သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ANP ပိုမိုထိရောက်အောင် ပြင်ဆင်ဖွ့ဲစည်း


ရခိုင်အမျိုးသား ပါတီ ANP (စက်တင်ဘာ၊ ၀၃၊ ၂၀၁၅)
ရခိုင်အမျိုးသား ပါတီ ANP (စက်တင်ဘာ၊ ၀၃၊ ၂၀၁၅)

ရခိုင်ပြည်နယ်မှာ ရင်ဆိုင်နေရတဲ့ ပဋိပက္ခတွေကို ဖြေရှင်းသွားနိုင်ဖို့နဲ့ ရခိုင်ပြည်သူတွေရဲ့ဘဝ ဖွံ့ဖြိုး တိုးတက်လာစေဖို့အတွက် ရခိုင်အမျိုးသား ပါတီ ANP ကို ပုံသဏ္ဍာန်အားဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ပါတီခေါင်းဆောင်တဦးက VOA မြန်မာပိုင်းကို ပြောကြားပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ အများစုအနိုင်ရခဲ့ပေမယ့် ပြည်သူလူထုအတွက် ထင်သလောက် အလုပ်အကျွေးမပြုနိုင်ခဲ့တဲ့ ANP ပါတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲ အလွန်ကာလမှာ ချည်းကပ်မှုအသစ်တွေနဲ့ လုပ်ဆောင်သွားဖို့ ANP ဒုတိယအကြိမ် ပါတီညီလာခံကနေ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ အကြောင်းစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ဇွန်လ ၁ ရက် စနေနေ့ စစ်တွေမှာကျင်းပတဲ့ ANP ရခိုင်အမျိုးသားပါတီရဲ့ ဒုတိယအကြိမ် ပါတီဗဟိုညီလာခံကနေ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၂၅ ဦးကို ရွေးချယ်တင်မြှောက်ခဲ့သလို ပါတီရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ၉ ဦးကို ရွေးချယ်တင်မြှောက်ခဲ့တာပါ။ ဒါဟာ ရခိုင်ပြည်သူတွေ ရင်ဆိုင်နေရတဲ့ ပဋိပက္ခတွေ ဖြေရှင်းဖို့နဲ့ ရခိုင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါတီတွင်း ပြင်ဆင်ဖွဲ့စည်းမှုဖြစ်ကြောင်း ANP ပါတီ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးဦးလှစောက VOA ကိုပြောပါတယ်။

"ပါတီထဲမှာ အတွေ့အကြုံလဲရှိတယ်။ အသက်လည်းကြီးတယ်ပေါ့လေ... အဲ့ဒီလိုလူတွေကတော့ ကျနော်တို့ ပါတီရဲ့ CC,CEC ဆိုတဲ့ ကျနော်တို့ အဲ့လို ဖွဲ့စည်းပုံ mechanism ထဲမှာ မပါဘဲနဲ့ ပါတီရဲ့ မူဝါဒပိုင်းဆိုင်ရာမှာတော့ ကျနော်တို့က ထိန်းကွပ် ထိန်းညှိပေးဖို့ steering လုပ်တဲ့သဘောမျိုးတော့ ကျနော်တို့ အဲ့အဖွဲ့ကို power ပေးထားတယ်။ ပါတီတခုမှာ ပါတီ ဥက္ကဋ္ဌနဲ့ ပါတီ အတွင်းရေးမှူးက ပါတီရဲ့ အာဏာကို တည်ဆောက်ပြီးတော့ အဲ့ဒီပါတီရဲ့ power ကို သုံးရတဲ့ အဖြစ်မျိုးမဖြစ်အောင် ကျနော်တို့ အသက်အရွယ် ကြီးရင့်တဲ့သူတွေက ကျနော်တို့ အဲ့ဒီဘေးကို ထွက်ပြီးတော့ ပါတီ မူဝါဒတွေ ထိန်းကျောင်းတယ်။ တချိန်ထဲမှာ ကျနော်တို့ က ပါတီရဲ့ ပုံမှန် CC,CEC ရဲ့ ခေါင်းဆောင်မှုကျတော့ ကျနော်တိုက တခြား နိုင်ငံရေး အတွေ့ကြုံရှိတဲ့ လူငယ်တွေ၊ လူလတ်ပိုင်းတွေကို ဦးစားပေးတဲ့ သဘောမျိုးနဲ့ ကျနော် အဲ့လိုလုပ်တဲ့ သဘောပါ။"

အခုလာမယ့် နှစ်ကာလတွေအတွင်း ရခိုင်ပြည်နယ်က စစ်ရေးမငြိမ်သက်မှု အပါအဝင်၊ ရခိုင်ဒေသတွင်း တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ရိုဟင်ဂျာ မူဆလင်အရေးကိစ္စ စတာတွေကို ပါတီကအလေးထား ကိုင်တွယ်ဆောင်ရွယ်သွားမယ်လို့ ဦးဦးလှစောက ပြောပါတယ်။

"ကျနော်တို့ ရခိုင့်လူ့အဖွဲ့အစည်း ကြုံတွေ့နေတာကတော့ အဓိကကတော့ဗျာ နိုင်ငံတကာနဲ့ ပတ်သက်တဲ့ ဘင်္ဂါလီ issue၊ တရုတ်ပြည်ရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ ရခိုင်နဲ့ ဘယ်လိုပတ်သက်လာတဲ့အခါမှာ ရခိုင်တွေက ဘယ်လိုရပ်တည်မလဲဆိုတဲ့ ကိစ္စ၊ နောက် ပြည်တွင်းစစ်နဲ့ ပတ်သက်ပြီးတော့ AA နဲ့ ပတ်သက်တဲ့ ပြဿနာ၊ ဖက်ဒရယ် ရေးရာ၊ တခြား ကျနော်တို့ ရခိုင်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လူမှု့စီးပွားဖွံ့ဖြိုးရေးကိစ္စ၊ အကုန်လုံးပါမှာပါ။"

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတော့ ရခိုင်တိုင်းရင်းသားတွေကရော အစိုးရနဲ့ တပ်မတော်ကပါ လက်မခံ ပယ်ချထားပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာတုန်းက ရခိုင်ပြည်နယ်မှာ ANP ပါတီက အများစုအနိုင်ရခဲ့ပေမယ့် လုပ်ပိုင်ခွင့်သိပ်မရှိပဲ ပြည်သူကို ထင်သလောက် အလုပ်အကျွေး မပြုနိုင်ခဲ့တာကြောင့် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာပြန်ပြီး အများစုအနိုင်ရခဲ့ရင် ချည်းကပ်မှုအသစ်တွေနဲ့ လုပ်ဆောင်သွားမယ်လို့ ANP ပါတီခေါင်းဆောင်တဦးဖြစ်သူ ဦးဦးလှစောက ပြောပါတယ်။

"ဒီကျနော်တို့ ရခိုင်ပြည်နယ်မှာ ရခိုင်ပါတီဟာ နိုင်ငံရေးအားဖြင့် သြဇာရှိတယ်၊ လူထုက လက်ခံနိုင်တယ်။ နောက် ရခိုင်ပြည်ရဲ့ စီမံခန့်ခွဲမှု ပြဿနာကို ရခိုင်ပါတီနဲ့ ရခိုင်ပြည်သူလူထုကိုပဲ လွှဲပေးသင့်ပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံအရ အကန့်အသတ်ရှိနိုင်တယ်ဆိုတာလည်း ကျနော်တို့ လက်ခံတယ်။ အဲ့ဒါကျတော့ နိုင်ငံရေးအားဖြင့် တပြည်လုံးအတိုင်းအတာနဲ့ သြဇာရှိတဲ့၊ အနိုင်ရရှိတဲ့ နိုင်ငံရေးပါတီရဲ့ သဘောထားကြီးမှု နောက်တခုက နိုင်ငံရေးပါတီအပါအဝင် ဒီဗမာပြည်နိုင်ငံရေးထဲမှာ သြဇာကြီးနေတဲ့ တပ်မတော် ခေါင်းဆောင်တွေရဲ့ သဘောထားကြီးမှု အဲ့ဒီသဘောထားကြီးမှု ၂ ရပ်အပေါ်မှာ မူတည်ပြီးတော့ ဖြေရှင်းလို့ရပါတယ်။ အဲ့လို စီမံခန့်ခွဲမှုပေးမယ်ဆိုလို့ရှိရင် ပြည်တွင်းမှာ ကျနော်တို့ အခုပြောနေတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတဲ့ National reconciliation ရယ်၊ ကျနော်တို့ Redical လိုင်း တွေရယ် နောက် federal ကို ဦးတည်နေတဲ့ဆီကို ကျနော်တို့ သွားနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် အဲ့ဒီဟာက ပြည်တွင်းငြိမ်းချမ်းရေးကို ဦးတည်မယ်လို့ ထင်တယ်။ အဲ့လိုမဟုတ်ဘဲနဲ့ နိုင်ငံရေးပါတီကြီးတခုက အာဏာရှင်သဘောမျိုးဆန်ဆန် အထိန်းအချုပ်ထားပြီးတော့ federalism ကို ပိုမြှင့်မယ်ဆိုလို့ရှိရင် ကျနော်တို့ National Reconciliation လည်းပေါ်လာနိုင်စရာအကြောင်းမရှိဘူး။ ပြည်တွင်းစစ်ချုပ်ငြိမ်းတဲ့ဘက်ကိုလည်း ဦးတည် သွားမှာမဟုတ်ဘူး။ Federal စနစ်ကို ဦးတည်သွားတဲ့ model တခုကိုလည်း ကျနော်တို့ ရောက်မှာ မဟုတ်ဘူး။"

ANP ပါတီရဲ့ဥက္ကဋ္ဌဟောင်း ဒေါက်တာအေးမောင်ကတော့ ၂၀၁၈ ဇန်နဝါရီလထဲမှာ ရခိုင့်အချုပ်အခြာ အာဏာကျဆုံးခြင်း ၂၂၃ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားမှာ နိုင်ငံတော်အကြည်ညိုပျက်စေတဲ့ စကား ပြောဆိုခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ မတ်လအတွင်း ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံရပါတယ်။ အခု ဒုတိယအကြိမ်ပါတီ ညီလာခံကနေ ANP ပါတီဥက္ကဋ္ဌအဖြစ် ဦးသာထွန်းလှ(ရန်ကုန်)၊ အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးနဲ့ ဘဏ္ဍာရေးမှူး(၁)အဖြစ် ဒေါ်ခင်စောဝေတို့ကို ရွေးချယ်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG