သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စလာမ်ပြည်နယ် ပြဿနာ


ြ်မန်မာနယ်ခြားစောင့်တပ်
ြ်မန်မာနယ်ခြားစောင့်တပ်
အစ္စလာမ်ပြည်နယ် ပြဿနာ
please wait

No media source currently available

0:00 0:05:31 0:00
တိုက်ရိုက် လင့်ခ်


ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားလို့ မြန်မာအစိုးရက နယ်မြေရှင်းလင်းတဲ့အခါ ရခိုင်နေ ဘင်္ဂလီအများအပြား ဘင်္ဂလားဒေ့ရှ်မှာ ဝင်ရောက်ခိုလှုံကြပါတယ်။ ဒါကြောင့် မြန်မာအစိုးရကို ကန့်ကွက်တဲ့ လူထုဆန္ဒပြပွဲတွေ ဘင်္ဂလားဒေ့ရှ်မှာ ကျင်းပကြပါတယ်။ ဘင်္ဂလီတွေ ရခိုင်ပြည်နယ်မှာ နေနိုင်အောင် စစ်အင်အားသုံးဖို့ မွတ်စလင်အဖွဲ့အချို့က ဒါကာမြို့ဆန္ဒပြပွဲမှာ တောင်းဆိုကြောင်း စက်တင်ဘာ (၁၆) ရက်နေ့ထုတ် AFP သတင်းမှာ ဖော်ပြပါတယ်။ သူတို့ရဲ့ တောင်းဆိုချက်က အစ္စလာမ်နယ်မြေ တည်ထောင်ဖို့ တိုက်ပွဲဝင်တဲ့ ARSA ရိုဟင်ဂျာ ကယ်တင်ရေးတပ်ရဲ့ ဦးတည်ချက်နဲ့ ဆင်တူယိုမှား ဖြစ်နေပါတယ်။

ရခိုင်ပြည်နယ် ဘူးသီတောင်၊ မော်တောဒေသကို အစ္စလာမ်ပြည်နယ်အဖြစ် သတ်မှတ်ဖို့ အစွန်းရောက် မွတ်စလင်တွေ မျှော်မှန်းလာတာ အနှစ် (၇၀) ရှိလာခဲ့ပါပြီ။ အိန္ဒိယလွတ်လပ်ရေး ကြိုးပမ်းမှုကာလမှာ သီးခြားလွတ်လပ်တဲ့ အစ္စလာမ်နိုင်ငံ တည်ထောင်ပေးဖို့ အိန္ဒိယမွတ်စလင်တွေ ဗြိတိသျှအစိုးရကို တောင်းဆိုကြပါတယ်။ မွတ်စလင်အများစု နေထိုင်ရာ အိန္ဒိယအနောက်ဘက်နဲ့ အရှေ့ဘက်ဒေသကို ပါကစ္စတန်နိုင်ငံအဖြစ် သတ်မှတ်ဖို့ တောင်းဆိုတာကြောင့် နောက်အနှစ် (၂၀) ကျော်အကြာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖြစ်လာမယ့်ဒေသဟာ အရှေ့ပါကစ္စတန်အနေနဲ့ ပေါ်ပေါက်လာပါတယ်။

အဲဒီအခါ အရှေ့ပါကစ္စတန်နဲ့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်တို့ကို ပေါင်းစည်းဖို့ ဒေသခံ ဘင်္ဂလီတွေ ကြိုးစားကြပါတယ်။ ပါကစ္စတန် လွတ်လပ်ရေးအတွက် ကြိုးပမ်းနေတဲ့ မွတ်စလင်ခေါင်းဆောင် မိုဟာမက်အလီဂျင်းနား နဲ့ ၁၉၄၇ ခုနှစ်မှာ တွေ့ဆုံပြီး ရခိုင်မြောက်ပိုင်းကို အရှေ့ပါကစ္စတန်ထဲ ထည့်သွင်းဖို့ တင်ပြပါတယ်။ ဒီအစီအစဉ်ကို အလီဂျင်းနား က လက်မခံတဲ့အခါမှာ သီးခြားမွတ်စလင်ပြည်နယ်ထောင်ဖို့ ကြိုးပမ်းပါတော့တယ်။ ၁၉၄၈ မောင်တောမြို့နယ် ဂရင်ဗျင်ရွာမှာ ကျင်းပတဲ့ မွတ်စလင်ညီလာခံမှာ မူဂျာဟစ်ပါတီ ဖွဲ့စည်းကြောင်း ကြေညာပါတယ်။ မူဂျာဟစ် လှုပ်ရှားမှုကို ထောက်ခံအားပေးသူဟာ အရှေ့ပါကစ္စတန် (ဘင်္ဂလားဒေ့ရှ်) ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရတပ်ရဲ့ စစ်ဆင်မှုကြောင့် ၁၉၆၁ မှာ မူဂျာဟစ် (၃၀၀) ကျော် လက်နက်ချလာလို့ အင်အားဆုတ်ယုတ်သွားပါတယ်။

၁၉၆၂ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြန်လည်လှုပ်ရှားလာတဲ့ မူဂျာဟစ်အဖွဲ့တွေ စုပေါင်းကာ ရိုဟင်ဂျာ အမျိုးသားလွတ်မြောက်ရေးပါတီကို တည်ထောင်ပါတယ်။ ရခိုင်တိုင်းရင်းသားတွေ ပြည်နယ်တောင်းဆိုသလို ဘင်္ဂလီမွတ်စလင်ကလည်း ရခိုင်နဲ့ တန်းတူအခွင့်အရေးရဖို့ ကြိုးပမ်းကြပါတယ်။ တပါတီဆိုရှယ်လစ်စနစ် တည်ထောင်ဖို့ အခြေခံဥပဒေရေးဆွဲနေတုန်း ၁၉၇၁ မှာ ပြည်သူ့အကြံဉာဏ် တောင်းခံတဲ့အခါမှာ ဘင်္ဂလီကို ရိုဟင်ဂျာ တိုင်းရင်းသားလူမျိုးအဖြစ် သတ်မှတ်ဖို့ တင်ပြလာပါတယ်။ ဒါပေမဲ့ မဆလအစိုးရက လက်မခံဘဲ ပယ်ချလိုက်ပါတယ်။ ၁၉၆၂ ကနေ ၁၉၇၂ ခုနှစ်အထိ ဆယ်နှစ်အတွင်းမှာ မောင်းတော၊ ဘူးသီးတောင် နဲ့ ရသေ့တောင်ဒေသတဝိုက်မှာ မွတ်စလင်လူဦးရေ နှစ်ဆကျော် တိုးပွားလာပါတယ်။ ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးစစ်ပွဲကြောင့် ရခိုင်မှာ ခိုလှုံတဲ့ ဘင်္ဂလီတွေလည်း ရှိပါတယ်။

၁၉၇၈ ခုနှစ်မှာ မှတ်ပုံတင်စစ်ဆေးတဲ့အခါ ရခိုင်ရောက် ဘင်္ဂလီ တသိန်းခွဲကျော် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးကြပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံတဲ့ ဘင်္ဂလီတွေကို ကုလသမဂ္ဂက ဒုက္ခသည်အဖြစ် သတ်မှတ်ပြီး ရိက္ခာဆေးဝါး ထောက်ပံ့ပါတယ်။ အဲဒီအချိန်မှာ ရိုဟင်ဂျာမျိုးချစ်တပ်ဦးနဲ့ ရိုဟင်ဂျာ သွေးစည်းညီညွှတ်ရေးအဖွဲ့တွေ ပေါ်ထွက်လာပြီး မောင်းတော နဲ့ ဘူးသီးတောင်မှာ ရိုဟင်ဂျာပြည်နယ် တည်ထောင်ဖို့ တောင်းဆိုကြပါတယ်။ ၁၉၈၈ အရေးတော်ပုံကြောင့် တပါတီဆိုရှယ်လစ်စနစ် ကျဆုံးတဲ့အခါ ရိုဟင်ဂျာ လှုပ်ရှားမှုဟာ ပြည်ပအထိ ပေါက်ရောက်လာတာ တွေ့ရပါတယ်။ ရိုဟင်ဂျာဟာ တိုင်းရင်းသားလူမျိုးဖြစ်ကြောင်း ဝါဒဖြန့်တာကို နိုင်ငံခြားမီဒီယာနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ယုံကြည်လာကြပါတယ်။ နိုင်ငံခြားမွတ်စလင်နိုင်ငံတွေရဲ့ အထောက်အပံ့ကို ဘင်္ဂလီဒုက္ခသည်တွေ စတင်ရရှိချိန် ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းကို အရှေ့ပါကစ္စတန်နဲ့ ပူးပေါင်းဖို့ ကြိုးပမ်းချိန်ကစပြီး ရခိုင်နေ ဘင်္ဂလီတွေကို ပြည်တွင်းမှာ ယုံကြည်သူ နည်းပါးလာပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးကောင်းမွန်လာရင်တောင် အစ္စလာမ်နိုင်ငံ တည်ထောင်လိုစိတ်ဟာ ပျောက်ပြယ်သွားမှာ မဟုတ်ပါဘူး။ ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း ဒီပြဿနာကို သဘောပေါက်ပုံ ရပါတယ်။ Cox’s Bazar (ခေါ်) ဖလောင်းဈေးမြို့နယ် Ukhia အူးခီးယားအရပ်မှာ ဘင်္ဂလီဒုက္ခသည်တွေအတွက် မြေဧက (၂၀၀၀) သတ်မှတ်ထားကြောင်း စက်တင်ဘာ (၁၀) ရက်နေ့ထုတ် The Daily Star သတင်းစာမှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ် စစ်တကောင်းနယ်မှာ ရခိုင်က ဘင်္ဂလီတွေ ဝင်ရောက်လာမှုကြောင့် မွတ်စလင်မဟုတ်တဲ့ ဒေသခံတိုင်းရင်းသားတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ရတယ်လို့ အိန္ဒိယအခြေစိုက် အာရှလူ့အခွင့်အရေးအဖွဲ့က ဆိုပါတယ်။ ဘန်ဒါဘန်ခရိုင်မှာ လူမျိုးစုဖြစ်လာတဲ့ ဘင်္ဂလီဒုက္ခသည်တွေဟာ ဗုဒ္ဓဘာသာဝင်တွေဆီက မြေယာလုယက်ကြပြီး ရခိုင်ပြည်နယ်က မွတ်စလင်အကြမ်းဖက်တွေကိုလည်း ထောက်ခံအားပေးတယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်ကလာတဲ့ ဘင်္ဂလီတွေကို စစ်တကောင်းမှာ နေရာချထားတဲ့ အစီအစဉ်ကြောင့် ရခိုင်ကို ပြန်လာသူနည်းနေတယ်လို့ အာရှလူ့အခွင့်အရေးအဖွဲ့ကဆိုကြောင်း ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့ထုတ် Hindustan Times သတင်းစာမှာ ဖော်ပြပါတယ်။

XS
SM
MD
LG