သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောက်ထပ်ထွက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ ဘင်္ဂလားဒေ့ရ်ှ ဝင်ခွင့်ပေး


ရခိုင်ပြည်နယ် မြောက်ပိုင်းက မတည်မငြိမ် အခြေအနေတွေကြောင့် မကြာသေးခင် ရက်တွေက ထပ်မံ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဝင်ခွင့်ပြုလိုက်ပါတယ်။

တနင်္ဂနွေနေ့ကစလို့ ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး ရောက်လာခဲ့ကြပြီး ဝင်ခွင့်ရဖို့ စောင့်ဆိုင်းနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ခန့်မှန်းချေ တသောင်းခွဲလောက်ကို အမြန်ဆုံး ဝင်ခွင့်ပြုဖို့ ကုလသမဂ္ဂက တိုက်တွန်းခဲ့ပြီး ဒီကနေ့မှာပဲ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ခွင့်ပြုလိုက်တာပါ။

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ကတော့ ထောင်သောင်းချီတဲ့ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ဝင်ခွင့်ရဖို့ စောင့်ဆိုင်းနေတာတွေကို အဝေးထိန်း Drone နဲ့ ရိုက်ကူးထားတဲ့ ဗွီဒီယိုမှတ်တမ်းတခုကိုလည်း ဒီသီတင်းပတ် အစောပိုင်းမှာပဲ ထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ သြဂုတ်လ ၂၅ ရက်နေ့က လုံခြုံရေးကင်းစခန်း ၃၀ လောက်ကို ARSA အစွန်းရောက်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက လိုက်လံ ချေမှုန်းရာက နောက်ဆက်တွဲ ပဋိပက္ခတွေနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာသူပေါင်းဟာ ၅ သိန်း ၈ သောင်းကျော် ရှိနေပြီ ဖြစ်ကြောင်းလည်း UNHCR က သတင်းထုတ်ပြန်ထားတာပါ။ ဘင်္ဂလားဒေ့ရှ် အစိုးရကတော့ ဒုက္ခသည်တွေထဲက မိဘမဲ့ ကလေးပေါင်း ထောင်ပေါင်းများစွာကို စတင်စာရင်း ကောက်ယူနေပါတယ်။

မိဘမဲ့ ကလေးအရေအတွက်ဟာ တသောင်းခွဲလောက် ရှိမယ်လို့ ခန့်မှန်းထားပေမဲ့ အတိအကျပြောဖို့ အခက်အခဲ ရှိနေဆဲ ဖြစ်တဲ့အကြောင်းCox’s Bazar ခရိုင် လူမှုဝန်ထမ်းဌာန ဒုတိယညွှန်ကြားရေးမှူး Pritam Kumar Chowdhury က ဗွီအိုအေကို ပြောပါတယ်။ ကုလသမဂ္ဂ ကလေးငယ်များ အရေးပေါ် ရန်ပုံငွေအဖွဲ့ UNICEF ကတော့ မိဘမဲ့တွေအဖြစ် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေထံ စာရင်းသွားထားသူ အရေအတွက်ဟာ ၁၄,၇၄၀ ရှိကြောင်းနဲ့ တဝက်လောက်ကိုတော့ လူမှုဝန်ထမ်းဝန်ကြီးဌာနက စာရင်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးနေကြောင်းလည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG