သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကြိုတင်တားဆီးဖို့ ကုလ လုပ်ဆောင်သင့်


Antonio Guterres

မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်း ဖြစ်ရပ်အပြီးမှာ ရက်စက်ကြမ်းကြုတ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မူကြီးတွေ ဖြစ်မလာခင် ကြိုတားဆီး နိုင်အောင်၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အနေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ လိုနေပြီလို့၊ လူအခွင့်အရေးအဖွဲ့ (၁၆) ဖွဲ့ က စာရေးသား တိုက်တွန်းလိုက်ပါတယ်။ Amnesty International လူ့အခွင့်အရေးအဖွဲ့၊ Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့၊ လူ့အခွင့်အရေးဆိုင်ရာ ASEAN လွှတ်တော်အမတ်များအဖွဲ့ စတာတွေပါတဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ညွန့်ပေါင်းအဖွဲ့ အနေနဲ့ မနေ့က ဒီစာကို ထုတ်ပြန်လိုက်တာပါ။

မြန်မာနိုင်ငံက ရက်စက်ကြမ်းကြုတ်မူကြီးမျိုး ဆက်မဖြစ်ရေး၊ ကုလ အရာရှိတွေကိုပါ တာဝန်ယူတာဝန်ခံမူရှိလာစေမယ့် လုပ်ငန်းစဉ်ဖော်ဆောင်ရေး တိုက်တွန်းထားတဲ့ ဒီစာအကြောင်း၊ ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။

ဒီ လူအခွင့်အရေးညွန့်ပေါင်းအဖွဲ့ စာထဲမှာ၊ အရင် ဆယ်စုနှစ်တုန်းက သီရိလင်္ကာမှာ အရပ်သားအစုအပြုံလိုက်သေခဲ့ရတာကို ကုလသမဂ္ဂဘက်က မတားနိုင်ခဲ့အပြီးမှာ၊ နောက်တစ်ခေါက် အလားတူမဖြစ်စေရဘူးလို့ ကတိပေးခဲ့ပေမဲ့၊ အခုတော့ မြန်မာနိုင်ငံမှာထပ် ဖြစ်နေလာတာကို နိုင်ငံတကာရဲ့ ကျဆုံးမူတစ်ခုအဖြစ် ထောက်ပြထားပါတယ်။ ဒါကြောင့် အခုလို ကျဆုံးမူမျိုး ဆက်မဖြစ်ရအောင်၊ ကုလ အတွင်းရေးမှူးချုပ် Antonio Guterres အနေနဲ့ အရင်လို ကုလရဲ့ အပြော ကတိတွေနဲ့သာမဟုတ်ဘဲ၊ လက်တွေ့ ပြုပြင်ပြောင်းလဲမူတွေ လုပ်ပြရတော့မယ်လို့ ဒီအဖွဲ့တွေက ထောက်ပြလိုက်ပါတယ်။

အဲ့ဒီတော့ ဒီထုတ်ပြန်စာရဲ့ အရေးပါနိုင်မူကို မေးရာမှာ Human Rights Watch အဖွဲ့ ပြောခွင့်ရ Louis Charbonneau က

“ဒီကြေညာချက်က အရေးပါ ပါတယ်၊ ဘာလို့လဲဆိုတော့ ဒီလူအခွင့်အရေးအဖွဲ့တွေ အားလုံး အတူ ဝိုင်းပြောကြတာလေ။ တစ်ဖွဲ့ထဲ မဟုတ်ဘူးဗျ၊ ကျွန်တော်တို့ Human Rights Watch အဖွဲ့ တစ်ခုထဲမဟုတ်ဘူးလေ။ အခုဖြစ်တာတွေက လွန်လွန်းအားကြီးနေပြီ၊ တော်သင့်ပြီလို့ ပြောတာလေ။ ဒါကြောင့် ကုလသမဂ္ဂဖက်ကလည်း အလေးအနက်ထား စဉ်းစားမှာပါ။”

ဒီလူ့အခွင့်အရေးအဖွဲတွေကပဲ ကုလသမဂ္ဂအတွင်းရေးမူးချုပ် Guterres အနေနဲ့ ဂွါတီမာလာ သံတမန် Gert Rosenthal ကို မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မူကြီးအတွက် စုံစမ်းစစ်ဆေးဖို့နဲ့ အစီရင်ခံစာထုတ်ပြန်ဖို့ တာဝန်ပေးခဲ့တာ ပထမအဆင့်ကောင်းဖြစ်ပြီး၊ ဒီ အစီရင်ခံစာမှာ ထောက်ပြသလို ကုလသမဂ္ဂ စနစ်အားနည်းချက်ကိုပါ အမြန်ပြင်ဆင်ဖို့ ဆက်လုပ်သင့်တယ်လို့ တိုက်တွန်းထားပါတယ်။

အဲ့ဒီတော့ ဘယ်လို ကုလစနစ်ရဲ့ အားနည်းချက်ပါလဲလို့ မေးရာမှာ ပြောခွင့်ရ Charbonneau က

“ကျွန်တော်တို့အဖွဲ့တွေအနေနဲ့ ကုလ အတွင်းရေးမှူးချုပ်ကို ပြောထားပါတယ်၊ မြန်မာနိုင်ငံမှာ အခုလို ဆိုးဆိုးဝါးဝါးအဖြစ်ကို ရောက်ခဲ့ရတဲ့ သင်ခန်းစာမျိုးက အရင် အလားတူဖြစ်ရပ်တွေကို ကုလသမဂ္ဂဘက်က မတားဆီးနိုင်ခဲ့တာ၊ ဒါမမဟုတ် အရေးပေါ်ခေါင်းလောင်းထိုးနေတာကို မကြားခဲ့ မိတာကြောင့်၊ ဒီ လို ဆိုးဆိုးဝါးဝါးအဖြစ်တွေကို ကြိုရပ်နိုင်ဖို့၊ နိုင်ငံတကာဖက်က လုပ်နိုင်တာတွေ ကြိုမပြင်ခဲ့တာတွေကနေ ရလာတဲ့ ရလဒ်တွေပါ။”

ဒီနှစ် မေလထုတ် သံတမန် Rosenthal ရဲ့ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ လူမဆန်တဲ့ သတ်ဖြတ်၊ ချိုးဖောက်မူတွေ အကြီးအကျယ် လုပ်နိုင်ခဲ့တဲ့အပေါ်၊ ကုလသမဂ္ဂဖက်က ကြိုတားဆီးရေးကြိုးပမ်းဖို့ ပျက်ကွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီတော့ ခုလိုမဖြစ်အောင် ဘယ်လို ပြုပြင်ပြောင်းလဲရေးတွေ ကုလ အတွင်းရေးမှူးချုပ်အနေနဲ့ လုပ်သင့်ပါလဲလို့ မေးရမှာ Charbonneau က ပဲ

“အရေးကြီးဆုံးတစ်ခုကတော့ ခုလိုဖြစ်ရပ်ဆိုးတွေမဖြစ်အောင် အရင် ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ထူတောင်ခဲ့တဲ့ Human Rights Up Front အစီအစဉ်ကို ပြန်အသက်သွင်းဖို့ လိုပါတယ်။ ဒီအစီအစဉ်ကို လက်ရှိ အတွင်းရေးမှူးချုပ်လက်အောက်မှာ မသိမသာ ဖျက်ထားခဲ့တာပါ။ အဲ့ဒါကြောင့် အတွင်းရေးမှူးချုပ် ခန့်အပ်တဲ့ ကုသမဂ္ဂအရာရှိတွေအားလုံး ဖွံဖြိုးရေးလုပ်ငန်းမျိုးထက်၊ လူ့အခွင့်အရေးကို ပိုဦးစားပေးတာ သေချာအောင် အတွင်းရေးမှူးချုပ်ရုံး ထိပ်ဆုံးကနေ စိစစ်ပေးမဲ့သူ မရှိတော့ဘူးလေ။”

ဒီ Human Rights Up Front လုပ်ငန်းစဉ်ပြန်အသက်သွင်းမူအောက်မှာ မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တာအတွက် ဘယ်လိုအရေးယူမူတွေလုပ်နိုင်ပါလဲလို့ မေးရာမှာ Charbonneau က

“မြန်မာနိုင်ငံမှာ ဆိုးဆိုးဝါးဝါးဖြစ်လာတော့မယ့် သတိပေးခေါင်းလောင်းသံတွေကို လျစ်လျူရှုခဲ့တဲ့ ကုလသမဂ္ဂ အရာရှိတွေကိုလည်း အရေးယူဖို့လိုပါတယ်၊ သူတို့ကို နောက်ထပ်ရာထူးတွေ တိုးမပေးသင့်ပါဘူး၊ ဒီအချက်ကို ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေက အလေးထား မကြည့်ခဲ့ပါဘူး။ ဒါကြောင့် ဒီအချက်ကို ထည့်စဉ်းစားဖို့ လိုနေပါပြီ။”

မြန်မာအစိုးရနဲ့ တပ်မတော်ဖက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG