သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အကြမ်းဖက်မှုတွေ ရပ်တန့်ရေး မြန်မာအစိုးရကို ဖိအားပေးဖို့ အမေရိကန်လွှတ်တော်အမတ်တွေ စဉ်းစား


ရခိုင်မြောက်ပိုင်းမှာ တိမ်းရှောင်လာတဲ့ ရိုဟင်ဂျာမူဆလင်များ။
ရခိုင်မြောက်ပိုင်းမှာ တိမ်းရှောင်လာတဲ့ ရိုဟင်ဂျာမူဆလင်များ။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာမူစလင် သိန်းနဲ့ချီ အိုးအိမ် စွန့်ခွာ ထွက်ပြေးရတဲ့အထိ အကြမ်းဖက် တိုက်ခိုက်နေတာတွေကို ရပ်တန့်ဖို့ မြန်မာအစိုးရကို ဖိအားပေးနိုင်မယ့် နည်းလမ်းတွေကို အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ်တွေက စဉ်းစားနေပါတယ်။ လွှတ်တော်အနေနဲ့ သီးခြား ဒဏ်ခတ်အရေးယူမှု ဥပဒေမူကြမ်း ချမှတ်နိုင်ဖို့ ကြိုးစားနေပေမဲ့ ဒီဆုံးဖြတ်ချက် အမြန်ဆုံး သက်ရောက်ဖို့က အိမ်ဖြူတော် သမ္မတ အမိန့်ပေါ်မှာ မူတည်တဲ့အကြောင်း ဒီအရေး စည်းရုံးလှုပ်ရှားနေသူတွေက ပြောပါတယ်။ Capitol လွှတ်တော် အဆောက်အဦးကနေ ဗွီအိုအေသတင်းထောက် Katherine Gypson ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

ရိုဟင်ဂျာမူစလင်တွေ ထောင်နဲ့ချီပြီး အသတ်ခံရ၊ မတရားပြုကျင့်ခံရတာတွေနဲ့ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရတာတွေကို ရပ်တန့်ရလိမ့်မယ် လို့ ဆိုပြီး ဒီအတွက် အဖြေရှာဖို့ လွှတ်တော်အမတ်တွေက ဖိအားပေး လုပ်ဆောင်နေတာပါ။

“ကျနော် မျက်ရည်တောင် ကျမိပါတယ်။ အဆိုးရွားဆုံး ဖြစ်ပျက်ခဲ့တဲ့နေရာတွေ၊ ရိုဟင်ဂျာတွေ အဆိုးဆုံး ဖိနှိပ်ခံရတဲ့ နေရာတွေကို ပြင်ပက လေ့လာသူတွေ လာရောက် စုံစမ်းစစ်ဆေးခွင့် မပြုဘူးဆိုရင် ကမ္ဘာကြီးအနေနဲ့ အဲဒီနိုင်ငံထဲကို အမေရိကန်ဒေါ်လာတွေ ဘာကြောင့် ပေးဝင်သင့်တော့မလဲဗျာ။”

ဒီမိုကရက် အထက်လွှတ်တော်အမတ် Richard Durbin ပြောသွားတာပါ။

ရိုဟင်ဂျာ ၆ သိန်းကျော်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးစေခဲ့တဲ့ အကြမ်းဖက်မှုတွေကို ပြစ်တင်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တရပ် အထက်လွှတ်တော်မှာ ချမှတ်နိုင်ဖို့အတွက် မစ္စတာ ဒါဘင်က ပူးတွဲ ဦးဆောင် ကြိုးပမ်းနေတာပါ။

“ပြယုဂ်တခုအဖြစ် ဖြစ်ကောင်းဖြစ်နိုင်တဲ့ ဒီဆုံးဖြတ်ချက်မျိုး ကျလာမယ့်အချိန်အထိ ကျနော်တို့ စောင့်မနေချင်ပါဘူး။ ဖြေရှင်း ကိုင်တွယ်မှုတွေကို အခုပဲ တွေ့ချင်ပါတယ်။ ဒီအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အမှန်တကယ် လက်တွေ့လုပ်ဆောင်ပြတာ၊ ထုတ်ဖော် ပြောဆိုတာမျိုး တခုခုလုပ်ဆောင်လာဖို့ ကျနော်တို့ တောင်းဆိုပါတယ်။”

ဒါပေမဲ့ ဒီကိစ္စ ထိန်းညှိလုပ်ဆောင်တဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဖိအားမပေးဖို့ အထက်လွှတ်တော်အမတ် Mitch McConnell က ပြီးခဲ့တဲ့လတုန်းက သတင်းထောက်တွေကို ပြောဆိုထားတာ ရှိပါတယ်။

“သူ့ကို ဖိအားပေးတဲ့ ဆုံးဖြတ်ချက်မျိုးကို ကျနော် မထောက်ခံပါဘူး။ သူဟာ မြန်မာနိုင်ငံကို စစ်အာဏာရှင် လက်အောက်ကနေ ကျနော်တို့ မျှော်လင့်တဲ့ အခြေအနေတခု ရောက်အောင် လုပ်ဆောင်ရာမှာ ကျနော်တို့အတွက် အကြီးမားဆုံး မျှော်လင့်ချက်ဖြစ်ပါတယ်။”

ဒီမိုကရေစီအခြေခံတဲ့ အဖွဲ့အစည်းတွေကို ချန်ထားပြီး ဖိအားပေးနိုင်မယ့် နည်းလမ်းတွေကို လွှတ်တော်အနေနဲ့ စဉ်းစားရာမှာ မြန်မာ စစ်တပ်ကို ဖိအားပေးနိုင်မယ့် နည်းလမ်းတွေ ထွက်လာပါတယ်။

ရိုဟင်ဂျာအရေး နိုင်ငံတကာလှုပ်ရှားမှုအဖွဲ့က Simon Billenness က ခုလို ပြောပါတယ်။

“အထက် ၊ အောက် လွှတ်တော်ရုံးတွေက လွှတ်တော်အမတ်တွေနဲ့ ရလဒ်ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေ ကျနော်တို့ ရှိခဲ့ပါတယ်။ လွှတ်တော်နဲ့ အစိုးရကို ကျနော်တို့ တိုက်တွန်းနေတာက - မြန်မာစစ်တပ် ခေါင်းဆောင်တွေနဲ့ မြန်မာနိုင်ငံထဲမှာရှိတဲ့ စစ်တပ် စီးပွားရေးလုပ်ငန်းတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်သွားဖို့ပါ။”

နိုင်ငံခြားရေးဌာနနဲ့ မကြာခင်က သူ တွေ့ဆုံခဲ့တာနဲ့ပတ်သက်ပြီးတော့လည်း အပြောင်းအလဲဖြစ်လာဖို့ မျှော်လင့်ရတယ်လို့ Billenness က ပြောပါတယ်။

“မြန်မာ့အရေးနဲ့ပတ်သက်လာရင် ပါတီတွေ၊ နိုင်ငံရေးအတွေးအခေါ် ကွဲလွဲမှုတွေ ဆိုတာလည်း မရှိတော့ပါဘူး။”

လွှတ်တော်အမတ်တွေ ဆောင်ရွက်နိုင်မယ့် နည်းလမ်းတခုကတော့ - အရင်သမ္မတ အိုဘားမားလက်ထက် ပြီးခဲ့တဲ့နှစ်တုန်းက ဖယ်ရှားပေးခဲ့တဲ့ မြန်မာနိုင်ငံထဲကနေ ကျောက်မျက်ရတနာတွေ တင်ပို့ရောင်းချခွင့် ပိတ်ပင်ချက်ကို အခုတခါ ပြန်လည် ပြဌာန်းတာ ဖြစ်ပြီး ဒါမှသာ မြန်မာစစ်တပ်လက်ထဲ ရောက်သွားမယ့် ငွေကြေးတွေကို ဟန့်တားနိုင်မှာ ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုက အကြီးဆုံး မူစလင် အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ Council on American Islamic Relations က Amineh Safi က ပြောပါတယ်။

“မြန်မာစစ်တပ်လက်ထဲ ဘယ်လို စစ်ရေး အကူအညီ အထောက်အပံ့တွေမှ ရောက်မသွားအောင် ကျမတို့ လုပ်ရပါမယ်။ ငွေကြေးဆိုင်ရာ အပြန်အလှန် ဆက်ဆံမှုတွေ၊ သူတို့ရဲ့ ကုန်ပစ္စည်းတွေကို အားပေးတာတွေ မလုပ်သင့်ပါဘူး။”

အမေရိကန်ရဲ့ လက်ရှိ နိုင်ငံရေးအနေအထားကြောင့် မူစလင်တွေကြုံတွေ့နေရတဲ့ အကျပ်အတည်းအပေါ်မှာ စိတ်ဝင်စားမှု နည်းစေတယ်လို့လည်း Safi က ပြောပါတယ်။

“လက်ရှိ အမေရိကန်ပြည်တွင်းရေးမှာ ကြုံတွေ့နေရတဲ့ ကိစ္စရပ်တွေကလည်း အများကြီးရှိတာကြောင့် တခြား အခြေအနေ၊ တခြား အစိုးရအုပ်ချုပ်ရေး တခုခုအောက်မှာဆိုရင်တော့ ကျမတို့ ပိုပြီး ထိတွေ့ဆောင်ရွက်နိုင်ပါတယ်။”

လူ့အခွင့်အရေးနဲ့ပတ်သက်လာရင် ကွန်ဂရက်လွှတ်တော်မှာ အကျယ်လောင်ဆုံး ဝေဖန်ပြောဆိုလေ့ရှိတဲ့ ရီပတ်ဘလစ်ကန် အောက်လွှတ်တော်အမတ် Chris Smith ကတော့ သမ္မတ Trump အစိုးရအနေနဲ့ အခုကိစ္စမှာ နည်းမှန်လမ်းမှန် ကိုင်တွယ်နေတယ်လို့ ပြောပါတယ်။

“သမ္မတနဲ့ သူ့ရဲ့အဖွဲ့… Rex Tillerson တို့အနေနဲ့ ဘာတွေ ဖြစ်နေတယ်ဆိုတာကို ကောင်းကောင်း နားလည်ထားပါတယ်။ ဒါကို ကျနော်တို့က ပြင်းပြင်းထန်ထန် ဆက်ပြီး တွန်းအားပေးသွားဖို့ပါပဲ။”

ဒီလို့ မတောင်းဆိုဘူးဆိုရင် ကမ္ဘာနဲ့ဆက်ဆံရာမှာပါ သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ လွှတ်တော်အမတ် ဒါဘင်ကလည်း ပြောပါတယ်။

“ဒါက မူစလင်တွေ နှိပ်စက်ညှင်းပမ်း ခံနေရတာပါ။… ဒီအပေါ်မှာ မရပ်တည်ဘူး။ ဘာမှမပြောဘူး။ ကိုယ်လုပ်နိုင်တာ မလုပ်ကြဘူးဆိုရင် ကမ္ဘာတဝှမ်းမှာရှိတဲ့ တခြား မူစလင်အများအပြားကပါ လွဲမှားကောက်ယူပြီး မူစလင်နိုင်ငံတွေနဲ့ ဆက်ဆံရေးမှာ ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။”

ကမ္ဘာတဝှမ်းက အရေးကိစ္စတွေမှာ အမေရိကန်ပြည်ထောင်စုရဲ့ ဦးဆောင်မှုကို ကမ္ဘာကြီးက စောင့်ကြည့်နေတာကြောင့်လည်း လွှတ်တော်အမတ်တွေက အခုလို မှတ်ချက်ပေး ပြောဆိုနေကြတာဖြစ်ပါတယ်။

XS
SM
MD
LG