သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြန်လည်ထူထောင်ရေးကော်မတီ လုပ်ငန်းစတင်


ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးများ ပါဝင်သော ပြည်ထောင်စုစီမံကိန်း၊ကို အကောင်အထည်ဖော်ရေး ရှေ့ပြေးစီမံချက်သတင်းဓာတ်ပုံ( ခရက်ဒစ်-
Prof Win Myat Aye)
ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးများ ပါဝင်သော ပြည်ထောင်စုစီမံကိန်း၊ကို အကောင်အထည်ဖော်ရေး ရှေ့ပြေးစီမံချက်သတင်းဓာတ်ပုံ( ခရက်ဒစ်- Prof Win Myat Aye)

အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီတွေပေးအပ်ရေး၊ ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးနဲ့ ဒေသဖွံ့ဖြိုးရေး၊ ရေရှည်ပဋိပက္ခကင်းဝေးရေးတွေကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ်ဦးဆောင်တဲ့ ကော်မတီက အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ပြည်သူတွေနဲ့ အဖွဲ့အစည်းတွေဘက်က ဝိုင်းဝန်းကူညီကြပါလို့ ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း UEHRD ကော်မတီဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းမြတ်အေးက ပြောဆိုလိုက်တာပါ။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

လူမျိုးရေးဘာသာရေးအသွင်ဆောင် အကြမ်းဖက်ပဋိပက္ခတွေနဲ့ ဒေသတွင်း မတည်ငြိမ်ဖြစ်နေပြီး တိုးတက်မှု အနောက်ကျဆုံးဖြစ်နေရတဲ့ ပြည်နယ်တခုဖြစ်တဲ့ ရခိုင်ပြည်နယ်တွင်း ဖွံ့ဖြိုးရေး ကဏ္ဍစုံလုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ဖို့အတွက် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ၊ လူမှုအရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာINGO အဖွဲ့တွေ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ဖို့ဆိုပြီး နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ရက်နေ့က ကော်မတီတရပ်ဖွဲ့စည်းပေးလိုက်တာပါ။ ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း UEHRD ( Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine) ကော်မတီမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ဦးဆောင်တာပါ။

အခုဆိုရင်တော့ ပထမဦးစားပေးအနေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အိုးအိမ်ပျက်စီးဆုံးရှုံးရသူတွေနဲ့ စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူညီတွေ တန်းတူညီမျှပေးနိုင်ဖို့ စတင်ဆောင်ရွက်နေပြီလို့ UEHRD ကော်မတီ ဒုဥက္ကဋ္ဌလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေး ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“UEHRD ဆိုတဲ့ Union Enterprise for Humanitarian Assistance, Resettlement and Development နဲ့ ပတ်သက်တာကတော့ အဓိက ကျနော်တို့က ဒီ Humanitarian Assistance နဲ့ ပတ်သက်ပြီးတော့ သေချာလုပ်ဖို့ဆိုပြီးတော့ ကျနော်တို့ လူငယ်လုပ်အားပေးတွေအနေနဲ့ပေါ့နော် Volunteer တွေနဲ့ ဆောင်ရွက်နေပြီ အဲဒါသူတို့နဲ့လည်းဆွေးနွေးပြီးပြီ သူတို့အစီအစဉ်တွေ ရေးဆွဲချမှတ်နေတယ် အဲဒါ တခု Resettlement အပိုင်းမှာတော့ ရွာတခုလုံးမီးလောင်သွားတယ်။ လူတွေက နေစရာမရှိလို့ တခြားနေရာမှာ ပေါင်းနေရတယ်။ အဲဒီလူတွေအတွက်ကို စပြီးတော့ ဆောက်ပေးတာတွေစနေပြီ ဒါကြောင့်မို့ိလို့ အဲဒီမှာ ရခိုင်တိုင်းရင်းသားတွေအတွက်လည်းပါတယ် လူနည်းစုတိုင်းရင်းသားတွေအတွက်လည်းပါတယ်။ မွတ်ဆလင်တွေအတွက်လည်းပါတယ်။ ဒါတွေက ဆောက်နေပြီလေ ။ ဒါတွေကိုလည်း ကျနော်တို့ ဆောက်ဖို့အတွက် Plan ချတာတွေလုပ်ပြီးသွားပြီ ဒါတွေလုပ်နေတယ်ပေါ့နော်။”

အကြမ်းဖက်တိုက်ခိုက်မှုတွေကြား ဘေးလွတ်ရာကို အိုးအိမ်စွန့်ခွာထွက်ပြေးသူတွေနဲ့ တဘက်နိုင်ငံဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေး တိမ်းရှောင်သွားသူတွေကို ပြန်လည်လက်ခံနေရာချထားရေးကိုလည်း နှစ်နိုင်ငံ သဘောတူညီချက်တွေနဲ့အညီ စိစစ်လက်ခံရေး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်နိုင်ငံ တာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်နေကြတယ်လို့လည်း ဒုဥက္ကဋ္ဌဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။

“ပြန်လည်လက်ခံနေရာချထားရေးနဲ့ ပတ်သက်တာကတော့ ကျနော်တို့ အကောင်အထည်ဖော်ရေးကော်မရှင်တွေအနေနဲ့လည်း လုပ်နေတာရှိသလို UEHRD နဲ့လည်း အကောင်အထည်ဖော်မူနဲ့လည်း လုပ်နေတာရှိတယ်။ ဒီ ၂ ခုလုံးက သွားနေတာပေါ့နော် တပြိုင်နက်တည်းသွားနေတာပေါ့နော်။ ကျန်တဲ့ အဲဒီလို ပြန်လည်လက်ခံနေရာချထားရေးနဲ့ ပတ်သက်တဲ့အပိုင်းကတော့ ပြန်လည်လက်ခံဖို့ ဘယ်ကစရမှာလည်းဆိုတော့ ၂ နိုင်ငံ မှာရှိတဲ့ သဘောတူညီချက်ဆိုတာ လုပ်ရမယ် ၁၉၉၂-၁၉၉၃ ကို သုံးတယ်ဆိုပေမယ့် ဒါကိုအခြေခံပြီးတော့ တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေပြီးတော့ propose လုပ်ထားတာရှိတယ်။ ဒါကို ပြန်လည်ဆွေးနွေးမှာ ဒီလအကုန်ပိုင်းမှာ ဟိုဘက်ကနေပြီးတော့ ပြည်ထဲရေးဝန်ကြီးလာမယ်။ ဒီဘက်က ပြည်ထဲရေးဝန်ကြီးလည်း ဖိတ်တာရှိတယ်။ သူက ၂၃ ရက်နေ့မှာ ရောက်လာမယ် ၊ ရောက်ပြီးရင် ဆက်လက်ဆွေးနွေးတာတွေလုပ်မယ်။ ၂ နိုင်ငံသဘောတူညီချက်တွေယူမယ်၊ ၂ နိုင်ငံပူးပေါင်းဆောင်ရွက်မယ် ဖွဲ့ပြီးတော့မှ ပြန်လည်လက်ခံရေးမှာ မူတွေ အကုန်လုံးထွက်လာမှာပေါ့။ အဲဒီအပေါ်မှာ မူတည်ပြီးမှ ဆက်လက်ဆောင်ရွက်မှာပေါ့ အဲဒီလိုဆောင်ရွက်တဲ့အပိုင်းမှာကျတော့ ကျနော်တို့ကလည်း ပြန်လည်နေရာချထားရေးအပိုင်းပါနေတဲ့အတွက်ကြောင့်မို့လို့ ပြန်လည်လက်ခံရေးမှာ ကျနော်တို့ ဝန်ကြီးဌာနရဲ့ ပါဝင်မှုလည်းပါတာပေါ့နော်။”

တိမ်းရှောင်သွားသူတွေကို နှစ်နိုင်ငံသဘောတူညီချက်တွေနဲ့အညီ ပြန်လည်လက်ခံ နေရာချထားရေးကိုလည်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ပြည်ထဲရေးတာဝန်ရှိသူတွေ အောက်တိုဘာလကုန်မှာ တွေ့ဆုံဆွေးနွေးကြဖို့ရှိတယ်လို့လည်း ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း UEHRD ကော်မတီ ဒုက္ကဋ္ဌကပြောပါတယ်။

ဒေသတွင်း ရေရှည်ပဋိပက္ခတွေကင်းဝေးပြီး ဖွံ့ဖြိုးတိုးတက်ရေးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် အရေးကြီးဆုံးကတော့ မတူကွဲပြားတဲ့လူမှုအသိုင်းအဝိုင်းတွေကြား ယုံကြည်မှုတည်ဆောက်နိုင်ဖို့ဖြစ်တဲ့အတွက် ဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ဝိုင်းဝန်းကူညီပေးကြဖို့ကိုလည်း ကော်မတီအနေနဲ့ မေတ္တာရပ်ခံတယ်လို့ပြောပါတယ်။

“ဒီပဋိပက္ခတွေ အကြမ်းဖက်မှုတွေ ဒါတွေကို ပေါက်ဖွားစေတဲ့ အခြေခံအရင်းအမြစ်က တဖက်နဲ့ တဖက် မုန်းတီးမှုတို့ ကြောက်ရွံ့မှုတို့ ဒါတွေကိုအခြေခံခဲ့တာ။ ကျနော်တို့က ဒါတွေကို ပြယ်ပျောက်ဖို့အတွက်ဆိုရင် နားလည်မှုနဲ့ သဟဇာတဖြစ်ဖို့အတွက်ဆိုတာကို ကျနော်တို့ အဲဒီဘက်ကို မြှင့်တင်ရမှာပေါ့နော်။ နားလည်မှုနဲ့ သဟဇာတဖြစ်ဖို့အတွက်ဆိုတာလွယ်သလားဆိုတော့ လွယ်တော့မလွယ်ပေမယ့် ကျနော်တို့ကြိုးစားရမယ်။ မလွယ်တဲ့ ကြားကပဲ ကျနော်တို့ကြိုးစားမယ်။ တက်နိုင်တဲ့နည်းနဲ့ ကျနော်တို့ ကြိုးစားမယ်။ လက်ရှိကတော့ Humanitarian Assistance နဲ့ ပြန်လည်လက်ခံရေးနဲ့ ပြန်လည်နေရာချထားရေး ဒါတွေကိုတော့ ကျနော်တို့ အာရုံစိုက်နေတာပေါ့ ။ ဒါတွေကိုစိုက်သလို တဖက်ကလည်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးပေါ့ ၊ ခုနက လူမှုသဟဇာတဖြစ်မှ လုံခြုံမယ် တည်ငြိမ်အေးချမ်းမယ်ဆိုတာ ဖြစ်လာမှာလေ။ ဆိုတော့ မတည်ငြိမ်ရင်လည်း မဖွံ့ဖြိုးဘူးပေါ့နော်။ ဖွံ့ဖြိုးတိုးတက်မှုကို လုပ်ပေးနေတော့မှသာ တည်ငြိမ်အေးချမ်းရေးကလည်း ပိုကောင်းလာမယ်။ အဲဒီအကုန်လုံးကို ကျနော်တို့က တပြိုင်နက်တည်း သွားနေရတယ် ခင်ဗျ။”

အခုလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဦးဆောင်ပြီး ကော်မတီဖွဲ့ လူသားချင်းစာနာမှုအကူအညီတွေပေးဖို့နဲ့ ပြန်လည်လက်ခံနေရာချထားရေးတွေ ဆောင်ရွက်နေချိန်မှာပဲ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကလည်း အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်ကို တိမ်းရှောင်လာသူ မူဆလင်ရိုဟင်ဂျာတွေ နှစ်သိန်းကျော်ကို Biometric မှတ်ပုံတင်ပေးနေပြီဖြစ်ပါတယ်။ Ukhiya နဲ့ Teknaf ဒေသမှာရှိတဲ့ မှတ်ပုံတင်ဌာန ၆ခု မှာ လက်ခံတဲ့နေရာပေါင်း ၁၀၀ ဖွင့်ထားပြီး နေ့စဉ် မြန်မာပြည်က ထွက်ပြေးလာသူ လူပေါင်း ၁၂,၀၀၀ ကနေ ၁၃,၀၀၀ လောက်အထိ မှတ်ပုံတင်ပေးနိုင်ခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်စပို့ဌာန ညွှန်ကြားရေးမှုးချုပ် ဗိုလ်ချုပ် Md Masud Rezwan ရဲ့ ပြောကြားချက်ကို Dhaka Tribune သတင်းမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG