သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ဒုက္ခသည်တွေ အကူအညီပေးရေး ကုလမှာဆွေးနွေး


ဘင်္ဂလားဒေ့ရှ်အစိုးရကိုယ်စား ဘင်္ဂလားဒေ့ရှ် လွှတ်တော်ဥက္ကဋ္ဌ Shirin Sharmin နဲ့ လူသားချင်းစာနာမှုအရေးနဲ့ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ရဲ့လက်ထောက် အတွင်းရေး မှုးချုပ် Mark Lowcock
ဘင်္ဂလားဒေ့ရှ်အစိုးရကိုယ်စား ဘင်္ဂလားဒေ့ရှ် လွှတ်တော်ဥက္ကဋ္ဌ Shirin Sharmin နဲ့ လူသားချင်းစာနာမှုအရေးနဲ့ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ရဲ့လက်ထောက် အတွင်းရေး မှုးချုပ် Mark Lowcock

ရိုဟင်ဂျာ ဒုက္ခသည်အရေးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူသားချင်းစာနာမှုအကူအညီ လိုအပ်နေသူတွေအတွက် အလှူငွေ ရရှိနိုင်ဖို့၊ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့က ကုလသမဂ္ဂဌာနချုပ်မှာ ဆွေးနွေးခဲ့ကြပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာနဲ့ အရေးပေါ် ကယ်ဆယ်ရေးညှိနှိုင်းမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ်နဲ့ ဘင်္ဂလားဒေ့ရှ်လွှတ်တော် ဥက္ကဌတို့ ဦးဆောင်ပြီး တနင်္လာနေ့က ဆွေးနွေးခဲ့ကြတဲ့ အကြောင်းကိုတော့ ဒေါ်လှလှသန်း က တင်ပြပေးပါလိမ့်မယ်။

ရခိုင်ပဋိပက္ခအရေးနဲ့ပတ်သက်လို့ ဂျာနီဗာရှိဌာနချုပ်မှာ လူသားချင်းစာနာမှုအရေးနဲ့ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ရဲ့လက်ထောက် အတွင်းရေး မှုးချုပ် Mark Lowcock နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကိုယ်စား ဘင်္ဂလားဒေ့ရှ် လွှတ်တော်ဥက္ကဋ္ဌ Shirin Sharmin တို့ဦးဆောင်ပြီးဆွေးနွေးခဲ့ကြရာမှာ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၊ အခြေချသူများကူညီကယ်ဆယ်ရေးအဖွ့ဲ IOM နဲ့ UNICEF တို့ကိုယ်စားလှယ်တွေအပြင် အဖွဲ့ဝင်နိုင်ငံတွေလည်း ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ သြဂုတ်လ ၂၅ ရက်နေ့က စတင်ခဲ့တဲ့ ရခိုင်ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်အရေအတွက်ဟာ အောက်တိုဘာ ၁၃ ရက်နေ့မှာ ၅ သိန်း ၃ သောင်း ၆ ထောင် ရှိသွားပြီလို့ဆိုပါတယ်။ ဒါ့အပြင်အမျိုးသမီးနဲ့ ကလေးငယ် အများစုပါဝင်တဲ့ ဒီဒုက္ခသည်တွေဟာ ဒဏ်ရာတွေရကာ အသက်ဘေးစွန့်ခွာ ထွက်ပြေးခဲ့ကြရတာဖြစ်တယ်လို့လဲ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ အရင်က ရောက်နေပြီးတဲ့ ဒုက္ခသည်တွေအပါအဝင် အခုနောက်ဆုံး ပဋိပက္ခကြောင့်ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည် ၅ သိန်းကျော် အပါအဝင်ဒုက္ခသည် ၁ .၂ သန်းတို့အတွက် အလှူငွေဒေါ်လာ ၄၃၄ သန်းလိုအပ်တာဖြစ်ပါတယ်။ ဂျာနီဗာမှာ နောက်သီတင်းပတ် ကျင်းပမယ့် ညီလာခံနဲ့ ပတ်သက်လို့ ကုလ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ Mark Lowcock ကအစည်းအဝေးပွဲမှာ အဖွဲ့ဝင်နိုင်ငံတွေကို အခုလိုမေတ္တာရပ်ခံခဲ့ပါတယ်။

“နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ကျနော့်အနေနဲ့ ဂျာနီဗာမှာ အဆင့်မြင် အလှူရှင့်ညီလာခံတရပ်ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ခေါင်းဆောင်တွေနဲ့ တွဲဖက်ပြီးတော့နိုင်ငံတကာရွှေ့ပြောင်းအခြေချသူများဆိုင်ရာ IOM အဖွဲ့အပြင် အက်ကိုနဲ့ Kuwait နိုင်ငံတို့နဲ့အတူ ကြီးမှူးပြီးတော့ ကျင်းပဖို့ ရှိပါတယ်။ အဲဒီအခမ်းအနားမှာ ရက်ရက်ရောရောနဲ့ အလှူငွေတွေကို ထည့်ကြဖို့ မျှော်လင့်ပါတယ်။ လက်ရှိ ပဋိပက္ခကတော့ အဖိနှိပ်ခံရမှု၊ အရေးယူခံရမှုနဲ့ ခွဲခြားဆက်ဆံခံရမှုတွေမှာ သမိုင်းဝင်တဲ့ ဖြစ်ရပ်ပါပဲ။”

ဘင်္ဂလားဒေ့ရှ်အစိုးရကိုယ်စား ဘင်္ဂလားဒေ့ရှ် လွှတ်တော်ဥက္ကဋ္ဌ Shirin Sharminက ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်က လက်ခံခဲ့တဲ့အတွက် နိုင်ငံတကာက ချီးကျူးတာကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့အပြီး ဒုက္ခသည်တွေအတွက် Cox’s Bazar မှာ ဧက ၂၀၀၀ ကျော်နယ်မြေသတ်မှတ်ထားပေးပြီး အရေးပေါ် ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာ ဒုက္ခသည် ပြဿနာ ဖြေရှင်းရေးဟာလည်း မြန်မာအစိုးရမှာ တာဝန်ရှိတယ်လို့ သူက အခုလိုပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံရဲ့ ပြဿနာဖြစ်တဲ့အတွက်ကြောင့် ပြဿနာဖြေရှင်းရေးမှာလည်း မြန်မာနိုင်ငံက လိုအပ်တာအားလုံးကိုဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့လည်း နိုင်ငံတကာ ရာဇဝတ်မှုတွေ ကျူးလွန်ကြသူတွေကို အရေးယူကြရမှာဖြစ်ပါတယ်။ ထိရောက်စွာအရေးယူဖို့ လုံခြုံရေးကောင်စီအနေနဲ့ ပြတ်ပြတ်သားသားရပ်တည်ဖို့ လိုအပ်ပါတယ်” လို့ ဘင်္ဂလားဒေ့ရှ် လွှတ်တော်ဥက္ကဋ္ဌ Shirin Sharminကပြောသွားတာဖြစ်ပါတယ်။

ဒီအစည်းအဝေးပွဲကို မြန်မာသံအမတ်ကြီး ဦးထင်လင်းလည်း တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအနေနဲ့ ရခိုင်ပဋိပက္ခကိုအလေးထားကြောင်းအခုလိုပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ ဒီကိစ္စကို လွန်စွာအလေးထားပါတယ်။ ပြဿနာကိုလည်း အသိအမှတ်ပြုသလို ဖြေရှင်းဖို့လည်း သန္နိဋ္ဌာန်ခိုင်မာပါတယ်။ ကျနော်တို့ ခေါင်းဆောင်တွေအနေနဲ့လည်း လူ့အခွင့်အရေးကို လေးစားထောက်ခံခြင်းအားဖြင့် ဒီမိုကရေစီဖော်ဆောင်ဖို့ သိပ်ကိုကြိုးပမ်းနေချိန်မှာ ရခိုင်မြောက်ပိုင်းမှာ အခုလိုပြဿနာဖြစ်နေတာကို တွေ့ရတော့ ဝမ်းနည်းပါတယ်။”

ဒါ့အပြင် ရခိုင်ပဋိပက္ခဖြေရှင်းရေးနဲ့ ပတ်သက်လို့ မကြာသေးမီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို ကိုးကားခဲ့ပြီး ရခိုင်ပြဿနာဖြေရှင်းရာမှာ အဓိက ၃ ချက်ရှိတယ်လို့လဲ သံအမတ်ကြီးကထောက်ပြခဲ့ပါတယ်။

“ရခိုင်ပြည်နယ်မှာ လုပ်ဆောင်စရာတွေက အများကြီးရှိပါတယ်။ ပထမက ဘင်္ဂလားဒေ့ရှ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ကြတဲ့သူတွေအတွက် လူသားချင်းစာနာမှုအထောက်အကူ ထိရောက်စွာပေးနိုင်ဖို့ ၊ ဒုတိယက ပြန်လည်အခြေချပေးဖို့နဲ့ ပြန်လည်ထူထောင်ရေးဆောင်ရွက်ဖို့ ၊ တတိယက ဒေသမှာ ဖွံ့ဖြိုး ရေးဆောင်ရွက်ဖို့နဲ့ အခြေခံမယ့် ငြိမ်းချမ်းရေး ဆောင်ရွက်ဖို့ဖြစ်ပါတယ်။”

တချိန်တည်းမှာပဲ ရခိုင်ပဋိပက္ခဖြေရှင်းရာမှာ မြန်မာအစိုးရဘက်ကလည်း ကူညီဆောင်ရွက်နေတဲ့အကြောင်း သူကအခုလိုပြောခဲ့ပါတယ်။

“တချိန်တည်းမှာပဲ သတိပြုရမှာက မှန်ကန်ပြီး ဘက်မလိုက်တဲ့နည်းလမ်းရွေးဖို့ပါပဲ။ ဒါမှလည်း ရခိုင်ပြည်နယ်အခြေအနေကို ပိုပြီးမဆိုးဝါးစေမှာဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုကို ပြန်လည်ရရှိဖို့ ကြိုးပမ်းဖို့ကလည်း အရေးကြီးတဲ့တချက်ဖြစ်ပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံရဲ့ ဖိတ်ကြားချက်အရ ကုလသမဂ္ဂ နိုင်ငံရေးရာဌာနအကြီးအကဲ၊ လက်ထောက်အတွင်းရေးမှူးချုပ်မစ္စတာ ဂျက်ဖရီ ဖဲလ်မန် မြန်မာနိုင်ငံမှာ ရောက်ရှိနေပါတယ်။ ဒါဟာ မြန်မာအစိုးရက ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်လိုတယ် ဆိုတဲ့ စိတ်ဓါတ်ကိုပြသလိုက်တဲ့ ဥပမာ တခုပါပဲ။”

အလားတူပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးကလည်း ရိုဟင်ဂျာပြဿနာ အရေးပေါ်အကူအညီတွေကိုပေးခဲ့တဲ့ နိုင်ငံတကာကို ကျေးဇူးတင်ကြောင်းပြောကြားပြီး ပြဿနာဖြေရှင်းရေးနဲ့ ပတ်သက်လို့ အခုလို မေတ္တာရပ်ခံခဲ့ပါတယ်။

“ကျနော် မေတ္တာရပ်ခံလိုတာကတော့ အဆင့်ဆင့်မှာ အပြုသဘောဆောင်တဲ့ နိုင်ငံရေးအရ ချဉ်းကပ်မှုနဲ့ ပြဿနာကို ဝိုင်းဝန်းဖြေရှင်းပေးပါဆိုတာပါပဲ။”

ညီလာခံမှာ ဆွေးနွေးခဲ့ကြတဲ့ အဓိက ၃ ချက်ရှိတာတွေ့ရပါတယ်။ ပထမအချက်ကတော့ ဘင်္ဂလားဒေ့ရှ်မှာရောက်ရှိနေတဲ့ ဒုက္ခသည်တွေ အကူအညီပေးရေး ထိရောက်မှုအတိုင်းအတာကို မေးမြန်းခဲ့ကြတာဖြစ်ပါတယ်။ ဒုတိယကတော့ ပြဿနာဖြေရှင်းရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရရဲ့ ရပ်တည်ချက်အကြောင်းဖြစ်ပြီး ဒုက္ခသည်တွေထံ လူသားချင်းစာနာမှု အကူအညီတွေ ရောက်ရှိနိုင်မှုကို မေးမြန်းခဲ့ကြတာဖြစ်ပါတယ်။ နောက်ဆုံးကိုယ်စားလှယ်တွေ မေးမြန်းခဲ့တဲ့ အချက်ကတော့ ဂျာနီဗာမှာ နောက်သီတင်းပတ် ကျင်းပမယ့် အလှူရှင်ညီလာခံအကြောင်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG