သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးချိုးဖောက်မှု နှစ်ပတ်လည် အထိမ်းအမှတ် ဘင်္ဂလားရောက် ရိုဟင်ဂျာတွေကျင်းပ


လူ့အခွင့်အရေးချိုးဖောက်မှု နှစ်ပတ်လည် အထိမ်းအမှတ် ဘင်္ဂလားရောက် ရိုဟင်ဂျာတွေကျင်းပ ( ဓါတ်ပုံ- U MG MG )
လူ့အခွင့်အရေးချိုးဖောက်မှု နှစ်ပတ်လည် အထိမ်းအမှတ် ဘင်္ဂလားရောက် ရိုဟင်ဂျာတွေကျင်းပ ( ဓါတ်ပုံ- U MG MG )

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လွန်ခဲ့တဲ့ ၇ နှစ်က ကြုံခဲ့ရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တရားမျှတမှု ရရှိရေး၊ လုံခြုံမှုရရှိရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေကြတဲ့ ရိုဟင်ဂျာတွေ တောင်းဆိုလိုက်ကြပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အစပြုခဲ့တဲ့ ဖြစ်ရပ်နဲ့ ကြုံခဲ့ရတဲ့ ၂၀၁၂ ခုနှစ်က ဖြစ်ရပ်တွေအတွက် အောက်မေ့ဘွယ် အခမ်းအနားတွေနဲ့ ဆန္ဒပြပွဲတွေ ကျင်းပခဲ့ကြပြီး ဒီနေ့မှာတော့ မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေကို ရိုဟင်ဂျာ ဒုက္ခသည်တွေက လိုလားချက်တွေကို ပေးပို့ခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် ဆက်ပြောပြပါမယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ် ဇွန်လထဲ စတင်ခဲ့တဲ့ အဓိကရုဏ်းတွေနဲ့ ၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ၊ တရားမျှတမှု ရရှိရေး၊ လုံခြုံမှုရှိရှိ နေထိုင်နိုင်ရေး တောင်းဆိုနေကြတာပါ။ မနေ့တုန်းက ဒုက္ခသည်စခန်းတွေမှာ ဆန္ဒပြပွဲတွေ ကျင်းပခဲ့ကြပြီးနောက် ဒီနေ့မှာတော့ ဥပဒေမဲ့ သတ်ဖြတ်မှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နောက်နောင် မပေါ်ပေါက်အောင်နဲ့ နစ်နာခဲ့ရသူတွေအတွက် တရားမျှတမှု ရရှိရေး၊ ဘေးကင်းလုံခြုံမှုရှိရှိ နေရပ်ပြန်နေထိုင်နိုင်ရေး မြန်မာအစိုးရ ထိပ်တန်းခေါင်းဆောင်တွေ ဖြစ်ကြတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်အပြင် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကိုလည်း အိတ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့ကြောင်း ဘာလုခါလီဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည်ဦးအီစလံက ပြောပါတယ်။

“ဇွန် ၃ ရက် ဘာသာရေးခေါင်းဆောင်၊ မြန်မာမွတ်ဆလင် ၁၀ ဦးအပါအဝင် ရိုဟင်ဂျာလူမျိုးအများစု သတ်ဖြတ်ခံရတဲ့နေ့ ဆိုပြီးတော့ ဒီမှာ ဒုက္ခသည်စခန်း အသီးသီးမှာ ဝမ်းနည်းပွဲအခမ်းအနားကျင်းပါတာဖြစ်တယ်။ နောက်ပြီးတော့ ရခိုင်ပြည်နယ်တခုလုံးမှာ ရိုဟင်ဂျာမွတ်ဆလင်တွေ ရာပေါင်းများစွာ အသတ်ခံရပြီး ကျူးလွန်သူတွေကို အရေးယူဆောင်ရွက်ဖို့အတွက်ရော ဒီလိုမျိုးနောက်မဖြစ်အောင် အစိုးရအနေနဲ့ကာကွယ် စောင့်ရှောက်သွားဖို့အတွက် ကျနော်တို့က တောင်းဆိုချင်းဖြစ်ပါတယ်။”

၂၀၁၂ကတည်းက တိမ်းရှောင်လာရတဲ့ဒုက္ခသည်တွေရော ၂၀၁၇ခုနှစ် အကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်း နယ်မြေရှင်းလင်းမှုတွေအတွင်း ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေပါ စုပေါင်းပြီး ရခိုင်မှာ ဖြစ်သွားခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခတွေအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို စုံစမ်းစစ်ဆေးပေးဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကို တောင်းဆိုကြတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားအနီးက ကုတုပလောင်ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည် ဦးမောင်မောင်ကလည်း ပြောပါတယ်။

“ဘာလုခါလီမှာလည်း လုပ်တယ် ဒီမှာလည်းလုပ်တယ် ဟိုဘက်မှာရှိတဲ့ ဒုက္ခသည်စခန်းမှာ လည်းလုပ်တယ် ဒီဘက်မှာလည်းလုပ်တယ် စခန်းတိုင်းမှာ လုပ်တယ်။ အထူးသဖြင့်ကတော့ ကျနော်တို့ ၂၀၁၂ တုန်းက ရန်ကုန်က အစ္စလာမ်ဘာသာရေးခေါင်းဆောင် ၁၀ ယောက် သတ်ဖြတ်ခံရတဲ့ ကိစ္စတွေ၊ နောက်ပြီးတော့ ဇွန်လ ၆ ရက်နေ့မှာ စတင်ပြီးတော့ ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေနဲ့ ဆက်လက်ပြီးတော့ ကျနော်တို့ အခုထိ ကြုံတွေ့လာရတဲ့ ကိစ္စတွေနဲ့ ကျနော်တို့ နိုင်ငံတကာကို လည်းကောင်း၊ မြန်မာ့အစိုးရကိုလည်းကောင်း ကျနော်တို့ တရားမျှတမှုကို ရဖို့အတွက် ကျနော်တို့ခေါင်းစဉ် ပိုစတာထဲမှာလည်း ရေးသားထားတာရှိပါတယ်။ အဲဒါကို မြန်မာအစိုးရနဲ့ တခြားနိုင်ငံတကာကို ကျနော်တို့ တောင်းဆိုသွားတာပေါ့။”

အခုလက်ရှိ ဒုက္ခသည်စခန်းတွေထဲမှာ ရာသီဥတုဒဏ်ဆိုးဝါးစွာရင်ဆိုင်နေရသလို စားနပ်ရိက္ခာနဲ့သောက်သုံးရေလည်း အခက်အခဲဖြစ်နေကြတဲ့အတွက် သူတို့အတွက် လုံခြုံစိတ်ချစွာ နေရပ်ရင်းပြန်နိုင်ရေး မြန်မာအစိုးရဘက်ကလည်း အမြန်ဆုံးအလေးထား ဆောင်ရွက်ပေးဖို့ကိုလည်း ဒုက္ခသည်တွေက လိုလားကြောင်း ဦးမောင်မောင်ကပြောပါတယ်။

“ဒီမှာရှိတဲ့လူတွေက အခုကျနော်တို့ ဒီမှာလည်း မိုးလေဝသအခြေအနေက မကောင်းပါဘူး။ ကျနော်တို့ ဒီမှာ လုံးဝမနေနိုင်ဘူး မူလနိုင်ငံကို မြန်မာနိုင်ငံကိုပဲ ပြန်ချင်တာ။ အခုဒုက္ခသည်စခန်းမှာ မိုးရာသီထဲမှာ အင်မတန်ခက်ခဲပါတယ်။ ဒီမှာ မြေပြိုမှုတွေလည်း များလာတယ်။ မုန်တိုင်းတွေလည်းရှိနေတယ်။ ကျနော်တို့ ကိုယ်တိုင်ဒီမှာကြုံတာကို ကျနော်တို့ ပြောမယ်ဆိုရင် ကျနော်တို့ ဒီမှာ ၁ နာရီတောင်မနေချင်ဘူး ကိုယ့်နိုင်ငံမှာ ပြန်နေချင်တယ်။ မြန်မာ့အစိုးရက ဒါနဲ့ ပတ်သက်ပြီးတော့ ဘာလုပ်မလဲဆိုတာကို ကျနော်တို့ စောင့်မျှော်နေကြတာပေါ့။”

ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားတဲ့ မြန်မာစစ်တပ်နဲ့ အစိုးရကတော့ ဒုက္ခသည်တွေနဲ့ နိုင်ငံတကာက စွပ်စွဲနေသလောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တာမရှိကြောင်းလည်း ငြင်းဆန်ထားပြီး၊ ကျုးလွန်သူတွေကို အရေးယူခဲ့တာတွေ ရှိခဲ့ကြောင်းလည်း ပြောဆိုထားပါတယ်

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG