ရခိုင်ပြည်နယ် အကျပ်အတည်းအပါအ၀င် မြန်မာနိုင်ငံ ကြုံနေရတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ လေ့လာအကဲခတ်ဖို့ ရောက်ရှိလာတဲ့ အမေရိကန် လွှတ်တော်ဝန်ထမ်းတွေ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီသီတင်းပတ်ထဲမှာပဲ ရခိုင်အစိုးရ တာဝန်ရှိသူတွေ၊ နိုင်ငံရေး ပါတီတွေနဲ့ ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ရခိုင်ပြည်နယ်တွင်း ပြည်သူ့ထောက်ခံမှု အများဆုံး ရထားတဲ့ ရခိုင်အမျိုးသားပါတီကတော့ ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးရသူတွေကို ပြန်လည်လက်ခံရေးကို မူအားဖြင့် လက်ခံပေမယ့် အစိုးရရဲ့ သတ်မှတ်ချက်တွေ အတိုင်းတော့ လိုက်နာဖို့ လိုတယ်လို့ ပြောဆိုခဲ့တာပါ။ မသိင်္ဂီထိုက် စုစည်း တင်ပြထားပါတယ်။
အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီ အကြီးတန်း တာဝန်ခံ Charlotte Oldham-Moore ဦးဆောင်တဲ့ အထက်နဲ့ အောက် လွှတ်တော်နှစ်ရပ်က နိုင်ငံခြား ဆက်ဆံရေး ကော်မတီတွေက ၀န်ထမ်းအဖွဲ့၊ နောက် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ USAID က တာဝန်ရှိသူတွေ မြန်မာ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး မြန်မာ့ ဒီမိုကရေစီအရေး၊ ရခိုင်ဒေသ အရေးတွေကို ဆွေးနွေးခဲ့ပါတယ်။ အမေရိကန် လွှတ်တော်နှစ်ရပ်က နိုင်ငံခြားရေးရာ ကော်မတီက ၀န်ထမ်းအဖွဲ့ရဲ့ ရန်ကုန်၊ နေပြည်တော်နဲ့ ရခိုင်ဒေသ ခရီးစဉ်တွေနဲ့ ပတ်သက်လို့ မြန်မာဆိုင်ရာ အမေရိကန် သံရုံးတာဝန်ရှိသူ တဦးက အခုလို ပြောပါတယ်။
“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေ၊ ရခိုင်ပြည်နယ်နဲ့ နိုင်ငံတ၀န်းက ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနဲ့ တာဝန်ခံမှုတွေအတွက် ကြိုးပမ်းမှုတွေမှာ အမေရိကန် အနေနဲ့ ဘယ်လိုအားပေးကူညီနိုင်မလဲဆိုတာကို ပိုမိုနားလည်သိရှိနိုင်ဖို့ သွားရောက်လေ့လာခဲ့ကြတာပါ။”
အမေရိကန် ကိုယ်စားလှယ်အဖွဲ့က ရခိုင်အစိုးရ တာဝန်ရှိသူတွေနဲ့ စစ်တွေမြို့မှာ မနေ့က တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။ ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးရသူတွေကို ပြန်လည်လက်ခံရေးနဲ့ ပြန်လည် နေရာချထားရေး မြန်မာဘက်က ဆောင်ရွက်နေတာတွေ၊ နေရပ်စွန့်ခွာ ထွက်ပြေးသူတွေကို လက်ခံရေး စခန်းတွေ၊ ကြားစခန်းတွေ တည်ဆောက်ပြီးစီးမှု၊ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာရဲ့ အကူအညီတွေ၊ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တဲ့ မောင်တော ဒေသတွင်း သတင်းထောက်တွေ သတင်းရယူခွင့် အခြေအနေတွေကို ရခိုင်အစိုးရနဲ့ ဆွေးနွေးခဲ့ကြတာပါ။ မြန်မာဆိုင်ရာ အမေရိကန် သံရုံးတာဝန်ခံ တဦး က အခုလို ပြောပါတယ်။
“မြန်မာနိုင်ငံအပေါ် အမေရိကန်ရဲ့ မူဝါဒနဲ့ ပတ်သက်လို့ သက်ဆိုင်သူတွေ အားလုံးကြားမှာ နားလည်မှုတွေ ပိုမိုရရှိလာဖို့ ကျမတို့ မျှော်လင့်ပါတယ်။ လွှတ်တော်ဝန်ထမ်းတွေ လေ့လာကြားသိခဲ့ရတဲ့ သတင်းအချက်အလက်တွေ၊ ရန်ကုန်၊ နေပြည်တော်နဲ့ ရခိုင်ပြည်နယ်တွေမှာ ကြားသိခဲ့ရတဲ့ သဘောထားအမြင်တွေဟာ မြန်မာနိုင်ငံအပေါ် မူဝါဒတွေချမှတ်ရာမှာ အထောက်အကူ ပေးနိုင်လိ့မ်မယ်လို့လည်း မျှော်လင့်ပါတယ်။”
ရခိုင်ပြည်နယ် ခရီးစဉ်မှာတော့ နိုင်ငံရေးပါတီတွေ၊ သက်ကယ်ပြင်နဲ့ အောင်မင်္ဂလာရပ်ကွက်က အစ္စလာမ် ဘာသာဝင်တွေ၊ ကုလနဲ့ နိုင်ငံတကာ အဖွဲ့တွေနဲ့လည်း အမေရိကန် လွှတ်တော် ၀န်ထမ်းအဖွဲ့က တွေ့ဆုံခဲ့တာပါ။ ရခိုင်ပြည်နယ်တွင်း ပြည်သူ့ထောက်ခံမှု အများဆုံး ရထားတဲ့ ရခိုင်အမျိုးသားပါတီ ANP တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတာမှာတော့ ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးရသူတွေ ဌာနေပြန်ရေး လုပ်ငန်းစဉ်နဲ့ ဒီလူတွေ နေရပ်ရင်းတွေမှာ ပြန်နေရင် လူမှု အသိုင်းအ၀ိုင်း ၂ ခုကြား သဟဇာတ ဖြစ်ပါ့မလားဆိုတာ အပြင် ဒုက္ခသည် ပြန်လည် လက်ခံရေး လုပ်ငန်းစဉ် အပေါ် မြန်မာ အစိုးရ အပေါ် သဘောထားတွေကိုလည်း ဆွေးနွေးခဲ့ကြတာပါ။
ရခိုင်အမျိုးသားပါတီ ဒုတိယ ဥက္ကဌ ဒေါ်အေးနုစိန်ကတော့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးဆိုတာကို မူအားဖြင့် သဘောတူတယ်လို့ ဗွီအိုအေကို ပြောပါတယ်။
"ဒီနိုင်ငံကဆိုပြီးပြောတဲ့အထောက်အထားတွေ ပြသနိုင်တဲ့လူဆိုရင်တော့ လက်ခံသင့်တယ်ဆိုတဲ့ ယေဘုယျမူတော့ရှိတယ်။"
ဒါပေမယ့် ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးသူတွေ အနေနဲ့ ဆန္ဒအလျောက် ပြန်လာဖို့ဆိုတဲ့ အပေါ်မှာ မေးခွန်းထုတ်ပြီး ပြန်လာရင်လည်း အစိုးရရဲ့ အစီအစဉ်အတိုင်း လိုက်နာရမှာ ဖြစ်တယ်လို့ ရခိုင်အမျိုးသား ပါတီ ဒုဥက္ကဌ ဒေါ်အေးနုစိန်က ပြောပါတယ်။
"ပြန်လာမယ်ဆိုတာထက် ဟိုဘက်ကလူတွေ တကယ်ပဲ ပြန်လာချင်သလား။ ပြန်လာကြမယ်ဆိုရင် ဒီနိုင်ငံမှာနေမယ်ဆိုရင် ဒီနိုင်ငံက နေရာချထားရေးနဲ့ ပတ်သက်ပြီးတော့ အစိုးရရဲ့ အစီအမံတွေရှိတယ်။ ဆိုတော့ ပြန်လည်နေရာချထားရေးကတော့ အစိုးရရဲ့ အစီအမံနဲ့ ဆိုင်တယ်။ ဒီနိုင်ငံမှာနေချင်ရင်တော့ အစိုးရရဲ့ အစီအမံကို လိုက်နာဖို့ တာဝန်ရှိတယ်ဆိုတာမျိုးတွေ ကျမတို့ဘက်က ဆွေးနွေးကြပါတယ်။"
ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေရှ့် နိုင်ငံဘက်ကို လူပေါင်း သိန်းချီ ထွက်ပြေးခဲ့မှု အပေါ် အစိုးရက ကိုင်တွယ် ဖြေရှင်းဖို့ ကြိုးစားတဲ့ နေရာမှာ ရခိုင်ပြည်နယ်တွင်းက အဓိက ကျတဲ့ ရခိုင်အမျိုးသားပါတီရဲ့ သဘောထားကို နိုင်ငံတကာ သံတမန်တွေ အကြိမ်ကြိမ် လာရောက် ဆွေးနွေး မေးမြန်းပေမယ်လို့ မြန်မာ အစိုးရဘက်ကတော့ ပါတီရဲ့ သဘောထားကို မေးမြန်းတာမျိုး မရှိဘူးလို့လည်း ဒေါ်အေးနုစိန်က ပြောပါတယ်။ ဘင်္ဂလားဒေရှ့်ဘက်မှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက လူ ၈၀၀ တို့ကိုတော့ မြန်မာ အစိုးရဘက်က စိစစ်ပြီးစီးသွားပြီ ဖြစ်ပြီး ဒီလူတွေကို လက်ခံဖို့ အသင့်ရှိပြီလို့ ဘင်္ဂလားဒေရှ့်ဘက်ကို အကြောင်းကြားထားတာပါ။