သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မှာ တပ်မတော်ထိန်းသိမ်းထားစဉ် လူ ၆ ဦး သေဆုံးမှု စုံစမ်းစစ်ဆေးဖို့ HRW တိုက်တွန်း


ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှာ တပ်မတော်ရဲ့ ဖမ်းဆီးစစ်ဆေးမှု ခံနေရသူတွေ ထဲက ၆ ဦး သေဆုံးခဲ့ရမှုအတွက် မြန်မာအာဏာပိုင်တွေအနေနဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်သင့်တယ်လို့ Human Rights Watch လူ့အခွင့်ရေး အဖွဲ့ကြီးက မေလ ၆ ရက် တနင်္လာနေ့က ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်နွယ်မှုရှိကြောင်း သံသယရှိသူတွေကို မြန်မာစစ်တပ်က ဖမ်းဆီး စစ်ဆေးနေတာ ဖြစ်ပြီး မေလ ၂ ရက် နေ့ကတော့ အဖမ်းခံရသူတွေထဲက ၆ ဦး သေဆုံးခဲ့ရတာပါ။ မေလ ၅ ရက်နေ့မှာ မြန်မာစစ်တပ်က ဒီဲဖြစ်ရပ်အတွက် အရာရှိ ၅ ဦးပါ အဖွဲ့တဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး မေလ ၃ ရက်နေ့ကစပြီး စုံစမ်း စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ပြောပါတယ်။ ဒါပေမယ့် မြန်မာစစ်တပ်ရဲ့ စုံစမ်းမှုတွေဟာ ထိရောက်မှု ဒါမှမဟုတ် ယုံကြည်မှု ရှိဖို့ရာ စိတ်မချရဘူးလို့ ဖေါ်ပြထားပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ကတည်းက မြန်မာစစ်တပ်နဲ့ AA တို့ရဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွါ ထွက်ပြေးရသူပေါင်း ၃၃ ၀၀၀ ကျော် ရှိနေတာပါ။

ကျောက်တန်းကျေးရွာသား ၂၇၅ ယောက်ကို ဧပြီလ ၃၀ က တပ်မတော်ကနေ ဖမ်းဆီးထိန်းသိမ်းထားပြီး AA နဲ့ ပတ်သက်မှုရှိမရှိ စစ်ဆေးနေရာက မေလ ၂ ရက်နေ့ မနက် ၂ နာရီလောက်မှာ ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီး ၆ ဦးသေဆုံးခဲ့ရတာပါ။ တပ်မတော်ဘက်ကတော့ စစ်ဆေးနေစဉ်အတွင်း လူအင်အားနဲ့ လက်နက်လုခဲ့လို့ လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်တာဖြစ်တယ်လို့ ပြောဆိုခဲ့သလို ဒေသခံရွာသား တွေကတော့ တပ်မတော်ကနေ တမင်ပစ်ခတ်တာဖြစ်ကြောင်း ပြောကြပါတယ်။ ဒါ့ကြောင့် အဖြစ်မှန်ကို သိနိုင်ဖို့ လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့ လူ့အခွင့်ရေး အဖွဲ့ကြီးက ပန်ကြားခဲ့တာ ဖြစ်ပါတယ်။

အလားတူ ထပ်မံမဖြစ်ပွားအောင်၊ ကျူးလွန်သူတွေကို ဥပဒေအရ အရေးယူအပစ်ပေးဖို့၊ တရားဥပဒေစိုးမိုးမှု ရရှိရေးနဲ့ အမြန်ဆုံး ကာကွယ်စောင့်ရှောက်ပေးဖို့ ရခိုင်အမျိုးသားပါတီ ANP ကလည်း နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် တို့ကို မေလ ၂ ရက်နေ့ ရက်စွဲနဲ့ တိုင်ကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG