သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်းမှာ စာသင်ကျောင်းတွေပြန်ဖွင့်


ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်းက စာသင်ကျောင်း တကျောင်းမြင်ကွင်း။ ( စက်တင်ဘာ ၁၃-၂၀၁၃)
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်းက စာသင်ကျောင်း တကျောင်းမြင်ကွင်း။ ( စက်တင်ဘာ ၁၃-၂၀၁၃)

ပဋိက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်မောင်တောခရိုင်ထဲက နယ်မြေ တည်ငြိမ်နေတဲ့နေရာတွေမှာ စာသင်ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ပေမဲ့ ကျောင်းပြန်တက်ကြသူတွေထဲမှာ ဘင်္ဂလီမွတ်ဆလင်ကျောင်းသားတွေ မရှိသလောက်နည်းသွားပါတယ်။ အရင်က မွတ်ဆလင်တွေ အများစုတက်ခဲ့တဲ့ အစိုးရကျောင်းတွေမှာအပါအဝင် ကျောင်းပေါင်း ၄၀၀ ကျော်ရှိခဲ့ပေမဲ့ အခုတော့ ရခိုင်တိုင်းရင်းသားအများစုရှိတဲ့ဖက်မှာပဲကျောင်းတွေကို ပြန်ဖွင့်နိုင်ပါတယ်။ အကြောင်းစုံကို ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပို့ထားပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့က စလို့ အာဆာရိုဟင်ဂျာ အကြမ်းဖက် အဖွဲ့က လုံခြုံရေးစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် မောင်တောခရိုင်ထဲက ကျောင်းတွေကို ပိတ်ထားခဲ့ရပါတယ်။ အခုတော့ ကျောင်းတော်တော်များများကို ပြန်ဖွင့်နေပေမဲ့ မွတ်ဆလင်ကျောင်းသားတွေတက်တဲ့ ကျောင်းတွေကိုတော့ ပြန်မဖွင့်နိုင်တော့ပါဘူး။ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် အဲဒီဒေသဖက်မှာ နေကြတဲ့ မွတ်ဆလင်သိန်းနဲ့ချီ ဘင်္ဂလားဒေရှ့်နိုင်ငံဖက်ကို ထွက်ပြေးခဲ့ကြသလို သူတို့နေအိမ်တွေလည်း မီးရှို့ဖျက်ဆီးခံရပါတယ်။

ဒါကြောင့် သူတို့အများစုတက်တဲ့ ကျောင်းတွေ ပြန်မဖွင့်နိုင်တော့ပါဘူး။ အဲဒီဒေသမှာ အရင်က ကျောင်းပေါင်း ၄၀၀ ကျော်ဖွင့်ခဲ့ပေမဲ့ အခုတော့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေရှိတဲ့ဖက်မှာပဲ ကျောင်းတွေပြန်ဖွင့်ထားတယ်လို့ ရခိုင်ပြည်နယ်အစိုးရ အတွင်းရေးမူး ဦးတင်မောင်ဆွေကပြောပါတယ်။

"ပညာရေးကကျောင်းကို ဖွင့်လို့ရတဲ့နေရာတွေအတော်များများကိုအားလုံးကိုတော့ ပြန်ဖွင့်ပြီးပါပြီ ကောင်းပါတယ် ကောင်းလို ပဲပြန်ဖွင့်နိုင်တာပေါ့ ဘင်္ဂလီရှိတဲ့နေရာ အတော်များများကလည်းရွာတွေမှမရှိတော့တာ သူတို့အကုန်လုံးက ဟိုဘက်ကိုရောက်ကုန်ပြီဆိုတော့ ဒီဘက်မှာရှိတာကိုပဲဖွင့်ပါတယ်။"

UNHCR ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီးရုံးရဲ့စာရင်းအရ ဘင်္ဂလားဒေရှ့်ဖက်ရောက်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၅ သိန်းကျော်ရှိပါတယ်။ မြန်မာနိုင်ငံဖက်မှာတော့ လုံခြုံရေးပြန်လည်တည်ငြိမ်လာပြီဖြစ်လို့ အစိုးရက ပြည်ထောင်စုစီမံကိန်းနဲ့ဖွံဖြိုးရေး ပြန်လည်ထူထောင်ရေးကိုစတင်လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။

"လမ်းကြောင်းတလျောက်လည်းအကုန်လုံးလုံခြုံမှုရှိပါတယ် ကျနော်တို့မောင်တော အတွက်လည်းပြန်လည်ထူထောင်ရေးလုပ်ငန်းမှာ လည်း ပြည်ထောင်စုစီမံကိန်းပေါ့ ကျနော်တိုကဆုံးအကောင်းထည်ဖော်နေတာဖြစ်တဲ့အတွက် ပြည်တွင်းမှာရှိတဲ့ ပြည်နယ်တိုင်းဒေသကြီးတွေ ပြည်တွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေ ဒါတွေအားလုံးက ရခိုင်ပြည်နယ်ကိုလာပြီးတော့ တာဝန်ခွဲယူဆောင်ရွက်နေပါတယ် ပြည်နယ် တိုင်းဒေသကြီးတွေ ကလည်း ရခိုင်ပြည်ကိုလာပြိး ကျေးရွာတွေကိုပြည်လည် တည်ဆောက်ရေး လုပ်ငန်းတွေ တိုင်းနဲ့ပြည်နယ်အလိုက်ခွဲပြိး တာဝန်ယူနေပါတယ် ဒီနေ့ဆိုရင် ရန်ကုန်တိုင်းဒေသကြီးက ကျေးရွာပြန်လည်တည်ဆောက်ရေးနဲ့ စေတီပေါင်း ၇၇လုံးကိုပန္နက်ချတယ်။"

ဘာသာရေးအခမ်းအနားတွေ ပြန်လုပ်နိုင်လောက်အောင် လုံခြုံ တည်ငြိမ်နေတယ် လို့လည်း ဆိုပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာတော့အစိုးရက လုံခြုံမှုရှိပြီလို့ ဆိုပေမဲ့နေရပ်မပြန်နိုင်ကြသေးတာတွေ ရှိနေသေးသလို။ ဘင်္ဂလားဒေရှ့်ဖက်ကို ထွက်ပြေးနေသူတွေလည်း ရှိနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG