သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ ရေဘေးအန္တရာယ် HRW သတိပေး


ရိုဟင်ဂျာ ဒုက္ခသည်များ (ဇူလိုင်၊ ၀၄၊ ၂၀၁၈)
ရိုဟင်ဂျာ ဒုက္ခသည်များ (ဇူလိုင်၊ ၀၄၊ ၂၀၁၈)

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ မုတ်သုံရာသီကာလ မိုးများပြီး ရေကြီး မြေပြိုတာတွေကြောင့် ဒုက္ခသည် နေအိမ်တွေ အများအပြား ဆုံးရှုံးရမယ့်အခြေအနေနဲ့ ထိခိုက်ဒဏ်ရာရမှုတွေ များလာနိုင်တဲ့အထိ ဆိုးဆိုးရွားရွား ကြုံနေရတဲ့အကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ Human Rights Watch က ပြောပါတယ်။

ဒီလ အစောပိုင်းကစလို့ ရေကြီးတာနဲ့ မြေပြိုတာတွေကြောင့် Cox’s Bazar ဒေသအနီးက ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည် ၆,၀၀၀ နီးပါး နေစရာအိမ်တွေ ဆုံးရှုံးခဲ့ရပြီး ဒုက္ခသည်တွေခိုလုံနေတဲ့ ယာယီတဲအိမ် ၃၅၀၀ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း၊ ကလေးငယ်တဦးအပါအဝင် လူ နှစ် ဦးသေဆုံးခဲ့တဲ့အကြောင်း ဇူလိုင်လ ၂ ရက်နေ့က ထုတ်ပြန်တဲ့ HRW ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီလ ပထမ ၁၀ ရက်အတွင်း ရေကြီးမှုပေါင်း ၂၈ ကြိမ်ထက်မနည်း ရှိခဲ့ပြီး လေပြင်းတိုက်ခတ်မှု အကြိမ် ၆၀ နဲ့ မြေပြိုမှုပေါင်းကတော့ ၄၀၀ ကျော်ရှိခဲ့တဲ့အကြောင်း ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ နိုင်ငံတကာအဖွဲ့ IOM ကလည်း ထုတ်ပြန်ထားပါတယ်။

ဒီလို ဘေးဒဏ်တွေကိုခံရသူပေါင်း ၂၂,၀၀၀ ကျော်ရှိနေတယ်လို့လည်း ဆိုပါတယ်။ ဒီလို အခြေအနေတွေကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဒုက္ခသည်တွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းနေရာချပေးတာအပြင် ခုလို ဆိုးရွားတဲ့ မုတ်သုံရာသီ ကာလအတွင်း ရာသီဥတုဒဏ် ခံနိုင်မယ့် အဆောက်အအုံတချို့ ဆောက်ခွင့်ပေးဖို့လည်း HRW က တိုက်တွန်းထားပါတယ်။

အစကတည်းက ဆိုးရွားနေတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေကို မုန်သုံမိုးနဲ့ ရေကြီးမြေပြိုမှုတွေက ပိုပြီး ဆိုးရွားစေခဲ့တယ်လို့လည်း HRW က ပြောပါတယ်။ ဒါကြောင့် အကူအညီလိုအပ်နေတဲ့ ဒုက္ခသည်တွေအတွက် အထောက်အပံ့တွေ ဆက်ပြီး ပေးနိုင်အောင် အလှူရှင်အစိုးရတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကူညီပေးဖို့ အရေးကြီးနေတယ်လို့လည်း HRW ရဲ့ ဒုက္ခသည်အခွင့်အရေးဆိုင်ရာ အကြီးအကဲက တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ် သြဂုတ်ကစလို့ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း ရိုဟင်ဂျာမူစလင် ၇၀၀,၀၀၀ ကျော် အိမ်နီးရှင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရတဲ့အကြောင်း HRW နဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုထားတာပါ။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ အဆင်သင့် ပြင်ဆင်ထားကြောင်းနဲ့ နိုင်ငံတကာက စွပ်စွဲသလို ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ရှိခဲ့တယ်ဆိုတာ အပြည့်အဝ မမှန်ကန်ကြောင်း ငြင်းဆန်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ ရေဘေးအန္တရာယ် HRW သတိပေး
please wait

No media source currently available

0:00 0:01:53 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG