သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အချိန်တိုအတွင်း ဒုက္ခသည်ငါးသိန်းကျော်ထွက်ပြေးမှု စနစ်တကျလုပ်ဆောင်ချက်ဟု AI စွပ်စွဲ


အချိန်ကာလတိုတခုအတွင်း ရိုဟင်ဂျာဒုက္ခသည် ငါးသိန်းကျော် ရခိုင်ပြည်နယ်ထဲကနေ ထွက်ပြေးနေရတာဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှု မြောက်တဲ့အထိ မြန်မာစစ်တပ်ရဲ့ စနစ်တကျ စီစဉ်ဆောင်ရွက်မှုတွေကြောင့် ဖြစ်တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Amnesty International က ထပ်မံ ပြောဆိုလိုက်ပါတယ်။ မြန်မာအစိုးရအနေနဲ့ အမှန်တကယ် ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ဇွတ်ငြင်းပယ်နေလို့ မရသလို၊ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း အထိရောက်ဆုံး တုံ့ပြန် ကိုင်တွယ်သင့်တယ်လို့ ဒီအဖွဲ့က ပြောပါတယ်။ မခင်ဖြူထွေးက အပြည့်စုံ တင်ပြပေးပါမယ်။

ပြီးခဲ့တဲ့သီတင်း ၇ ပတ်အတွင်း ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေး လာတဲ့ ဒုက္ခသည်ဦးရေ ငါးသိန်း သုံးသောင်းကျော် ရှိပြီး နောက်ထပ် ထွက်ပြေးလာသူတွေလည်း ရှိနေတယ်လို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ပြောနေတာပါ။ အခုလို အချိန်တိုကာလတခုအတွင်း လူတွေ အလုံးအရင်း ထွက်ပြေးရ တာဟာ လူသားထုတခုလုံး အပေါ် ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှုမြောက်တဲ့အထိ မြန်မာအစိုးရ စနစ်တကျ ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဖြစ်တယ်လို့ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Amnesty International က ပြောပါတယ်။ ဒီလို ကျူးလွန်နေတာကို ဖော်ပြတဲ့ သက်သေ အထောက်အထားတွေ ခိုင်ခိုင်မာမာ ရှိနေတာကြောင့် မြန်မာစစ်တပ်နဲ့ အစိုးရတွေ အနေနဲ့ လက်ရှိ အခြေအနေမှန်ကို ဇွတ်ငြင်းနေလို့ မရဘူးလို့ Amnesty International က မြန်မာ့အရေး သုတေသီ Laura Haigh က ပြောပါတယ်။

“အရပ်သားအစိုးရနဲ့ စစ်တပ် အနေနဲ့ အခြေအနေမှန်ကို ဖုံးကွယ်ပြီး ဇွတ်ငြင်းနေလို့ မရပါဘူး။ သက်သေ အထောက်အထားတွေ အများကြီး ရှိပါတယ်။ ကျမတို့ Amnesty International အဖွဲ့တခုတည်းမှာတင် မဟုတ်ပါဘူး။ တခြား အဖွဲ့အစည်းတွေမှာလည်း သက်သေအချက်အလက်တွေ အများကြီး ရှိပါတယ်။ အမှန်တရားဆိုတာ ထွက်လာမှာပါ။ ဒီလို လူ့အခွင့်အရေး ချိုးဖောက်တဲ့ အခြေအနေတွေကို ရခိုင်ပြည်နယ်မှာတင် မဟုတ်ပါဘူး။ ရှမ်း ကချင် စတဲ့ ပြည်နယ်တွေမှာလည်း ဖြစ်နေတာကို ကျမတို့ သိထားပြီးသားပါ။ ဒါတွေကို ကျမတို့ ဆက်ပြီး မှတ်တမ်းတင် သွားပါမယ်။ အပြစ်ကျူးလွန် သူတွေကို အရေးယူနိုင်ဖို့ပါ။ အစိုးရအနေနဲ့ ဇွတ်ဆက်ပြီး ငြင်းနေရမယ့်အချိန် မဟုတ်ပါဘူး။ အရပ်သားအစိုးရကို ကျမတို့ တောင်းဆိုချင်တာက ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ကို မြန်မာပြည်ထဲ ဝင်ရောက်ခွင့်ပြုပါ။ ဒေသထဲမှာ ဘာတွေ တကယ်ဖြစ်နေတယ်၊ ARSA အကြမ်းဖက်အဖွဲ့နဲ့ တခြားအဖွဲ့အစည်းတွေကရော ဘာတွေ ကျူးလွန်ခဲ့တယ် ဆိုတာတွေကို ရှာဖွေ ဖော်ထုတ်နိုင်ဖို့ဖြစ်ပါတယ်။ ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ အဓိက တာဝန်ရှိတဲ့ မြန်မာစစ်တပ် အနေနဲ့လည်း အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး ကိုယ်လုပ်တဲ့ လုပ်ရပ်အတွက် တာဝန်ယူဖို့လိုပါတယ်။”

ရခိုင်ပြည်နယ်တွင်းကနေ ရိုဟင်ဂျာ ဒုက္ခသည်တွေ အစုလိုက်အပြုလိုက် ထွက်ပြေးရတဲ့ အခြေအနေတွေကို ထောက်ပြပြီး ဒါဟာ လူမျိုးတုံး သုတ်သင်ရှင်းလင်းရာ မြောက်နိုင်တယ်ဆိုပြီး ကုလသမဂ္ဂကလည်း ပြောဆိုထားတာပါ။

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ရခိုင်အရေးနဲ့ပတ်သက်လို့ ပြစ်တင်ရှုတ်ချကြောင်း စကားလုံးတွေနဲ့ ပြောနေရုံနဲ့ မလုံလောက်ဘဲ ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ အမြန်ဆုံး လုပ်သွားဖို့ လိုအပ်နေတယ်လို့လည်း Laura Haigh က ပြောပါတယ်။

“နိုင်ငံတကာရဲ့ ဖိအားပေး ဆောင်ရွက်မှုက အင်မတန် အရေးကြီး ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ပြစ်တင်ရှုတ်ချတာ၊ ဝေဖန်တာတွေ ကျမတို့ အများကြီး ကြားခဲ့ရပြီးပါပြီ။ ဒါပေမဲ့ မဖြစ်မနေ ရပ်တန့်ဖို့လိုနေတဲ့ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေကတော့ ရပ်မသွားပါဘူး။ ခုချိန်မှာ ဝေဖန်ပြောရုံနဲ့ မလုံလောက်တော့ပါဘူး။ ဒီနေရာမှာ အရေးကြီးတာက စစ်တပ်က အဓိက ထိန်းချုပ်လုပ်ဆောင်နေတာဖြစ်ပြီး၊ အရပ်သားအစိုးရအပေါ် တာဝန်ခံမှုလည်း မရှိပါဘူး။ ဒီလို အခြေအနေတွေက အကြိမ်များစွာ ထပ်ခါ ထပ်ခါ ဖြစ်နေတာပါ။ ဒါတွေကို ရပ်တန့်ဖို့လိုပါတယ်။ ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ ထိရောက်တဲ့ အရေးယူမှုတွေ ချမှတ်ဆောင်ရွက်ရမယ့် အချိန်ဖြစ်ပါတယ်။”

ဘယ်လို ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေကို ပြောတာပါလဲ။

“ကျမတို့ Amnesty International အနေနဲ့ တောင်းဆိုတာကတော့ - တကမ္ဘာလုံး အတိုင်းအတာနဲ့ မြန်မာနိုင်ငံကို လက်နက်တင်ပို့ရောင်းချမှုတွေ ပိတ်ပင်သွားဖို့နဲ့ အကြီးတန်း စစ်ဘက်ခေါင်းဆောင်တွေ၊ ပြစ်မှုကျူးလွန်နေတဲ့ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ အပေါ် သီးခြားပစ်မှတ်ထားတဲ့ ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ဖို့ပါ။ နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ အခိုင်အမာ ဖိအားပေးနိုင်တာ နောက်တခုကတော့ - ရှေ့သီတင်းပတ်ထဲ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ရခိုင် အရေးကိစ္စအပါအဝင် မြန်မာ့အရေး ဆွေးနွေးတဲ့အခါ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တရပ် ချမှတ်သွားဖို့ပါ။ ရခိုင်ပြည်နယ် အခြေအနေ တခုတည်းမဟုတ်ပါဘူး။ ကချင်နဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ အခြေအနေတွေက ပိုမိုဆိုးရွားလာနေပြီး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လည်း ကျဆင်းလာနေပါတယ်။ ဒါကြောင့် မြန်မာအစိုးရအပေါ် သံတမန်ရေးအရ ဖိအားတွေ တိုးမြှင့်ပေးသွားရပါလိမ့်မယ်။”

ရခိုင်ပြည်နယ်တွင်း အခြေအနေတွေနဲ့ပတ်သက်လို့ သူတို့ စုစောင်းရရှိတဲ့ အချက်အလက်တွေ၊ စက်တလိုက်ဂြိုဟ်တုကနေ ရိုက်ယူထားတဲ့ ဓာတ်ပုံတွေ၊ ဗွီဒီယိုမှတ်တမ်းတွေ၊ ကိုယ်တိုင်ကြုံတွေ့သူတွေရဲ့ ပြောပြချက်တွေအရ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာ မူစလင် အမျိုးသား၊ အမျိုးသမီး၊ ကလေးငယ်တွေအပေါ် စနစ်တကျ အကွက်ချ တိုက်ခိုက်နေတာဖြစ်တယ်လို့ Amnesty International အဖွဲ့က ပြောပါတယ်။

ဒါပေမဲ့ မြန်မာအစိုးရရော၊ မြန်မာစစ်တပ်ကပါ ဒီစွပ်စွဲချက်တွေ မမှန်ကန်ကြောင်း တစိုက်မက်မက် ငြင်းဆန်ထားပါတယ်။ ရခိုင်ပြည်နယ်တွင်း နယ်မြေရှင်းလင်းမှုတွေဟာ အကြမ်းဖက်အဖွဲ့ ARSA ချေမှုန်းတဲ့ စစ်ဆင်ရေးသာ ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်နေတာဖြစ်တယ်လို့ မြန်မာတာဝန်ရှိသူတွေဘက်က တုံ့ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG