ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ဒုက္ခသည်တွေ သိန်းနဲ့ချီ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးခဲ့ရတဲ့ အခြေအနေတွေဟာ မြန်မာစစ်တပ်ရဲ့ ဆိုးရွားတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပြီး မြန်မာစစ်တပ်နဲ့ စစ်ဘက်အရာရှိတွေကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို အမေရိကန်ပြည်ထောင်စုက ချမှတ်ထားပါတယ်။ ဒီလို စစ်တပ်တခုတည်းကို ပစ်မှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုကြောင့် ပြန်လည်သင့်မြတ်ရေးမှာ ထိခိုက်မှုတွေ ရှိလာနိုင်ပါသလား။ နိုင်ငံရေးအဖွဲ့အစည်းတချို့ရဲ့ သဘောထားအမြင်တွေကို မခင်ဖြူထွေးက စုစည်းတင်ပြပေးပါမယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်အဖွဲ့ ARSA က လုံခြုံရေးကင်းစခန်း အများအပြားကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက် လုံခြုံရေးတပ်ဖွဲ့တွေ ဘက်က နယ်မြေရှင်းလင်းမှုတွေအတွင်းမှာ ရိုဟင်ဂျာမူစလင် ဒုက္ခသည် ၆ သိန်းကျော် အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးခဲ့ရတာဟာ မြန်မာစစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စနစ်တကျ အကွက်ချ စီစဉ် ကျူးလွန်တာကြောင့် ဖြစ်တယ်လို့ ဆိုပြီး နိုင်ငံတကာက ပြင်းပြင်းထန်ထန် ဝေဖန်ထားပြီး ဖိအားတွေလည်း တိုးမြှင့်ပေးလာနေတာပါ။ ပြီးခဲ့တဲ့တနင်္လာနေ့ကပဲ အမေရိကန်အစိုးရက မြန်မာစစ်တပ်နဲ့ စစ်ဘက်အရာရှိတွေကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒီလိုဒဏ်ခတ်မှုတွေကြောင့် မြန်မာ့နိုင်ငံရေး၊ အထူးသဖြင့် ပြန်လည် သင့်မြတ်ရေး ကြိုးပမ်းမှုတွေအပေါ်မှာ ထိခိုက်မှုတွေ ရှိလာနိုင်မလားဆိုတဲ့အပေါ် သုံးသပ်မှုတွေကတော့ အမျိုးမျိုး ရှိနေပါတယ်။
လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း ကတော့ ခုလို သုံးသပ်ပြောဆိုပါတယ်။
“Sanction လုပ်တဲ့အတွက်ကိုတော့ ရိုက်ခတ်မှုကတော့ ရှိမှာပဲ ဘယ်လောက်အတိုင်းအတာ အထိရှိမယ်ဆိုတာကတော့ ပြောရခက်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီလို Sanction လုပ်လိုက်တာနဲ့ပဲ ဘာကြောင့်ဒီလိုလုပ်လိုက်တာလဲ ဆိုတဲ့ မေးခွန်းတွေက တက်မယ်။ အယူအဆတွေက မတူတာဖြစ်မယ်။ ဒါတွေကထိခိုက်မှာပေါ့ ဘယ်လောက် အကြီးအကျယ်ထိခိုက်မယ် ဒါမှမဟုတ် သေးသေးမွှားမွှားပဲလားဆိုတာကတော့ ပြောရခက်မှာပါ။”
နိုင်ငံတကာဘက်က ခုလို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရှိလာနိုင်တယ်ဆိုတာကို ကြိုတင် တွက်ဆထားသလို၊ ဒီအပေါ်မှာ ပြည်သူတွေ ညီညီညွတ်ညွတ်နဲ့ တုံ့ပြန်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။
“ ကျနော်တို့က ဒီလိုဟာမျိုးကို ဖြစ်လာနိုင်မယ်လို့၊ အစကတည်းက မျှော်လင့်တယ်၊ အစကတည်းကမျှော်မှန်းတယ်။ အဲဒါကြောင့် ကျနော်တို့က ဘယ်လိုပဲ ဖြစ်ဖြစ် နိုင်ငံတကာကပဲ ဖြစ်ဖြစ် ၊ တချို့မလိုလားအပ်တဲ့ အပ်စုကပဲ ဖြစ်ဖြစ် ကျနော်တို့ မြန်မာနိုင်ငံအပေါ်မှာ ဖိနှိပ်လာရင် ကျနော်တို့ကတော့ ခုခံရမှာပဲ အဲဒီလိုခုခံတဲ့နေရာမှာလည်း အဓိကအားဖြင့်တော့ ကျနော်တို့အနေနဲ့ ညီညွတ်ရမှာ ပါပဲ။ ဒါကြောင့် ကျနော်တို့က ကိုယ့်တိုင်းပြည်အတွင်းမှာ ကိုယ့်လူမျိုးအချင်းချင်း ကိုယ့်နိုင်ငံသားအချင်းချင်း ညီညွတ်ရေးကိုပဲ အခုရက်ပိုင်းမှာ အားစိုက်လုပ်နေပါတယ်။”
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကတော့ - လက်ရှိ အခြေအနေမှာ တပ်မတော်နဲ့ အစိုးရရဲ့ ရှုမြင်ပုံ ဘယ်လိုရှိသလဲ ဆိုတဲ့အပေါ်မှာ မူတည်ပြီး ပြန်လည်သင့်မြတ်ရေးအပေါ် ရိုက်ခတ်မှု ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
“ရခိုင်မြောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ပြဿနာတွေအပေါ်မှာ အခြေခံပြီးတော့ နိုင်ငံတကာက အရေးယူဆောင်ရွက်မှုလုပ်တာ။ အဲလို အရေးယူဆောင်ရွက်မှုတွေလုပ်တဲ့အခါကျတော့ တပ်မတော်က ဒီအပေါ်မှာ ဘယ်လိုရှုမြင်သလဲ နောက် ယနေ့ ကျနော်တို့ ပြည်ထောင်စုအစိုးရက ဒီအပေါ်မှာ ဘယ်လိုရှုမြင်သလဲ။ အဲဒါပဲ အရေးကြီးတယ်လို့ ကျနော်မြင်တယ်။ အကယ်၍ ရှုမြင်ချက်က တူနေတယ်ဆိုရင် တပ်နဲ့အစိုးရကြားမှာ ဆက်ဆံရေးက ထိခိုက်နိုင်မယ်လို့ ကျနော်မထင်ဘူး။ အကယ်၍ မြင်ပုံမြင်နည်း သူတို့ရပ်တည်မှုကိုက ဒီအပေါ်မှာ ကွဲပြားတယ်ဆိုရင် တစုံတရာ တပ်နဲ့ အစိုးရကြားမှာ Tension ရှိကောင်းရှိနိုင်တယ်။”
၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးဂျင်မီကတော့ စစ်တပ်ကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ဖြစ်လာတာကိုက မြန်မာနိုင်ငံတွင်း ပြန်လည် သင့်မြတ်ဖို့ ပိုပြီး အရေးကြီးလာနေတာကို ထောက်ပြရာရောက်ပြီး ပြန်လည် သင့်မြတ်ရေး ကြိုးပမ်းမှုတွေကိုတော့ ထိခိုက်လာနိုင်စရာ မရှိဘူးလို့ သုံးသပ်ပါတယ်။
“အဲဒါတော့ ထိခိုက်လာနိုင်စရာ အကြောင်းမရှိဘူးလို့ကျနော်ထင်ပါတယ်။ ကျနော်တို့အခုလို ပစ်မှတ်ထားပြီးတော့ ပိတ်ဆို့တာပဲဖြစ်ဖြစ်၊ နောက်ခုနလို အကြမ်းဖက်သမားတွေကနေပြီးတော့ ၀င်ရောက်တိုက်ခိုက်ပြီးတော့၊ အကြမ်းဖက်သမားတွေကမှန်တယ်ဆိုတဲ့ အဓိပ္ပါယ်ရောက်သွားတာပဲဖြစ်ဖြစ် အဲလိုဖြစ်နေတာ ကျနော်တို့ တိုင်းပြည်မှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးတကယ်လိုအပ်ချက်ရှိနေလို့ အဲလိုဖြစ်သွားတာ။ သီးခြား ပစ်မှတ်ထားပြီးတော့ ဒဏ်ခတ်တယ်ဆိုတာလည်း ကျနော်တို့နိုင်ငံမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေး အပ်ချက်ရှိနေလို့ အဲလိုဖြစ်သွားတာ။ ဒါကိုကြည့်ပြီးတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးက ပိုပြီးတော့ လုပ်ရမယ်ဆိုတာ Alarm ပေးနေတာ။”
လက်ရှိ ရခိုင်ပြည်နယ်အရေးပြဿနာနဲ့ပတ်သက်လို့ ကိုင်တွယ်ရာမှာ စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အဓိက ကျူးလွန်နေပြီး ဒီအပေါ်မှာ အစိုးရအနေနဲ့ စစ်တပ်ကို ထိန်းချုပ်နိုင်တဲ့အနေအထားမှာ မရှိဘူးလို့ ဆိုပြီး စစ်တပ်ကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို အမေရိကန်ပြည်ထောင်စုနဲ့ အီးယူဥရောပသမဂ္ဂ တို့လို အနောက်နိုင်ငံတွေက လုပ်ဆောင်လာနေတာဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာ့တပ်မတော် ဘက်ကတော့ ရခိုင်အရေးနဲ့ပတ်သက်လို့ ကိုင်တွယ်ရာမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်တို့နဲ့ တိုင်ပင်ညှိနှိုင်းပြီး လမ်းညွှန်ချက်ရယူပြီးတော့မှ ဆောင်ရွက်တာဖြစ်တယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA အကြမ်းဖက်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေအပေါ် လုံခြုံရေးအဖွဲ့တွေရဲ့တုံ့ပြန်ဆောင်ရွက်မှုတွေမှာ ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်လို့ဆိုပြီး မြန်မာစစ်တပ်အပေါ် အမေရိကန်ပြည်ထောင်စုနဲ့ EU ဥရောပသမဂ္ဂက အရေးယူဒဏ်ခတ်မှုတွေ ပြန်လုပ်နေပါတယ်။ အရပ်ဖက်နဲ့ စစ်ဖက်အုပ်ချုပ်ရေး စနစ် ၂ ခုဖြစ်နေတယ်လို့နိုင်ငံတကာမှာ မှတ်ယူထားတဲ့ မြန်မာနိုင်ငံမှာ ခုလိုအရေး ယူဆောင်ရွက်မှုတွေကြောင့် အစိုးရနဲ့တပ်မတော်ကြား ဆက်ဆံရေးထိခိုက်နိုင်ပါသလား။ မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ Bangladesh နိုင်ငံဖက် ထွက်ပြေးခိုလှုံနေကြတဲ့ အစ္စလာမ်ဘာသာဝင် ၆ သိန်းကျော်ရှိနေတာနဲ့ အမျှ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဖိအားတွေလည်း တိုးလာနေပါတယ်။ အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ မူဝါဒကို ပြန်လည်သုံးသပ်ဖို့ အမေရိကန် လွှတ်တော်အမတ်တွေက တိုက်တွန်းနေကြသလို အရေးယူဒဏ်ခတ်မှုတွေချမှတ်ဖို့လည်း တွန်းအားပေးနေပါတယ်။ ခုလိုနိုင်ငံထဲကနေ အစုလိုက် အပြုံလိုက်ထွက်ပြေးနေကြတာဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ရက်စက်တဲ့တိုက်ခိုက်မှုတွေကြောင့်လို့ဆိုပြီး အမေရိကန်အစိုးရက တပ်မတော်အပေါ်အရေးယူဆောင်ရွက်မှုတွေကို စလုပ်နေသလို စစ်တပ်ခေါင်းဆောင်တွေအပေါ် ပြစ်မှတ်ထားအရေးယူဖို့လည်း သုံးသပ် စဉ်းစားနေကြပါပြီ။ EU ဥရောပသမဂ္ဂကလည်း စစ်တပ်အကြီးတန်းခေါင်းဆောင်တွေကို အီးယူနိုင်ငံတွေဆီ ဖိတ်ကြားမှု ဆိုင်းငံ့ခဲ့သလို။ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပြန်လည်သုံးသပ်နေပါတယ်။ ရခိုင်ပြည်နယ်အကြံပေးချက်တွေကို ဦးဆောင်ရေးသားခဲ့သူ Mr. Kofi Annan အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးစနစ်ဟာ ဖွဲ့စည်းပုံအရ အရပ်ဖက်အုပ်ချုပ်ရေးနဲ့ စစ်ဖက်အုပ်ချုပ်ရေးဆိုပြီး စနစ် ၂ မျိုး ဖြစ်နေတယ်တာကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြပါတယ်။ ရခိုင်ပြဿနာမှာ အကြမ်းဖက်မှုတွေကျူးလွန်ခဲ့လို့ဆိုပြီး စစ်တပ်အပေါ် အရေးယူ ဒဏ်ခတ်မှုတွေလုပ်လာတဲ့အတွက် အစိုးရနဲ့ စစ်တပ်ကြားဆက်ဆံရေးနဲ့ ဒီမိုကရေစီစနစ်ခိုင်မာအောက်လုပ်နေတဲ့ နေရာမှာ ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်ပါသလဲ။ အရပ်ဖက် စစ်ဖက်ဆက်ဆံရေးကို လေ့လာနေတဲ့ တကောင်းနိုင်ငံရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုရဲက ခုလိုသုံးသပ်ပါတယ်။
“တပ်မတော်အနေနဲ့ အသွင်ကူးပြောင်းရေး ကိုလုပ်နေတယ်၊ ပါဝင်နေတယ်ဆိုပေမယ့်လည်း အရပ်သားအစိုးရနဲ့ သူ့ကြားထဲမှာတော့ အမြဲတမ်းအဆင်ပြေတဲ့ ဆက်ဆံရေးမျိုးရှိတယ်လို့တော့ ပြောလို့မရပါဘူး။ ကျနော်တို့ကတော့ လက်ရှိရှိနေတဲ့ ဆက်ဆံရေးအနေအထားကို တဖက်နဲ့တဖက် အားပြိုင်နေတဲ့ ဆက်ဆံရေးအနေအထားမျိုးလို့တော့ ကျနော်တို့မြင်ပါတယ်။ မြင်တဲ့အခါကျတော့ ဒီလိုမျိုးအနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုက တပ်မတော်ဘက်ကိုပဲ Target ထားမယ်ဆိုရင်တော့ အရပ်သားအစိုးရနဲ့ တပ်မတော်ရဲ့ ဆက်ဆံရေးကြားထဲမှာ ဒီထက်ပိုပြီး အားပြိုင်မှုကနေပြီးတော့ နည်းနည်းပိုပြီး ဆိုးရွားလာတဲ့ ဆက်ဆံမျိုးများဖြစ်လာမလားဆိုပြီးတော့လည်း ကျနော်တို့ သုံးသပ်မိပါတယ်ခင်ဗျ။”
အောက်တိုဘာလ ၂၄ ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ရခိုင်ကိစ္စနဲ့ပါတ်သက်လို့ သမ္မတ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့နဲ့ တပ်မတော်ဖက်က ဆွေးနွေးဆောင်ရွက်တယ်။ သမ္မတဦးထင်ကျော်ဆီက လမ်းညွှန်မှုယူခဲ့တယ်လို့ဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စက်တင်ဘာ ၅ ရက်နေ့နောက်ပိုင်းထဲက ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မှုတွေ မရှိတော့ဘူးလို့ တပ်မတော်ဖက်ကရော အစိုးရဖက်ကပါ ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ ခုရက်ပိုင်းတွေအထိ ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်ကို ထွက်ပြေးသူတွေ ရှိနေဆဲဖြစ်ပြီး အကြမ်းဖက်သတ်ဖြတ်မှုတွေ ရှိနေဆဲပဲလို့ ဆိုနေကြပါတယ်။ အဲဒါကြောင့်လည်း စစ်တပ်အပေါ် အရေးယူမှုတွေလုပ်လာတာဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးကတော့ အရေးယူတဲ့နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံတခုလုံးမှာ ဖြစ်နေတဲ့ အခြေအနေတွေကို ကြည့်သင့်တယ်လို့ ပြောပါတယ်။
“ဒါအမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်ကို NLD အစိုးရအတွက်တော့ ခက်ခဲတဲ့အခြေအနေတခုကို ထပ်ပြီးတော့ ရင်ဆိုင်ရလိမ့်မယ်လို့ထင်တယ်။ အဲဒီတော့ အနောက်အမေရိကန်အနေနဲ့ကတော့ မြန်မာ့ဒီမိုကရေစီပြောင်းလဲမှု ဖြစ်စဉ်ကို တလျောက်လုံးအားပေးလာခဲ့တာဖြစ်တယ်။ အဲဒီတော့ မြန်မာပြည်ပြောင်းလဲမှု ဖြစ်စဉ်တခုလုံးကို ဦးစားပေးကြည့်သင့်တယ်လို့မြင်တယ်။ ကျနော်တို့ ဘင်္ဂလီပြဿနာက အစိတ်အပိုင်းဖြစ်တယ်၊ ဒီမိုကရေစီပြောင်းလဲမှု ဖြစ်စဉ်ရဲ့ အစိတ်အပိုင်းဖြစ်တယ်။ ဒီအစိတ်အပိုင်း အောင်မြင်ဖို့ဆိုတာကလည်း အောင်အောင်မြင်မြင်ပြီးဆုံးဖို့ဆိုတာကလည်း ဒီမိုကရေစီပြောင်းလဲမှု ဖြစ်စဉ်ကြီးတခုလုံး ပြီးမှပဲ ကျနော်တို့ပြောင်းလဲ နိုင်မှာခင်ဗျ။”
ဖွဲ့စည်းပုံအရ အစိုးရအနေနဲ့ စစ်တပ်အပေါ် မလွှမ်းမိုးနိုင်ဘူးလို့ မြင်ကြတဲ့အတွက် နိုင်ငံတကာက စစ်တပ်အပေါ် ဖိအားပေးတယ်လို့ရော မြင်လို့ရပါသလား။
“တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ ယန္တယား ဖြစ်စဉ်တခုလုံးဖြစ်လာအောင် သူတို့အနေနဲ့ Sanction ကိုစဉ်းစားတယ်ဆိုတဲ့ သဘောမျိုးမြင်ပါတယ်ခင်ဗျ၊ ဒါပေမယ့်လည်း တကယ့်တကယ် နိုင်ငံတနိုင်ငံမှာဆိုရင် နိုင်ငံတကာဖိအားထက်စာရင် ကိုယ့်နိုင်ငံထဲမှာရှိတဲ့ အရပ်သားအစိုးရနဲ့ ဒီလုံခြုံရေးအဖွဲ့တွေကြားထဲက ဆက်ဆံရေးက ပိုပြီး တာဝန်ယူမှု တာဝန်ခံမှုရှိဖို့အတွက် ဒီလုံခြုံရေးအဖွဲ့တွေ ပိုပြီး တာဝန်ယူမှု တာဝန်ခံမှုရှိဖို့ ပိုအကြေားကြီးတယ်လို့ ကျနော်တို့မြင်ပါတယ်။ အဲဒီတော့ လက်ရှိအချိန်မှာဆိုရင်တော့ ဒီလိုမျိုး Sanction ထက်စာရင် အရပ်သားအစိုးရနဲ့ ပူးပေါင်းပြီးတော့ ဘယ်လိုမျိုး ဒီပြဿနာတွေနဲ့ ပတ်သက်ပြီးတော့ အဖြေရှာလို့ရမလဲဆိုတာကို စဉ်းစားတာကတော့ ပိုပြီးထိရောက်မယ်လို့ ကျနော်တို့ကတော့ မြင်ပါတယ်ခင်ဗျ။”
တကောင်းနိုင်ငံရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုရဲဖြစ်ပါတယ်။ နှစ်ပေါင်းမြောက်များစွာ စစ်အုပ်ချုပ်မှုအောက်မှာရှိခဲ့တဲ့ မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေက ပိတ်ဆို့ဒဏ်ခတ်မှုတွေချမှတ်ခဲ့ပြီး တော်တော်များများကို ပြန်လည်ရုတ်သိမ်းခဲ့တာ နှစ်ပိုင်းသာရှိပါသေးတယ်။ အဲဒီလိုဒဏ်ခတ်မှုတွေ ပြန်လည်ရုပ်သိမ်းခဲ့စဉ်ကလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ခိုင်မာအောင်စောင့်သင့်တယ်လို့ ထောက်ပြမှုတွရှိခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေးကိုလေ့လာနေတဲ့ နိုင်ငံတကာပညာရှင်တချို့နဲ့ စီးပွားရေးပညာရှင်တချို့ကတော့ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ မထိရောက်ဘူးလို့ သုံးသပ်ခဲ့ကြပါတယ်။