သုံးရလွယ်ကူစေသည့် Link များ

ရိုဟင်ဂျာဒုက္ခသည်အရေး ဒေါ်လာ ၃၃၅သန်း အကူအညီ ကတိကဝတ်ရရှိ


ဂျီနီဗာမြို့မှာ ရိုဟင်ဂျာ ဒုက္ခသည်အရေးကျင်းပတဲ့ နိုင်ငံတကာရန်ပုံငွေရှာဖွေရေးညီလာခံ

ရိုဟင်ဂျာဒုက္ခသည်အကျပ်အတည်းနဲ့ပတ်သက်လို့ အကူအညီပေးရေးအတွက် နိုင်ငံတကာကနေ ဒေါ်လာသန်း ၃၃၅ သန်း ကတိက၀တ်တွေ ရထားပြီလို့ ဂျီနီဗာမြို့မှာ ဒီကနေ့ လုပ်တဲ့ နိုင်ငံတကာရန်ပုံငွေရှာဖွေရေးညီလာခံမှာ ကြေညာသွားပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံ အကူအညီပေးနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ညီလာခံတက်လာတဲ့ နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေက ကြိုဆိုချီးကျူးခဲ့ကြသလို၊ ရခိုင်မြောက်ပိုင်းဒေသကို လူသားချင်းစာနာမှု နိုင်ငံတကာအကူအညီတွေ ၀င်ခွင့်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ကြပါတယ်။ ဒီအကြောင်းကို ကိုသားညွန့်ဦးက ပြောပြမှာပါ။

သြဂုတ်လ ၂၅ ရက်နေ့က စပြီးဖြစ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ နောက်ဆက်တွဲ အစိုးရ စစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာ ဒုက္ခသည်တွေထွက်ပြေးကြရာမှာ အခုဆိုရင် ဘင်္ဂလားဒေ့ရှ်ဖက်ခြမ်းရောက်လာတဲ့ ဒုက္ခသည် ၆သိန်းကျော်ပြီလို့ ကုလသမဂ္ဂက ကြေညာပါတယ်။ အရင်တုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းမှာ ရှိနေပြီးသား ရိုဟင်ဂျာ ၄သိန်းကျော်နဲ့ပေါင်းပြီး ဒီ ဒုက္ခသည် တသန်းကျော်အတွက် အကူအညီပေးဖို့ နိုင်ငံတကာနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေ အလှုရှင်နိုင်ငံတွေ ပေါင်းပြီး ရိုဟင်ဂျာဒုက္ခသည်ကူညီရေး ရန်ပုံငွေရှာညီလာခံကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဒီကနေ့ ပြုလုပ်တာဖြစ်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို အထောက်အပံပေးရေးအတွက် လာမယ့် ဖေဖ၀ါရီလအထိ ရန်ပုံငွေ ဒေါ်လာ ၄၃၄သန်း လိုအပ်မယ်ဆိုပြီး၊ ကုလသမဂ္ဂဘက်က ခန့်မှန်းထားတာဖြစ်ပါတယ်။ ဒီနေ့မှာတော့ အလှုရှင်နိုင်ငံတွေဖက်က ဒေါ်လာ သန်း ၃၃၅သန်း ကူညီဖို့ငတိက၀တ်တွေ ရရှိထားပြီးဖြစ်တယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီ အကူအညီငွေတွေဟာ သြဂုတ်လ ၂၅ရက်နေ့ ပဋိပက္ခတွေဖြစ်ပြီးနောက်ပိုင်းကတည်းက နိုင်ငံတကာကူညီခဲ့တဲ့ငွေနဲ့ ထပ်မံ ကူညီဖို့ ကတိက၀တ်ပြုတဲ့ငွေ စုပေါင်း ရေတွက်ထားတာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ရခိုင်ပြည်နယ်အကျပ်အတည်းအတွက် အရေးပေါ်အကူအညီငွေ ဒေါ်လာသန်း ၄၀ အထိ ကူညီသွားဖို့ရှိတယ်လို့ ညီလာခံတတ်လာတဲ့ အမေရိကန်အစိုးရ ကိုယ်စားလှယ်က ပြောပါတယ်။

"ရိုဟင်ဂျာတွေအပါအ၀င် မြန်မာနိုင်ငံနဲ့ ဒေသတွင်းက ဒုက္ခသည်တွေကို ကူညီဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ၂၀၁၇ ခုနှစ် ဘဏ္ဍာနှစ်အတွက် အမေရိကန်ဒေါ်လာ ၁၀၄ သန်းကူညီသွားဖို့ရှိနေတာပါ။ အဲဒီထဲမှာတော့ သြဂုတ်လ ၂၅ရက်နေ့ကစတဲ့ ရခိုင်ပြည်နယ်ကအကျပ်အတည်းအတွက် အရေးပေါ်အကူအညီငွေ ဒေါ်လာသန်း ၄၀ နီးပါး ကူညီပေးသွားမှာဖြစ်ပါတယ်။"

ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အများဆုံး အကူအညီပေးတဲ့ နိုင်ငံတွေထဲမှာတော့ ဗြိတိသျှနိုင်ငံလည်းပါဝင်ပါတယ်။ ဗြိတိသျှအနေနဲ့ အကူအညီငွေ ယူကေ ပေါင် ၄၇သန်း၊ အမေရိကန်ဒေါ်လာနဲ့ဆိုရင် ဒေါ်လာ ၆၂သန်း အကူအညီပေးသွားဖို့ရှိတယ်လို့ ဗြိတိသျှ ကိုယ်စားလှယ်က ကြေညာခဲ့ပါတယ်။ ဒီငွေတွေကိုတော့ လူသားချင်းစာနာမှု အကူအညီတွေပေးနေတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ အခြားအကူအညီပေးရေးအဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေမှာ အသုံးပြုသွားမှာပါ။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံတွင်း ရခိုင်မြောက်ပိုင်းမှာ လူသားချင်းစာနာမှုအကူအညီတွေ လွတ်လွတ်လပ်လပ်သွားရောက်ပေးခွင့်ပြုဖို့ကို ဗြိတိသျှကိုယ်စားလျယ်က တိုက်တွန်းခဲ့ပါတယ်။

"အကြမ်းဖက်မှုတွေကို ရပ်စေဖို့၊ လူသားချင်းစာနာကူညီမှုအထောက်အပံ့တွေ ခွင့်ပြုဖို့၊ ဒုက္ခသည်တွေ နေရပ်ကို ဘေးကင်းလုံခြုံစွာနဲ့ ပြန်နိုင်ဖို့၊ လူ့အခွင့်အရေးကောင်စီရဲ့ ကုလသမဂ္ဂအချက်အလက်ရှာဖွေစုဆောင်းရေးအဖွဲ့ကို နိုင်ငံဝင်ခွင့်ပေးဖို့၊ ကိုဖီအာနန်ဦးဆောင်းတဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အဆိုပြုချက်တွေကို လက်တွေ့အကောင်ထည်ဖော်ဖို့ ဗြိတိန်အနေနဲ့မြန်မာအစိုးရနဲ့ မြန်မာစစ်တပ်ကို ထပ်မံ တိုက်တွန်းတောင်းဆိုပါတယ်။"

အခုလို ရိုဟင်ဂျာဒုက္ခသည်တွေအရေးမှာ မြန်မာအစိုးရကို နိုင်ငံတကာဖိအားတွေရှိလာတာနဲပအတူပဲ၊ လက်ရှိ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းတွေကိုပါ ထိခိုက်နိုင်တယ်လို့ အမေရိကန်အစိုးရက ကိုယ်စားလှယ်က ညီလာခံမှာ သတိပေးခဲ့ပါတယ်။

"လူသားရပ်တည်မှုဆိုင်ရာအကျပ်အတည်းတင်မကပါဘူး။ စစ်အာဏာရှင်ကနေ ဒီမိုကရေစီအစိုးရဖက်ဆီ အသွင်ကူးပြောင်းပြီး အခိုင်အမာရရှိလာတဲ့ အောင်မြင်မှုတွေကိုပါ ထိခိုက်နိုင်ပါတယ်။ ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းဆောင်ရွက်မှုတွေကိုပါ ထိခိုက်နိုင်ပါတယ်။"

ဒါပေမယ့်လည်း ညီလာခံအတွင်း မြန်မာနိုင်ငံဖက်က ရပ်တည်ပြောဆိုတဲ့ နိုင်ငံတွေလည်းရှိပါတယ်။ ရခိုင်ပြည်နယ်အရေးဟာ အလွန်သိမ်မွေ့ရှုပ်ထွေးတာမို့ မြန်မာနိုင်ငံကို နားလည်ဖို့လိုပြီး၊ မြန်မာအစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းမှုကို စိတ်ရှည်ရှည်ထား စောင့်ကြည့်ဖို့ တရုတ်ကိုယ်စားလှယ်က တိုက်တွန်းခဲ့ပါတယ်။

"ရခိုင်အရေးပြဿနာဟာ သမိုင်းကြောင်းအရရော လူမျိုးရေးနဲ့ဘာသာရေးအရပါ အင်မတန်ရှုပ်ထွေးတဲ့အခြေအနေဖြစ်ပြီး၊ ဒါကို ဦးတည်းချက်တခုတည်းထားပြီး ဖြေရှင်းလို့မရပါဘူး။ နိုင်ငံတကာအသိုင်းအ၀ိုင်း အနေနဲ့ ဒီပြဿနာအပေါ် ဓမ္မဒိဌာန်ကျကျ မျှမျှတတ ရပ်တည်ပြီး၊ မြန်မာနိုင်ငံအပေါ် ယုံယုံကြည်ကြည်နဲ့ စိတ်ရှည်လက်ရှည်ထားသင့်ပါတယ်။ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေရှ်နိုင်ငံအကြား ဆွေးနွေးမှုတွေကနေ အတူတကွပူးပေါင်းအဖြေရှာနိုင်ဖို့ အပြုသဘောဆောင်တဲ့အကူအညီတွေနဲ့ အားပေးမှုလုပ်သင့်ပါတယ်။"

အခု ညီလာခံအတွင်းက လူသားချင်းစာနာကူညီမှုဆိုင်ရာ ကုလသမဂ္ဂအကြီးတန်းအရာရှိကြီးတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးတို့လည်း တတ်ရောက်ပါတယ်။ ကုလသမဂ္ဂ အေဂျင်စီအသီးသီးကလည်း ရိုဟင်ဂျာဒုက္ခသည်အရေး သူတို့အနေနဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေနဲ့ ကြုံရတဲ့အခက်အခဲတွေ ဒုက္ခသည်တွေရဲက အခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။

XS
SM
MD
LG