သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိဘမဲ့ ရိုဟင်ဂျာ ဒုက္ခသည်လေးများ ကာကွယ်ရေး


ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ မိဘမဲ့ကလေးအဖြစ် စာရင်းဝင်နေတဲ့ ကလေးပေါင်း ၁၅,၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ဗွီအိုအေကိုပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည် သန်းတဝက်ကျော်မှာ ကလေးအရေအတွက် ၆၀% ကျော်ရှိနေပြီး အဲဒီထဲက မိဘမဲ့ကလေး အရေအတွက်ကို သူတို့ ကောက်ခံရာမှာ အချက်အလက်အမှန်ရဖို့ အခက်အခဲတွေရှိပေမယ့် စနစ်တကျဖြစ်အောင် ဘင်္ဂလားဒေ့ရှ်အစိုးရက ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

VOA သတင်းထောက်တွေဖြစ်တဲ့ Joe Freeman နဲ့ Muktadir Rashid တို့ ပေးပို့ထားတဲ့ သတင်းကို မအင်ကြင်းနိုင်က ပြောပြမှာပါ။

မိဘအုပ်ထိန်းသူ မပါပဲ ရောက်လာကြတဲ့ ရိုဟင်ဂျာကလေးတွေကို ဒုက္ခသည်စခန်းအတွင်း စာရင်းပြုစုရာမှာ တဦးချင်းစီရဲ့ ပြောဆိုချက်ကို မှန်မမှန်အတည်ပြုနိုင်ရေး အချက်အလက်တွေ ထပ်ပြီးရဖို့ အခက်အခဲတွေရှိပေမယ့် လက်ရှိ စာရင်းကောက်ယူတဲ့ အရေအတွက်အရ မိဘမဲကလေးပေါင်း ၁၅,၀၀၀ အထက်မှာ ရှိနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ခရိုင် လူမှုဖူလုံရေးဌာန ရဲ့ လက်ထောက်ညွန်ကြားရေးမှူး Pritam Kumar Chowdhury က ပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်ဘက်မှာ မိဘမဲ့ကလေးအဖြစ် သတ်မှတ်မယ်ဆိုရင် ကျနော်တို့ တာဝန်ရှိသူတွေက သူတို့ရဲ့ တဲအိမ်တွေဆီသွားပြီး အတည်ပြုချက်ယူပါတယ်။ ဒါပေမယ် သူတို့ပြောတဲ့ အချက်အလက် မှန်မမှန် စုံစမ်းနိုင်ဖို့ မြန်မာဘက်အခြမ်းကို သွားလို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သူတို့ပြောသမျှအချက်အလက်တွေကိုပဲ ကျနော်တို့က စုဆောင်းကောက်ယူရပါတယ်။”

မိဘမဲ့ကလေးအဖြစ် စာရင်းကောက်ယူရာမှာ အဲဒီကလေးနဲ့အတူ မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ လူတွေ အပြင် အနီးအနားဝန်းကျင်က လူတွေကိုလည်း ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေက စုံစမ်းမေးမြန်းတယ်လို့ Pritam Kumar Chowdhury ကဆိုပါတယ်။

“တကယ်လို့ သက်သေအထောက်အထားမရှိဘူးဆိုရင် နှုတ်နဲ့ပြောဆိုချက်တွေအပေါ်မှာ အခြေခံပြီး အချက်အလက်ကောက်ယူပါတယ်။ တရားဝင်လုပ်ထုံးလုပ်နည်း အတိုင်းပြည့်စုံအောင် ကျနော်တို့ရဲ့ နည်းဗျူဟာကို ထိန်းသိမ်းထားပါတယ်။ ၁၀၀% ပြည့် မှန်ကန်မှုရှိတယ်လို့ ကျနော်တို့ မပြောနိုင်ပေမယ့် အားလုံးကတော့ အချက်အလက်တွေ မမှားဘူးဆိုတာကိုတော့ ပြောနိုင်ပါတယ်။”

UNICEF ပြောခွင့်ရပုဂ္ဂိုလ် Jean-Jacques Simon က ဗွီအိုအေကို အီးမေးလ်ကတဆင့်အကြောင်းပြန်ကြားရာမှာ ဘင်္ဂလားဒေ့ရှ်အစိုးရက စာရင်းကောက်ယူထားတဲ့ ရိုဟင်ဂျာမိဘမဲ့ကလေးပေါင်း ၁၄,၇၄၀ ရှိနေကြောင်း အတည်ပြုထားပါတယ်။ စီစစ်သုံးသပ်လို့ ပြီးစီးသွားတဲ့ အရေအတွက် တဝက်ကျော်ကို ဘင်္ဂလားဒေ့ရှ် လူမှုဖူလုံရေးဝန်ကြီးဌာနရဲ့ database ကွန်ပြူတာ နည်းပညာနဲ့ အချက်အလက် သိမ်းဆည်းတဲ့ စာရင်းထဲ ထည့်သွင်းထားတယ်လို့လည်း ဆိုပါတယ်။

လက်ရှိ အခြေအနေအရ စခန်းတွေထဲမှာ တယောက်ထဲသီးခြားစီနေတဲ့ ကလေးငယ် ၁၅ ဦး စာရင်းရရှိထားပြီး အခု သူတို့ဘယ်နေရာတွေမှာရှိနေလဲ၊ သူတို့ကို အသေအချာ အကာအကွယ်ပေးဖို့ ဒေသဆိုင်ရာ ဘင်္ဂလားဒေ့ရှ်အစိုးရ အာဏာပိုင်တွေကို ဆက်သွယ်ပြောဆိုထားကြောင်း UNICEF ကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းနယ်စပ်က ယာယီဒုက္ခသည်စခန်းတွေမှာ ကလေးတွေနဲ့ ပြည့်ကျပ်နေတာပါ။ လူကြီးတွေနဲ့ အတူနေထိုင်တဲ့ ကလေးတချို့ ရှိနေသလို အုပ်ထိန်းသူလုံး၀ မရှိတဲ့ ကလေးတွေလည်း ရှိနေပါတယ်။ ပရမ်းပတာနဲ့ ဝရုန်းသုန်းကားဖြစ်နေတဲ့ အခြေအနေတွေဟာ ကလေးတွေအပေါ် နှိပ်စက်ဖို့ အပြင် အခြား အန္တရာယ်တွေကျရောက်စေဖို့ အားနည်းချက်လို ဖြစ်နေပါတယ်။

ဒုက္ခသည် မိဘမဲ့ကလေးတွေအတွက် အဆောက်အဦးဆောက်လုပ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက စဉ်းစားနေပြီး ဒီအတွက် အထောက်အကူပေးရေး အဖွဲ့အစည်းတွေနဲ့ ဒီသတင်းပတ်အတွင်း ဆွေးနွေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် NGO အဖွဲ့တခုဖြစ်တဲ့ BRAC ရဲ့ ညွန်ကြားရေးမှူး Dr. Erum Mariam ကပြောပါတယ်။

အသစ်ထပ်မံရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည် ကလေးတွေရဲ့ ကျန်းမာရေး အတွက်လည်း အရေးပေါ် အကူအညီတွေ အလွန်လိုအပ်နေကြောင်း UNICEF က အင်္ဂါနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

သြဂုတ်လ (၂၅)ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တကျော့ပြန်ဖြစ်လာတဲ့ အကြမ်းဖက်မှုတွေတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ရိုဟင်ဂျာဒုက္ခသည် သိန်းနဲ့ချီပြီး ထွက်ပြေးရာမှာ အဓိက ကလေးတွေဖြစ်ကြပြီး အများအပြားဟာ သူတို့ရဲ့ မိဘတွေကို မြန်မာနိုင်ငံဘက်အခြမ်း ဒါမှမဟုတ် ထွက်ပြေးလာတဲ့ လမ်းမှာ ဆုံးရှုံးခဲ့ကြတာဖြစ်ပါတယ်။ သူတို့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေအကြောင်း ကလေးငယ်တွေကိုယ်တိုင် ပုံဖေါ်ရေးဆွဲထားတဲ့ ပန်းချီတွေကိုကမ္ဘာ့ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF က စုဆောင်းပြသရာမှာ အလွန်ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းတဲ့ ဖြစ်ရပ်တွေကို နိုင်ငံတကာအသိုင်းအဝိုင်းက မြင်ခဲ့ကြရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG