သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး ဘင်္ဂလားဒေ့ရ်ှနဲ့ အမေရိကန်အကြား ဆွေးနွေး


ရိုဟင်ဂျာ ဒုက္ခသည်များ
ရိုဟင်ဂျာ ဒုက္ခသည်များ

ရိုဟင်ဂျာ ဒုက္ခသည်အရေး ဖြေရှင်းရာမှာ မြန်မာနိုင်ငံကို တွန်းအားပေးဖို့ ဒုက္ခသည်တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံကြား လက်ခံ သဘောတူခဲ့ကြကြောင်း တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Shahidul Haque အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံရေးရာဌာနကြီး အမြဲတန်း အတွင်းဝန် David Hale တို့ ဦးဆောင်တဲ့ အမေရိကန် ဘင်္ဂလားဒေ့ရှ် သတ္တမအကြိမ် တွေ့ဆုံ ဆွေးနွေးမှုအတွင်း ရိုဟင်ဂျာ ဒုက္ခသည်တွေအရေး ဖြေရှင်းဖို့ ထည့်သွင်း ဆွေးနွေးခဲ့ကြရာမှာ အခုလို သဘောတူ လက်ခံခဲ့တာ ဖြစ်ကြောင်းလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

ပြဿနာ ဖြစ်ရတဲ့ ဇစ်မြစ်ကို ဖြေရှင်းဖို့ ဒုက္ခသည်တွေ ကိုယ့်ဆန္ဒနဲ့အညီ လုံခြုံမှုနဲ့ သိက္ခာရှိရှိ နေရပ်ပြန်နိုင်မယ့် အခြေအနေတွေ ဖန်တီးဖို့ မြန်မာအစိုးရဘက်က ဆောင်ရွက်ဖို့ လိုအပ်နေတာတွေကို အလေးထား ဆွေးနွေးခဲ့ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒုက္ခသည်တွေနဲ့ ဒေသခံ လူမှုအသိုင်းအဝန်းကို ဆက်လက် ပံ့ပိုး ကူညီရာမှာ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ လက်တွဲကြိုးပမ်းဖို့လည်း နှစ် နိုင်ငံ တာဝန်ရှိသူတွေ သဘောတူခဲ့ကြတာပါ။

၂၀၁၇ သြဂုတ်လတုန်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက် အဖွဲ့ကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လိုက်လံရှင်းလင်းတဲ့ စစ်ဆင်ရေးတွေအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက မြန်မာအစိုးရကို တိုက်တွန်းနေတာ ဖြစ်ပါတယ်။

ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ရော ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ပါ မြန်မာအစိုးရက သီးခြား သဘောတူညီချက်တွေ လက်မှတ် ရေးထိုးထားပေမဲ့လည်း လက်တွေ့မှာတော့ အကောင်အထည် မဖော်နိုင်သေးဘဲ ဖြစ်နေတာပါ။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်ခံမထားပေမဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံမှာ ဖြစ်ကြောင်းနဲ့ ပြန်လက်ခံဖို့ အသင့် ရှိနေကြောင်းလည်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG