ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စနစ်တကျ ကျူးလွန်နေတယ်လို့ ဆိုပြီး မြန်မာစစ်တပ်အပေါ် ပစ်မှတ်ထား ဒဏ်ခတ်အရေးယူဖို့ အမေရိကန် လွှတ်တော်အမတ် ၄၀ ကျော်က တိုက်တွန်းလိုက်သလို၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ရခိုင်အရေးနဲ့ပတ်သက်လို့ မြန်မာအစိုးရကို ပြင်းပြင်းထန်ထန် ဖိအားပေး ပြောဆိုနေကြပါတယ်။ ဒီအခြေအနေက လက်ရှိသွားနေတဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ထိခိုက်လာနိုင်တယ်လို့ သုံးသပ်တာတွေလည်း ရှိပါတယ်။ မခင်ဖြူထွေးက စုစည်းတင်ပြပေးပါမယ်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေ၊ ဒုက္ခသည် သိန်းနဲ့ချီ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးခဲ့ရတာတွေနဲ့ပတ်သက်လို့ နိုင်ငံတကာ အစိုးရတွေ၊ ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက မြန်မာအစိုးရနဲ့ အထူးသဖြင့် မြန်မာစစ်တပ်ကို ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုနေတာပါ။ မနေ့က ဗုဒ္ဓဟူးနေ့ကပဲ အမေရိကန် လွှတ်တော်အမတ်တွေက မြန်မာစစ်တပ်အပေါ် ပစ်မှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်သွားဖို့ အမေရိကန်အစိုးရကို တိုက်တွန်းခဲ့ပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ပြည်ဝင်ခွင့် တားမြစ်တာလို ဒဏ်ခတ်မှုမျိုးတွေ ပြန်လည် ကျင့်သုံးဖို့ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကို အောက်လွှတ်တော်အမတ် ၄၀ ကျော်က လက်မှတ်ရေးထိုး တိုက်တွန်းလိုက်တာပါ။ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကလည်း ရိုဟင်ဂျာဒုက္ခသည် ငါးသိန်းကျော် ထွက်ပြေးနေရတဲ့ အခြေအနေကို ကမ္ဘာက ဒီအတိုင်း လက်ပိုက် ကြည့်မနေသင့်ဘူးလို့ ပြောပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ထိပ်တန်း တာဝန်ရှိသူတွေကလည်း ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာဒုက္ခသည်တွေ ထွက်ပြေးရတဲ့ အခြေအနေဟာ လူမျိုးတုံး သုတ်သင်ရှင်းလင်းရာရောက်တဲ့အထိ ဖြစ်လာနေတယ်လို့ ပြင်းပြင်းထန်ထန် စွပ်စွဲ ပြောဆိုနေတာပါ။ ဒါ့အပြင် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ရှေ့သီတင်းပတ်ထဲ မြန်မာ့အရေး ဆွေးနွေးတဲ့အခါ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် ချမှတ်နိုင်ဖို့ တိုက်တွန်း ပြောဆိုတာတွေလည်း ရှိလာပါတယ်။ ဒီလို နိုင်ငံတကာဖိအားတွေ တိုးမြင့်လာတာဟာ တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်နိုင်တာကြောင့် မြန်မာအစိုးရ အနေနဲ့ ပါးပါးနပ်နပ် ကိုင်တွယ်ဖို့လိုအပ်တယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က သုံးသပ်ပြောဆိုပါတယ်။
“၁တချက်ကတော့ ဝမ်းနည်းစရာအခြေအနေတွေက ရခိုင်ပြည်နယ်မြောက်ဘက်ဒေသပါ။ တကယ့်ကို ဖြစ်သွားတဲ့အနေအထားလေးဖြစ်တယ်ဆိုတာကို အစိုးရအနေနဲ့ အသိအမှတ်ပြုဖို့လိုလိမ့်မယ်။ လက်ခံဖို့လိုလိမ့်မယ်လို့ ကျနော့်အနေနဲ့ကတော့ ထင်တယ်။ ၂ အချက်က ဘယ်လိုအမှားအယွင်းတွေဖြစ်ခဲ့သလဲ နောက်တခုက ကောင်းမွန်တဲ့Reason တွေဖြစ်တယ်ဆိုတာကို အစိုးရအနေနဲ့ အသိအမှတ်ပြုဖို့လိုလိမ့်မယ် လက်ခံဖို့လိုလိမ့်မယ်လို့ ကျနော့်အနေနဲ့ကတော့ ထင်တယ်။ ၂ အချက်က ဘယ်လိုအမှားအယွင်းတွေဖြစ်ခဲ့သလဲ ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပဲ ဖြစ်ဖြစ် အမှားအယွင်းဆိုတာက ကိစ္စတိုင်းမှာ ရှိနိုင်တယ်။ ဘယ်လိုအမှားအယွင်းတွေဖြစ်ခဲ့သလဲဆိုတဲ့ ကိစ္စကိုတော့ သေသေချာချာနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အထူးသဖြင့်တော့ ကမ္ဘာ့ ကုလသမဂ္ဂနဲ့ သေသေချာချာပူးပေါင်းဆောင်ရွက်ပြီးတော့ စုံစမ်းစစ်ဆေးဖို့ လိုတယ်လို့ထင်တယ် ဒါက ၂ အချက် ။ ၃ အချက်ကတော့ အကယ်၍အမှားအယွင်းတွေရှိခဲ့တယ်ဆိုတာကို တွေ့ရှိခဲ့လို့ရှိရင် အမှားအယွင်းနဲ့ ပတ်သက်တဲ့ တာဝန်ရှိတဲ့လူတွေကို ကျောသားရင်သားမခွဲခြားပဲနဲ့ သေသေချာချာအရေးယူ ဆောင်ရွက်ဖို့ လိုလိမ့်မယ်လို့ ကျနော့်အနေနဲ့တော့ အဲလိုထင်တယ်။ အဲဒါမှ နိုင်ငံတကာရဲ့ ယုံကြည်မှုကို ကျနော်တို့ ပြန်ရလိမ့်မယ် အဲလိုအခြေအနေမလုပ်ဘူး လို့“ဘူး”ခံနေမယ်ဆိုရင် နိုင်ငံတကာရဲ့ ယုံကြည်မှုကိုရဖို့အတွက်က တော်တော်ခက်လိမ့်မယ်။ ကျနော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးပဲဖြစ်ဖြစ် အဲဒီဒေသ ရေရှည်ဖွံ့ဖြိုးရေးအတွက်ပဲဖြစ်ဖြစ် နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှု ကျနော်တို့မှာ အများကြီးလိုတယ်။ အဲဒီကိစ္စတွေ ကျနော်တို့ လက်လွှတ်ဆုံးရှုံးရမယ့် အခြေအနေရှိနေတယ်လို့ ကျနော်မြင်ပါတယ်။”
မြန်မာနိုင်ငံကို တချိန်က လူ့အခွင့်အရေး ချိုးဖောက်တဲ့ နိုင်ငံတခုအဖြစ် မြင်ခဲ့သလို၊ အခုပြန်ပြီး မြင်လာတာမျိုးက ကောင်းတဲ့အလားအလာ မဟုတ်ဘူးလို့ လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ ညီမျှခြင်းမြန်မာရဲ့ အမှုဆောင်ညွန်ကြားရေးမှူး ဦးအောင်မျိုးမင်း က ပြောပါတယ်။
“မြန်မာနိုင်ငံကိုဖိအားတွေ ပိုတိုးမယ့်သဘောရှိတယ် အဲဒီနေရာမှာ ဖိအားဆိုတဲ့နေရာမှာ သံတမန်ရေးရာ ဖိအားရော ၊ အကူအညီနည်းအရ ဖိအားရော ၂ မျိုးလုံးဝင်လာနိုင်တဲ့ သဘောရှိတယ်။ အခုတောင်မှ ကမ္ဘာ့ဘဏ်ကနေ သူတို့ အတိုးမဲ့ ထုတ်ချေးမယ့် ကိစ္စတွေကို သူတို့မချေးတော့ဘူးဆိုတဲ့ ပုံစံဖြစ်လာတယ် ဒါလည်း ဖိအားတမျိုးပဲဖြစ်တယ်။ သေချာတာတခုကတော့ အရင်တုန်းက လူ့အခွင့်အရေးချိုးဖောက်မှုတခုရှိတဲ့ နိုင်ငံဆိုပြီးတော့ ဖိအားတွေက အဲဒီနာမည်ဆိုးနဲ့ပဲ ပြန်ရောက်လာရင် တိုင်းပြည်က ရှေ့ကိုသွားနိုင်မှာမဟုတ်ဘူး။ အခုကျနော်တို့ဆီမှာဆိုရင် တိုင်းပြည်က ပြန်လည်ထူထောင်ရေးကို သွားရမယ့်အခြေအနေမျိုးဖြစ်တယ်။ ပြန်လည်ထူထောင်ရေးကိုသွားတဲ့အခြေအနေမျိုးမှာ ကျနော်တို့ ခုနကလိုမျိုး ဖိအားတွေ ပိတ်ဆို့မှုတွေ ရှိလာရင် အစိုးရက ဘယ်လောက်အထိ စေတနာ ကောင်းကောင်း ဒီနိုင်ငံတကာ စီးပွားရေးနဲ့ လူမှုရေး၊ ယဉ်ကျေးမှု ဆိုင်ရာစာချုပ်ကို လက်မှတ်ထိုးတယ်။ ဒါပေမယ့် တိုင်းပြည်မှာအရင်းအမြစ်တွေမရှိဘူး။ ဝိုင်းဝန်းကူညီမယ့် နိုင်ငံတွေက မကူညီလို့ရှိရင် လုပ်ဆောင်ရတာ အခက်အခဲရှိမယ်။ ဆိုတော့ အဲဒီအပေါ်မှာ ဘယ်သူတွေက ဘယ်သူ့ကို အပြစ်တင်လာမလဲဆိုတော့ ပြည်သူတွေတင်ထားတဲ့ ပြည်သူ့အစိုးရကိုပဲ လက်ညှိးထိုးလာမယ်။ အစိုးရအပေါ်ယုံကြည်မှုတွေ ပျက်စီးလာမယ်။ တချိန်တည်းမှာပဲ နိုင်ငံတကာကိုလည်း ခုနက ပိုပြီးတော့ ရန်သူလိုမြင်လာတဲ့ အခြေအနေမျိုးဖြစ်လာမယ်။ အဲဒီလိုဖြစ်လာရင် တိုင်းပြည်အတွက်မကောင်းဘူးခင်ဗျ။”
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သြဂုတ်လ ၂၅ ရက်နေ့က လုံခြုံရေးကင်းစခန်း ၃၀ ကျော်ကို အစွန်းရောက် အကြမ်းဖက်အဖွဲ့ ARSA က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက လိုက်လံ ချေမှုန်းရာကနေ နောက်ဆက်တွဲ ပဋိပက္ခတွေနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာသူပေါင်းဟာ ၅ သိန်းကျော် ရှိနေပြီး နောက်ထပ် ထွက်ပြေးလာသူတွေလည်း ရှိနေတယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က ပြောဆိုထားပါတယ်။ မြန်မာစစ်တပ်က ရိုဟင်ဂျာမူစလင်တွေအပေါ် စနစ်တကျ စီစဉ်လုပ်ဆောင်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ခုလို အချိန်တိုကာလအတွင်း လူတွေ သိန်းနဲ့ချီ အစုလိုက်အပြုံလိုက် ထွက်ပြေးရတာဖြစ်တယ်လို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆိုထားပါတယ်။