားတဲ့ The Elders အဖွဲ့ရဲ့ ဒု ဥက္ကဌတာဝန်ယူထားသူလည်း ဖြစ်ပါတယ်။ မစ္စတာဘန်ကီမွန်းဟာ သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ်တုန်းက မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကြား တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ထိုးရာမှာ အသိသက်သေအဖြစ် ပါဝင်လက်မှတ်ထိုးခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေ လျော့ပါးသွားစေဖို့ လက်ရှိကုလအတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာစစ်ကောင်စီနဲ့ တိုက်ရိုက်ထိစပ်လုပ်ကိုင်သွားဖို့လည်း သူ့အနေနဲ့ တိုက်တွန်းခဲ့ဖူးပါတယ်။ မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံခရီးစဉ်ဟာ ရက်တိုခရီးစဉ်လို့ သိရပြီး မြန်မာ့အရေး စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေအမြန်ဆုံးရပ်တန့်ပြီး ငြိမ်းချမ်းစွာအဖြေထုတ်ရေးကြိုးပမ်းကြဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မှာလည်း တိုက်တွန်းထားတာပါ။ မြန်မာစစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆက်ပြီး အကောင်အထည်ဖော်မယ်လို့ ဆိုပေမယ့် NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရနဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေကိုတော့ ချေမှုန်းသွားမယ်လို့ပြောသလို NUG/PDF ကို အကူအညီပေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်း ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်မယ်လို့ သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG