သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်အရာရှိကြီးတွေ ဒဏ်ခတ်မည့် ဥပဒေ ကန်အထက်လွှတ်တော် အတည်ပြု


အမေရိကန် ကွန်ကရက်လွှတ်တော်။
အမေရိကန် ကွန်ကရက်လွှတ်တော်။

ရိုဟင်ဂျာတို့အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်ခဲ့တဲ့ မြန်မာ စစ်အရာရှိကြီးတွေကို ပစ်မှတ်ထား ဒဏ်ခတ်ပြီး ခရီးသွားခွင့် ပိတ်ပင်ရေးဆိုင်ရာ ဥပဒေတရပ်ကို အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီက ဗုဒ္ဓဟူးနေ့က လက်ခံလိုက်ပါတယ်။ ဒီဥပဒေကို အထက်လွှတ်တော် လက်နက်ကိုင် တပ်ဖွဲ့များရေးရာကော်မတီဥက္ကဌ Arizona ပြည်နယ် ရီပါပလင်ကန်အမတ် ဂျွန်မက်ကိန်းနဲ့ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ဝါရင့်အဖွဲ့ဝင်ဖြစ်သူ မေရီလန်းပြည်နယ် ဒီမိုကရက်အမတ် Ben Cardin တို့က ကမကထ ပြုခဲ့ကြတာဖြစ်ပါတယ်။ ဒီအကြောင်းအသေးစိတ်ကို မအင်ကြင်းနိုင်က ပြောပြမှာပါ။

အခုအတည်ပြုပေးလိုက်တဲ့ Burma Human Rights and Freedom Act ခေါ် မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့် အက်ဥပဒေဟာ မြန်မာစစ်အရာရှိကြီးတွေ အကြမ်းဖက်မှု ရပ်ဆိုင်းပြီဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနနဲ့ ကာကွယ်ရေးဌာနတို့က ထောက်ခံ တင်ပြလာတဲ့အချိန်ထိ မြန်မာစစ်တပ်နဲ့ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကို ဟန့်တားသွားမယ့် ဥပဒေဖြစ်ပါတယ်။ ဒါအပြင် မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံအားပေးသွားမှာဖြစ်ပြီး အရပ်သားအစိုးရလက်ထဲကို အောင်အောင်မြင်မြင် အာဏာလွဲှပေးနိုင်ဖို့အတွက် အားပေးလုပ်ဆောင်သွားမယ်လို့ အဲဒီဥပဒေထဲမှာ ဖေါ်ပြထားပါတယ်။

ဒီဥပဒေပြဌာန်းတာနဲ့ ပတ်သက်ပြီး အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက အခုလို ပြောကြားခဲ့ပါတယ်။

"မြန်မာနိုင်ငံမှာ ရိုဟင်ဂျာနဲ့ အခြားတိုင်းရင်းသားလူ့အဖွဲ့အစည်းတွေအပေါ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ မယုံကြည်နိုင်လောက်အောင် ပြင်းထန်ပါတယ်။ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ လူမျိုးစုအလိုက် သုတ်သင် ရှင်းလင်း မှုတွေကို ဟန့်တားပြီး ဒီလုပ်ရပ်အတွက် တာဝန်ရှိသူတွေကို သည်းခံ ခွင့်လွှတ်ထားမယ် မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်းပြသဖို့အတွက် အမေရိကန်ပြည်ထောင်စုမှာ ကိုယ်ကျင့်သိက္ခာအရ တာဝန်ရှိတယ်။ ဒီနေ့ အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မတီက လက်ခံလိုက်တဲ့ ဒီဥပဒေဟာ နုနယ်တဲ့ မြန်မာ့ဒီမိုကရေစီကို အကာအကွယ်ပေးဖို့အတွက် မှန်ကန်တဲ့ ခြေလှမ်းတရပ်လည်း ဖြစ်ပါတယ်။"

အလားတူစွာပဲ အထက်လွှတ်တော်အမတ် Cardin ကလည်း အခုလိုပြောပါတယ်။

"ဒီကနေ့ အတည်ပြုပေးလိုက်တဲ့ ဥပဒေဟာ လွန်ခဲ့တဲ့ လပေါင်းများစွာအတွင်း ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) နဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှု (Crimes against Humanity) တို့ဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒဟာ မှန်ကန်တဲ့လမ်းကို စတင်လိုက်တာဖြစ်ပါတယ်။ ဒီဥပဒေဟာ မြန်မာပြည်သူတွေနဲ့ မြန်မာ့စီးပွားရေးကို ထိခိုက်နစ်နာစေဖို့ မရည်ရွယ်ပဲ စစ်အရာရှိကြီးတချို့ကိုသာ ရည်ရွယ်တာဖြစ်ပါတယ်။"

ဒီဥပဒေကို အီလီနွိင်ပြည်နယ် ဒီမိုကရက်အမတ် Dick Durbin ၊ ဖလော်ရီဒါ ပြည်နယ် ရီပါပလင်ကန် အမတ် Macro Rubio၊ ကာလီဖိုနီးယားပြည်နယ် ဒီမိုကရက်အမတ် Dianne Feinstein၊ ဗာဂျီးနီးယားပြည်နယ် ဒီမိုကရက်အမတ် Tim Kain တို့အပါအဝင် နှစ်ပါတီလုံးရဲ့ အထက်အလွှတ်တော်အမတ် ၁၅ ယောက်တို့က ထောက်ခံ အားပေးခဲ့ကြတာဖြစ်ပါတယ်။

မြန်မာစစ်တပ်ရဲ့ အကွက်ကျကျ သတ်ဖြတ်မှု၊ မဒိမ်းကျင့်မှု၊ မောင်းထုတ်မှု၊ ရွာမီးရှို့မှု စတာတွေကြောင့် ရိုဟင်ဂျာ ၇၀၀,၀၀၀ ခန့်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတာဖြစ်တယ်လို့လည်း ဖေဖေါ်ဝါရီလ ရ ရက်နေ့က ဂျွန်မက်ကိန်းနဲ့ Ben Cardin တို့ ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ကံကြမ္မာနဲ့ ဒီမိုကရေစီအနာဂတ်ကို အဓိက ဆုံးဖြတ်ပေးရမယ့်သူတွေဟာ မြန်မာပြည်သူလူထုသာ ဖြစ်ပေမယ့် အမေရိကန်ပြည်ထောင်စု ကွန်ဂရက် လွှတ်တော် အနေနဲ့ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လက်ပိုက်ကြည့်မနေသင့်ဘူးလို့ လည်း ဆိုပါတယ်။

အထက်လွှတ်တော်က ဒီဥပဒေကို အတည်ပြုလိုက်တဲ့အချိန်မှာ အမေရိကန်အစိုးရ အနေနဲ့တော့ ရိုဟင်ဂျာတို့အပေါ် ပြစ်မှုကျူးလွန်ရာမှာ တာဝန်ရှိတယ်ဆိုတဲ့ စစ်အရာရှိကြီးတယောက်ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG