သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေသဆိုင်ရာ ရခိုင်မြောက်ပိုင်း ပြဿနာ


တိုက်ရိုက် လင့်ခ်


ရခိုင်ပြည်နယ် မြောက်ပိုင်းက ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်မှာ ရခိုင်မွတ်စလင်တွေ ဝင်ရောက်ခိုလှုံတာဟာ အစောပိုင်းမှာ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် ဖြေရှင်းရမယ့် နှစ်နိုင်ငံ ပြဿနာ ဖြစ်လာပါတယ်။ ရခိုင်မြောက်ပိုင်း တည်ငြိမ်အေးချမ်းရေးကို အိန္ဒိယ၊ တရုတ်၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က လိုလားပါတယ်။ ရခိုင်ရိုဟင်ဂျာ လွတ်မြောက်ရေးတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ရခိုင်မြောက်ပိုင်းဟာ မွတ်စလင်လက်နက်ကိုင်တွေ လှုပ်ရှားတဲ့ နယ်မြေ ဖြစ်လာပါတယ်။ ဒါပေမဲ့ ဒီအချက်ကို ဒုက္ခသည်ပြဿနာက လွှမ်းမိုးနေပါတယ်။

မြန်မာအစိုးရတပ်ရဲ့ ရက်စက်မှုကြောင့် ရခိုင်မွတ်စလင်တွေ ဒုက္ခသည်အဖြစ် ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေကြရတာဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးနဲ့ အနောက်တိုင်း ဒီမိုကရေစီနိုင်ငံတွေက ဝေဖန်ရှုတ်ချကြပါတယ်။ အိန္ဒိယအစိုးရကတော့ မြန်မာအစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခံရတာကို စိုးရိမ်မိကြောင်း၊ မြန်မာ့အချုပ်အချာအာဏာကို ရိုသေလေးစားပြီး ငြိမ်းချမ်းရေးနဲ့ တရားမျှတရေးရရှိအောင် သက်ဆိုင်သူအားလုံး ကြိုးပမ်းမယ်လို့ မျှော်လင့်ကြောင်း ဝန်ကြီးချုပ်မိုဒီ စက်တင်ဘာလ အစောပိုင်းက နေပြည်တော်ကို လာရောက်စဉ် ထုတ်ဖော်ပြောဆိုသွားပါတယ်။

မြန်မာ့ရေတပ်ဗိုလ်ချုပ်ကြီးတင်အောင်စန်းရဲ့ အိန္ဒိယခရီးအတွင်း မြန်မာကို စစ်လက်နက်ပစ္စည်းရောင်းဖို့ အိန္ဒိယကာကွယ်ရေးဌာနက သဘောတူလိုက်ပါတယ်။ ဝိုင်းဝန်းဝေဖန်ခံနေရတဲ့ မြန်မာစစ်တပ်နဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ အိန္ဒိယက သဘောတူတာ ဖြစ်ပါတယ်။ ရခိုင်မြောက်ပိုင်းက ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတဲ့ ဒုက္ခသည်တွေကို ကယ်ဆယ်အကူအညီပေးဖို့လည်း အိန္ဒိယက သဘောတူထားပါတယ်။ ဒါပေမဲ့ အိန္ဒိယမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာအမည်ခံ ဒုက္ခသည်တွေကိုတော့ နှင်ထုတ်ဖို့ အိန္ဒိယအစိုးရက ပြင်ဆင်နေပါတယ်။ အိန္ဒိယမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာအုပ်စုနဲ့ ပါကစ္စတန်အခြေစိုက် မွတ်စလင်အကြမ်းဖက်အဖွဲ့တွေ အဆက်အသွယ်ရှိတယ်လို့ အိန္ဒိယအာဏာပိုင်တွေက ယူဆပါတယ်။ အိန္ဒိယအရှေ့မြောက်ပိုင်းက တိုင်းရင်းသားသူပုန်တွေကို မြန်မာပြည်ထဲအထိ အိန္ဒိယစစ်တပ်က လိုက်လံတိုက်ခိုက်နိုင်တာဟာ မြန်မာအစိုးရတပ်ရဲ့ ကူညီရိုင်းပင်းမှုကြောင့် ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ မွတ်စလင်အကြမ်းဖက်အုပ်စုက တိုက်ခိုက်တာကို တရုတ်အစိုးရက ရှုတ်ချပြီး ဒေသတည်ငြိမ်အေးချမ်းရေးအတွက် မြန်မာအစိုးရ လုပ်ကိုင်နေတာတွေကို ထောက်ခံကြောင်း၊ မြန်မာအစိုးရရဲ့ ကြိုးပမ်းမှုကို အပြည်ပြည်ဆိုင်ရာက ကူညီသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က စက်တင်ဘာလ (၁၃) ရက်နေ့က ထုတ်ဖော်ပြောဆိုပါတယ်။ ရှင်းဂျန်ပြည်နယ်က အစ္စလာမ်အကြမ်းဖက်သမားတွေ သီးခြားနိုင်ငံ တည်ထောင်ဖို့ ရည်ရွယ်တဲ့လှုပ်ရှားမှုဟာ တရုတ်ရဲ့ သင်ခန်းစာ ဖြစ်နေပါတယ်။ ဝီဂါ တိုင်းရင်းသားလှုပ်ရှားမှုနဲ့ အစ္စလာမ်အကြမ်းဖက်ဝါဒ ပေါင်းစပ်နေတယ်လို့ တရုတ်က ယုံကြည်တာမို့ ရှင်းဂျန်လုံခြုံရေးအတွက် အစိုးရစစ်တပ်၊ ရဲအဖွဲ့ နဲ့ ပြည်သူ့စစ်တွေကို အသုံးပြုတာ တွေ့ရပါတယ်။

ရခိုင်ပြည်နယ် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ အိန္ဒိယနဲ့ တရုတ် အဓိကပါနေတာကို အာနန်ကော်မရှင်အစီရင်ခံစာ ဖော်ပြပါတယ်။ ကလာဒန်ဘက်စုံ သယ်ယူပို့ဆောင်ရေးစီမံကိန်းဟာ အိန္ဒိယနဲ့ ရခိုင်ပြည်နယ်ကို လမ်းခင်းပေးမှာမို့ နှစ်ဘက်စလုံး အကျိုးရှိမှာ ဖြစ်ပါတယ်။ စစ်တွေရေနက်ဆိပ်ကမ်းကို အိန္ဒိယက ဆောက်ပြီးဖြစ်လို့ ချင်း၊ ရခိုင် နဲ့ မီဇိုရမ် ပြည်နယ်ကို ဆက်သွယ်ဖို့ပဲ ကျန်ပါတော့တယ်။ တရုတ်ကလည်း မဒေးကျွန်းက ရေနံဓါတ်ငွေ့ပိုက်လိုင်းနဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စတာတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးမှာ ပါဝင်နေပုံကို အာနန်ကော်မရှင်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ၊ BCIM (၄) နိုင်ငံ စီးပွားရေးစင်္ကြန် တည်ဆောက်ရေးကို ဟန့်တားတဲ့နေရာမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း ပြဿနာဟာ ရှေ့တန်းပါဝင်နေပါတယ်။

ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ နဲ့ မြန်မာကို ဆက်သွယ်မယ့် BCIM (၄) နိုင်ငံ စီးပွားရေးစင်္ကြန် အကောင်အထည်ဖော်ရေးဟာ တရုတ်အတွက် အလွန်အရေးကြီးပါတယ်။ အလားတူပဲ ဘင်္ဂလားဒေ့ရှ် အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ ဘူတန်နဲ့ နေပေါလ် ပါဝင်တဲ့ (၇) နိုင်ငံ BIMSTEC အုပ်စုဟာ အိန္ဒိယအတွက် အလွန်အရေးကြီးပါတယ်။ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရုံတင်မက အကြမ်းဖက်သမားနဲ့ နယ်စပ်ရာဇဝတ်မှု နှိမ်နင်းရေးကို အိန္ဒိယက ဦးစားပေးတယ်လို့ ဆိုပါတယ်။ စီးပွားရေးအုပ်စု နှစ်ခုစလုံးမှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာပါဝင်နေတာမို့ ရခိုင်ပြဿနာ အရေးပါလာပါတယ်။

ဒါပေမဲ့ အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် ဒုက္ခသည် ပြဿနာ ပေါ်လာပြန်တဲ့အတွက် ဒေသခံလူ့အဖွဲ့အစည်းအချင်းချင်းကြား ယုံကြည်ဖို့ ခက်ခဲသွားကြောင်း လွန်ခဲ့တဲ့နှစ် အိန္ဒိယနိုင်ငံမှာ ဂိုအာ မှာ ကျင်းပခဲ့တဲ့ (၇) နိုင်ငံ BIMSTEC ထိပ်သီးညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ ဒီနှစ်နောက်ပိုင်း နေပေါလ်နိုင်ငံမှာ ကျင်းပမယ့် BIMSTEC ထိပ်သီးညီလာခံမှာလည်း ရခိုင်မွတ်စလင် ဒုက္ခသည်ပြဿနာကို ဘင်္ဂလားဒေ့ရှ်က တင်ပြလိမ့်မယ်လို့ မျှော်လင့်ရတာမို့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်စလင်ကိစ္စဟာ ဒေသဆိုင်ရာ ပြဿနာဖြစ်နေပြီလို့ ပြောရပါလိမ့်မယ်။

XS
SM
MD
LG