သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်ကိုအရေးယူဖို့ ကန်လွှတ်တော်အမတ် ၄၃ဦး တိုက်တွန်း


အမေရိကန်လွှတ်တော်
အမေရိကန်လွှတ်တော်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်နေတယ်လို့ စွပ်စွဲခံနေရတဲ့ မြန်မာစစ်တပ်အပေါ် ပစ်မှတ်ထား ဒဏ်ခတ်အရေးယူဖို့ အမေရိကန် လွှတ်တော်အမတ်တွေက တိုက်တွန်းလိုက်ကြပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ပြည်ဝင်ခွင့် တားမြစ်တာလို ဒဏ်ခတ်မှုမျိုးတွေ ပြန်လည်ကျင့်သုံးဖို့ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကို အောက်လွှတ်တော်အမတ် ၄၀ ကျော်က လက်မှတ်ရေးထိုး တိုက်တွန်းခဲ့ကြကြောင်း Reuter သတင်းမှာ ဖော်ပြထားတာပါ။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ သြဂုတ်လ ၂၅ ရက်နေ့က လုံခြုံရေးကင်းစခန်း ၃၀ လောက်ကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက်အုပ်စုကို ရှင်းလင်းတဲ့ စစ်ဆင်ရေးတွေမှာ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့ကြောင်းနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရိုဟင်ဂျာ ဒုက္ခသည် ၅ သိန်းကျော် ထွက်ပြေးရတဲ့အထိ ဖြစ်ခဲ့ရကြောင်း အမေရိကန် အပါအဝင် နိုင်ငံတကာက စွပ်စွဲထားကြပါတယ်။

မနေ့တုန်းက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးထံ ပေးပို့တဲ့ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက် အောက်လွှတ်တော် အမတ်တွေရဲ့ စာထဲမှာတော့ မြန်မာစစ်တပ်နဲ့ လူ့အခွင့်အရေး ချိုးဖောက်သူတွေအပေါ် လိုအပ်သလို အရေးယူဖို့ လိုအပ်ကြောင်း တိုက်တွန်းထားတာပါ။ နိုင်ငံခြားရေးဝန်ကြီး Tillerson ကတော့ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် မြန်မာစစ်တပ်မှာ တာဝန်ရှိတယ်လို့ အမေရိကန်က ယုံကြည်ထားကြောင်း မနေ့တုန်းကပဲ ပြောဆိုခဲ့ပါတယ်။

ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းကာစ မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေ အနေနဲ့ ဘယ်လမ်းကြောင်းကို လိုက်မလဲဆိုတာ ရွေးချယ်ရမယ့်အချိန်ဖြစ်ကြောင်းလည်း ဝါရှင်တန်မှာ ကျင်းပခဲ့တဲ့ မဟာဗျုဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာန (CSIS) က နှီးနှောဖလှယ်ပွဲမှာ ဝန်ကြီး Tillerson က ပြောဆိုခဲ့တာပါ။ မြန်မာစစ်တပ်ကတော့ ရခိုင်ပြည်နယ်က စစ်ဆင်ရေးတွေမှာ တပ်ဖွဲ့ဝင်တွေ ဥပဒေ ချိုးဖောက်ခဲ့မှု ရှိမရှိ တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးနေကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ သတင်းထုတ်ပြန် ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG