သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ဒုက္ခသည်အရေး လုံခြုံရေးကောင်စီ အင်္ဂါနေ့ ဆွေးနွေးမည်


လုံခြုံရေးကောင်စီ
လုံခြုံရေးကောင်စီ

ဒီကနေ့ လုံခြုံရေးကောင်စီမှာပြုလုပ်မယ့် မြန်မာ့အရေးအစည်းအဝေးမှာ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ရင်းပြန်ရေး နောက်ဆုံးအခြေအနေတွေကို အဓိကဆွေးနွေးဖို့ရှိနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်းကပြောပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi နဲ့ နိုင်ငံရေးဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှုးချုပ် Jeffrey Feltman တို့နှစ်ဦးကိုယ်တိုင်လည်း အဲဒီဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ် ပြဿနာနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ နောက်ဆုံး အခြေအနေတွေကို တင်ပြကြမှာဖြစ်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။

ဒီကနေ့ မျက်မှောက်ခေတ်မှာ ကမ္ဘာ့အကြီးမားဆုံး လူသားဘေးဒုက္ခဖြစ်လာတဲ့ ရိုဟင်ဂျာပြဿနာကို မြန်မာအစိုးရ ကိုင်တွယ်ဖြေရှင်းနေတဲ့ အခြေအနေကို လုံခြုံရေးကောင်စီက စောင့်ကြည့်နေတာပါ။ ဖေဖေါ်ဝါရီလ ၁၃ ရက် အင်္ဂါနေ့မှာ အများပြည်သူသိပြုလုပ်တဲ့ လုံခြုံရေးကောင်စီရဲ့ အစည်းအဝေးမှာ ဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ၇၀၀,၀၀၀ သိန်းနီးပါး မြန်မာနိုင်ငံဘက်က စီစစ်ပြန်ပြီးလက်ခံမယ့် နောက်ဆုံးအခြေအနေကို အဓိကဆွေးနွေးကြမှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ မြန်မာအစိုးရကိုယ်စားလှယ်အဖြစ် တုန့်ပြန်ပြောဆိုဖို့ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်း က ဗွီအိုအေကိုပြောပါတယ်။

“အဓိကတော့ အရင်သဘာပတိ ထုတ်ပြန်ချက်ထဲမှာ ပါတဲ့အတိုင်း တဖက်နိုင်ငံကို တိမ်းရှောင်သွားတဲ့ သူတွေ ပြန်လည်လက်ခံရေးကိစ္စ။ ဒါကတော့ အဓိက ဖြစ်မှာပေါ့ အဲဒါနဲ့ နောက်နိုင်ငံသား ပြုတဲ့ကိစ္စ ဒါတွေဖြစ်မှာပေါ့။ ဆိုတော့ ကျနေ်ာတို့ ဘက်ကတော့ အများသိတဲ့အတိုင်းပဲ ကျနော်တို့ကတော့ ပြန်လည်လက်ခံရေးအတွက် အဆင်သင့်ဖြစ်နေပြီ။ ၂ နိုင်ငံ ဘင်္ဂလားဒေ့ရှ်နဲ့ သဘောတူညီထားတဲ့ အတိုင်းပဲ ပြန်လည်လက်ခံဖို့ သဘောတူညီထားတယ်။ နောက်ပြီးတော့ နေရာချထားဖို့ လုပ်ငန်းနေရာတခု ပြင်ဆင်ထားပြီးပြီ။ အဓိကတော့ကျနော်တို့ ပြန်လည်လက်ခံဖို့ အဆင်သင့်ဖြစ်နေတာကို လုပ်ငန်းတကယ်စဖို့ဆိုရင် ဟိုဘက်က စိစစ်ပြီးသား စာရင်းကို ကျနော်တို့ကို ပေးရမှာပေါ့။ ပြီးတော့မှ အဲဒီ စာရင်းကိုကြည့်ပြီးတော့မှ မှန်ပြီ ဒီလူတွေကတော့ ရခိုင် မောင်တောဒေသမှာ အမှန်တကယ်နေထိုင်ခဲ့တာ ဟုတ်မဟုတ်ဆိုတာကို ကျနော်တို့က စိစစ်ရမှာ။ စိစစ်ပြီးတော့မှ တခါ မှန်ပြီ ဆိုပြီး အဲဒီစာရင်းကိုပြန်ပို့ပြီးတော့ အဲဒီအတိုင်း လက်ခံဖို့ သူတို့ပြန်လာဖို့အစီအစဉ် ကျနော်တို့ စရမှာကို။ ဆိုတော့ ဘင်္ဂလားဒေ့ရှ်ဘက်က အကြောင်းအမျိုးမျိုးကြောင့်ပေ့ါဗျာ သူတို့ဆီက ပြန်ပို့မယ့်စာရင်းလည်း မပေးနိုင်သေးတဲ့အခါကျတော့ ကျနော်တို့ဒီလုပ်ငန်းစတင်လို့မရသေးတာပါပဲ။

မေး။ ။ အခုဖြစ်နေတာက ဒုက္ခသည်တွေပြန်ပြီးလက်ခံမယ့်ကိစ္စမှာ ဒီလောက် သိန်းနဲ့ချီတဲ့လူတွေ ပြန်ပြီး နေရာချထားရေးနဲ့ သူတို့ဘဝတွေ ပြန်ပြီးတည်ဆောက်ရေး အတွက် အကူအညီတွေအများကြီးလိုမယ့်ကိစ္စမှာ မြန်မာအစိုးရဘက်က ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိဘူးလို့ ဝေဖန် ထောက်ပြနေတာပါ။ ဒီအပေါ်မှာ သံအမတ်ကြီးရဲ့ အမြင်ဘယ်လို ရှိလဲရှင့်။

ဖြေ။ ။ ဒီဟာကတော့ အခုလောလောဆည် ကျနော်တို့ရဲ့ capacity နဲ့ ကျနော်တို့ လုပ်နိုင်တဲ့အတိုင်းအတာနဲ့ တနေ့ကို လူ ၃၀၀ လက်ခံဖို့ ကျနော်တို့က လုပ်ထားတာကို။ ကျနေ်ာတို့ ပြန်လည်လက်ခံတဲ့ စခန်း ၂ ခုမှာ တခုမှာ ၁၅၀ ဆိုတော့ ၃၀၀ ပဲ တရက်လက်ခံဖို့ကို စိစစ်ရဦးမှာကို။ သူတို့ကို ၃၀၀ ပဲလက်ခံဖို့ကို ကျနော်တို့က တနိုင်တပိုင်ပဲ လောလောဆည်ကျနော်တို့ ပြင်ဆင်ထားတဲ့ဟာနဲ့က ဘာမှ မနိုင်စရာလည်း မရှိဘူးလေ။ ကျနော်တို့က စိစစ်ပြီးတော့ မှန်တယ်ဆိုတာနဲ့ သူတို့ရောက်လာတဲ့အခါ လက်ခံဖို့ပဲ လောလောဆည်က ကျနော်တို့က ၃၀၀ လောက်ကို နိုင်တယ်။ သို့သော်လည်း နောင်တနေ့မှာ တကယ်လို့ လူဦးရေများလာမယ်။ လက်ခံရေးစခန်းတွေ တိုးချဲ့လာမယ်။ ပြန်လာတဲ့လူတွေလည်း များလာမယ်ဆိုရင် အဲဒီအခါကျတော့ လိုအပ်သလို ကျနော်တို့က အကူအညီတောင်းရင်တော့ တောင်းရမှာပေါ့လေ။ အဲဒါရှိမှာပေါ့။”

ဒီကနေ့ လုံခြုံရေးကောင်စီမှာ ရိုဟင်ဂျာဒုက္ခသည်အရေး နောက်ဆုံးအခြေအနေတင်ပြမယ့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi ကတော့ ဒုက္ခသည်တွေနေရပ်ပြန်ပို့ရေးကိစ္စမှာ မြန်မာအစိုးရဘက်က ဖြေရှင်းပေးဖို့ လိုအပ်နေတဲ့ ပြဿနာတွေကို ထိထိရောက် ဖြေရှင်းဆောင်ရွက်ချင်းမရှိသေးတဲ့အတွက် ဒုက္ခသည်တွေပြန်ဖို့ အချိန်စောနေသေးကြောင်း ဇန်နဝါရီလက သတင်းထောက်တွေကိုပြောဆိုခဲ့ပါတယ်။ ဒါအပြင် ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ကိစ္စမှာ အဓိက မြန်မာအာဏာပိုင်တွေဘက်က သံဓိဌာန်ခိုင်ခိုင်မာမာနဲ့ နိုင်ငံရေးအရ လုပ်ဆောင်လိုစိတ် ရှိဖို့လိုအပ်နေကြောင်းသူက ပြောပါတယ်။

အလားတူ Filippo Grandi နဲ့အတူ အစီရင်ခံတင်ပြမယ့် ကုလသမဂ္ဂလက်ထောက် အတွင်းရေးမှူးချုပ် Jeffrey Feltman ကလည်း ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးမှာ ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အားထုတ်ကြိုးပမ်း တွေရှိဖို့လိုအပ်နေတဲ့အပြင် အတွေ့အကြုံများတဲ့ ကုလသမဂ္ဂအေဂျင်စီအဖွဲ့တွေနဲ့ မြန်မာအစိုးရ ပူးပေါင်းပြီး အကူအညီလက်ခံဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက လုံခြုံရေးကောင်စီမှာ ပြုလုပ်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ တိုက်တွန်းထားပါတယ်။

ဖေဖေါ်ဝါရီလဆန်းက ရခိုင်ပြည်နယ်ကို လုံခြုံရေးကောင်စီ ကိုယ်စားလှယ်တွေ သွားရောက်ခွင့်ပြုဖို့ တောင်းခံတာကို မြန်မာအစိုးရက ခုချိန်ဟာသင့်တော်တဲ့ အချိန်မဟုတ်သေးကြောင်း ပြောဆိုပြီး ငြင်းဆိုခဲ့ကြောင်း လုံခြုံရေးကောင်စီရဲ့အလှည့်ကျ ဥက္ကဌ ကူဝိတ်နိုင်ငံ သံအမတ်ကြီး Mansour al-Otaibi က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

၂၀၁၇ နိုဝင်ဘာလက ထုတ်ပြန်ထားတဲ့ လုံခြုံရေးကောင်စီဥက္ကဌရဲ့ မြန်မာ့အရေးကြေညာချက်မှာ မြန်မာ အစိုးရအနေနဲ့ လုံခြုံရေးတပ်တွေရဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေကို အရေးယူပြီး၊ နယ်မြေရှင်းလင်းရေးတွေ ချက်ချင်းရပ်ဆိုင်းဖို့၊ ရိုဟင်ဂျာ ဒုက္ခသည်တွေကို နေရပ်ရင်း ပြန်ခွင့်ပြုဖို့ စတဲ့ တိုက်တွန်းချက်တွေပါဝင်ပါတယ်။ အခု သုံးလအကြာ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်တွေဖြစ်တဲ့ ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စုနဲ့ တခြား ၅ နိုင်ငံဖြစ်တဲ့ ဆွီဒင်၊ ပိုလန်၊ နယ်သာလန်၊ ကာဇက်စတန်နဲ့ Equatorial Guinea တို့က ရခိုင်ပြည်နယ်ပဋိပက္ခနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ နောက်ဆုံးအခြေအနေတွေကို ဆွေးနွေးဖို့ ဖေဖေါ်ဝါရီလ ၇ ရက်နေ့က လုံခြုံရေးကောင်စီကို အဆိုတင်သွင်းခဲ့တာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ သြဂုတ်လက ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့ကနေ နယ်ခြားစောင့်ရဲစခန်းတွေတိုက်ခံရပြီး၊ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးကျော်သေဆုံးခဲ့ပြီးနောက် မြန်မာစစ်တပ်က ပြန်လည်နှိမ်နင်းတဲ့အနေနဲ့ နယ်မြေရှင်းလင်းရေးအဖြစ် ရိုဟင်ဂျာမွတ်စလင်ရွာတွေကို မီးရှို့၊ ဖျက်ဆီး၊ သတ်ဖြတ်၊ မုဒိမ်းကျင့်၊ မောင်းထုတ်တာတွေလုပ်ခဲ့တယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာလူ့အခွင့်အရေးအစီရင်ခံစာတွေက စွပ်စွဲထားပြီး ဒီအခြေအနေကို လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားမှုအဖြစ် ကုလသမဂ္ဂက တရားဝင်သတ်မှတ်ဖေါ်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG