အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်မြောက်ပိုင်းကနေ သောင်းချီတဲ့ ဒုက္ခသည်တွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို အစုလိုက်အပြုံလိုက် ထွက်ခွာနေဆဲဖြစ်ကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။ မြန်မာအာဏာပိုင်တွေကတော့ နေရပ်ကိုမစွန့်ကြဖို့ တိုက်တွန်းနေတဲ့ကြားက ထွက်ခွာနေကြတာလို့ ပြောဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် က ဆက်ပြောပြပါမယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က မတည်မငြိမ် အခြေအနေတွေကြောင့် တနင်္ဂနွေနေ့ကစလို့ ထပ်မံထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း ခန့်မှန်းခြေ ၁ သောင်းကနေ တသောင်းခွဲလောက်ဟာ ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးမှာ ဝင်ခွင့်ရဖို့ စောင့်ဆိုင်းနေကြတဲ့အကြောင်း UNHCR က ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။ ပဋိပက္ခတွေဖြစ်ပွားရာ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောခရိုင် ကျီးကန်းပြင်မှာရှိတဲ့ ဌာနချုပ် အမှတ်(၁) နယ်ခြားစောင့်တပ်ဖွဲ့က ဒုရဲမှူးကြီးစိုးမြင့်ဦး ကတော့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် အစုလိုက်အပြုံလိုက် ဆက်လက် ထွက်ခွာနေတာလို့ ပြောပါတယ်။
“အခုဒီရက်ပိုင်းမှာမှ ကျနော်တို့ ဒီ အလယ်သံကျော် ပင်လယ်ကမ်းခြေတို့ ကျနော်တို့ဒီ တုန်းကျောင်းဝနဲ့ မော်ဝင်ကျောင်းဝကြားမှာရှိတဲ့ ဂေါဒူသာရ တံတားဘက်ကနေ ကူးလူးပြီးသွားတဲ့ အဖွဲ့တွေဟာ ဘူးသီးတောင်မြို့နယ်အပိုင်ထဲမှာရှိတဲ့ ဘင်္ဂလီကျေးရွာအဖွဲ့တွေဖြစ်ပါတယ်။ သူတို့စိတ်ထဲမှာ ကျနော့်အမြင်ပြောရရင်တော့ အကြောက်တရားတွေက လွှမ်းမိုးနေတယ်လို့ ထင်ပါတယ်ခင်ဗျ။ ဒါကြောင့် ဟိုဘက်ကိုသွားရင်သာ သူတို့ရဲ့အသက်အန္တရာယ်နဲ့ သူတို့လုံခြုံမှုအတွက် စိတ်ချပြီဆိုတဲ့ အနေအထားမျိုးနဲ့ တဖက်ကတွေးနိုင်သလို တဖက်ကလည်း လှမ်းပြီးတော့မှ ခြိမ်းခြောက်ပြီး မင်းတို့ဒီမှာနေလို့ရှိရင်တော့ မင်းတို့ကိုရန်ပြုမှာပဲ မင်းတို့အသက်အန္တရာယ်လည်း မင်းတို့ တနေ့မဟုတ်တနေ့ မင်းတို့သေမှာပဲ အဲလိုမှ မဟုတ်ဘူးဆိုရင် ငါတို့က မင်းတို့ကိုလာပြီးတော့ မင်းတို့ဆွေမျိုးမိသားစုကို ငါတို့ကိုယ်တိုင်လာပြီး သတ်ဖြတ်မှာပဲဆိုတဲ့ ဒီလိုဆက်သွယ်မှုတွေနဲ့ အကြောက်တရားတွေကို ရိုက်သွင်းပြီးလုပ်ဆောင်နေတယ်လို့ ကျနော့်အနေနဲ့တော့ သုံးသပ်မိပါတယ်။”
မြို့သူကြီးကျေးရွာက ရိုဟင်ဂျာ မူဆလင်တဦးဖြစ်တဲ့ ကိုလှထွန်း ကတော့ အာဏာပိုင်တွေရဲ့ ကန့်သတ်မှုတွေ၊ ဖိနှိပ်မှုတွေကြောင့် စိုးရိမ်စိတ်တွေနဲ့ အစုလိုက်အပြုံလိုက် ဆက်လက် ထွက်ခွာနေကြရတာလို့ ပြောပါတယ်။
“ဒီမှာလူတွေ အဲဒီလိုထွက်ပြေးနေရတာက အကြောင်းအမျိုးမျိုးရှိတယ်။ ဒီဒေသမှာ ပြီးခဲ့တဲ့ တိုက်ခိုက်မှုတွေ အဲလိုမရှိတာတော်တော်ကြာပြီ။ ဒါပေမယ့် ကျနော်တို့ ရိုဟင်ဂျာ တွေ အသွားအလာတွေက လုံးဝကို တင်းတင်းကျပ်ကျပ်ကို ကန့်သတ်ထားတယ် လူတွေကို သွားလာခွင့်မပြုဘူး။ ဈေးတွေဘာတွေလည်း အခုအထိ ဖွင့်မပေးဘူး အာဏာပိုင်တွေက။ လူတွေမှာ အလုပ်မရှိအကိုင်မရှိနဲ့ စားဝတ်နေရေး တော်တော်လေး အဲလို ကျပ်တည်းနေရတယ်၊ ဒုက္ခရောက်နေရတယ် လူတွေက ။ ပြီးတော့ ဟိုတလောက အာဏာပိုင်တွေက NVC ကဒ်တခုကို အတင်းအဓမ္မ ဖိအားပေးပြီးတော့ လက်ခံဖို့ NVC ကဒ်ကို ကျနော်တို့ကို အတင်းပေးဖို့ ကြိုးစားနေတယ်။ တလောကပဲ ရွှေစဆိုတဲ့ရွာမှာသွားပြီးတော့ NVC ကဒ်ကို လက်မခံရင် ရွာလုံးကျွတ် အားလုံး မီးရှို့မယ်ဆိုပြီးတော့ ခြိမ်းခြောက်တာရှိတယ်။ ပြီးတော့ ဒီဒေသမှာ တရားဥပဒေစိုးမိုးမှုဆိုတာကလည်း မရှိဘူး။ တရားမျှတမှုဆိုတာကလည်း မရှိဘူး။ ဆိုလိုတာက လူတွေက မျှော်လင့်ချက်နည်းပြီးတော့ သိပ်ပြီးတော့ ဒီမှာမနေချင်ဘူးပေါ့။”
ရခိုင်ပြည်နယ် မြောက်ပိုင်းက ပဋိပက္ခမှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးလာသူ ၅ သိန်းကျော် အထိ ရှိနေပြီလို့ ကုလသမဂ္ဂက ခန့်မှန်းထားသလို၊ နောက်ထပ် ထွက်ပြေးနေကြတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။
ဒုရဲမှူးကြီးစိုးမြင့်ဦး ကတော့ မြန်မာအာဏာပိုင်တွေက အကူအညီနဲ့ လုံခြုံရေးအတွက် တာဝန်ယူ စောင့်ရှောက်ပေးဖို့ ကမ်းလှမ်းတာတွေ ရှိပေမဲ့လည်း လက်မခံဘဲ ဆက်လက်ထွက်ခွာနေတာဖြစ်ကြောင်း ပြောပါတယ်။
“စက်တင်ဘာ ၁၅ ရက်နောက်ပိုင်းကစပြီး ဒီတလ ပတ်ဝန်းကျင်လောက်အတွင်းမှာ အစုလိုက်အပြုံလိုက်နဲ့ မိသားစုတွေဟာ အိုးအိမ်တွေစွန့်ခွာ၊ ရှိတဲ့ ပစ္စည်းတွေကို ပေးရာကပေး ထုခွဲတာက ထုခွဲဆိုပြီးရောက်လာတဲ့အနေအထား ဒါနဲ့ ပတ်သက်ပြီး ကျနော်တို့ တာဝန်ရှိတဲ့အဖွဲ့အစည်းတွေ ၊ ကျနော်တို့ UN က အဖွဲ့အစည်းတွေ ကျနော်တို့ နိုင်ငံတော်အတိုင်ပင်ခံရုံးနဲ့ ပြည်ထောင်စုဝန်ကြီးများ သက်ဆိုင်ရာ NGO အဖွဲ့အစည်းတွေကနေပြီးတော့ စားနပ်ရိက္ခာတွေကိုထောက်ပံ့ပေးမယ် ၊ နေစရာအိမ်တွေ မရှိရင်လည်း ပြန်လည်တည်ဆာက်ပေးမယ်။ ရှိပြီးသားအိမ် ကိုလည်း ငြိမ်းငြိမ်းချမ်းချမ်းသွားလို့ရတယ်။ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့လည်း အကာအကွယ်ပေးနိုင်ပါတယ် လုံခြုံမှုပေးနိုင်ပါတယ်ဆိုတာကို သူတို့ လက်မခံနိုင်တော့ပဲနဲ့ သွားနေတဲ့အနေအထားမျိုးကတော့ အခုအချိန်အထိ ကျနော်တို့ လေယာဉ်ပျံကွင်းကမ်းခြေမှာရှိတဲ့ လူ ၁ထောင်ကျော် ၊ ဘောဒူတံတားနားမှာရှိတဲ့ လူ ၁ထောင်ကျော်ကို သောင်ပြင်မှာ ရွက်ဖျင်တဲထိုးပြီးနေတဲ့အနေအထားကြည့်မယ်ဆိုရင် ကျနော်တို့ ပေါ်လွင်စေတဲ့အချက်ပါပဲခင်ဗျ။”
ကုလသမဂ္ဂ ရုံးချုပ်ရှိရာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာတော့ တနင်္ဂနွေနေ့ကစလို့ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေဟာ ဒီကနေ့မနက်ထိ ဘင်္ဂလားဒေ့ရှ်ဘက်က လယ်ကွင်းတွေမှာသာ နေနေကြရပြီး၊ မြန်မာနိုင်ငံဘက်ခြမ်းက သေနတ်သံတွေ ကြားနေရပေမဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ဝင်ခွင့်ရဖို့ စောင့်ဆိုင်းနေကြရတုန်းပဲလို့လည်း ဒုက္ခသည်တွေရဲ့ ပြောဆိုချက်ကို ကိုးကားဖော်ပြခဲ့သလို၊ ထွက်ပြေးလာသူ ဒုက္ခသည်တွေရဲ့ ပုံတွေကို ကောင်းကင်ကနေ ရိုက်ကူးထားတဲ့ ဗွီဒီယိုတွေကိုလည်း ပြသခဲ့တာပါ။
တချိန်တည်းမှာပဲ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ Human Rights Watch က သြဂုတ်လနှောင်းပိုင်းကစလို့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ကျေးရွာပေါင်း ၂၈၈ ရွာထက်မနည်းဟာ မီးလောင်မှုတွေကြောင့် လုံးဝ၊ ဒါမှမဟုတ် တစိတ်တပိုင်း ပျက်စီးခဲ့ရကြောင်း ဂြိုဟ်တုဓာတ်ပုံ မှတ်တမ်းတွေနဲ့အတူ ဒီကနေ့ပဲ သတင်းထုတ်ပြန် ထားပါတယ်။