ဘင်္ဂါလီအနွယ်ဝင် ရခိုင်မွတ်စလင်တွေ ဘင်္ဂလားဒေ့ရှ်မှာ ဝင်ရောက်ခိုလှုံတဲ့ကိစ္စကို အိန္ဒိယဝန်ကြီးချုပ် မိုဒီ မကြာမီက မြန်မာပြည်ကို လာရောက်စဉ် ပြောဆိုခြင်းမရှိတဲ့အတွက် ဘင်္ဂလားဒေ့ရှ် မီဒီယာလောကမှာ အတော်လေး မကျေမနပ် ဖြစ်သွားပါတယ်။ လူဦးရေ (၁၆၅) သန်းရှိပြီး ရှမ်းပြည်နယ်လောက်တောင် မကျယ်ဝန်းတဲ့ ဘင်္ဂလားဒေ့ရှ်မှာ လူနေမှုကျပ်တည်းတဲ့အတွက် နယ်စပ်ချင်းဆက်နေတဲ့ ပြည်နယ်တွေကို ဘင်္ဂါလီမွတ်စလင်တွေ ဥပဒေမဲ့ တဖြည်းဖြည်းထွက်ခွါနေတာ ကြာပါပြီ။ ဝန်ကြီးချုပ် မိုဒီ ရွေးကောက်ပွဲ စည်းရုံးရေးဆင်းတုန်းကလည်း ဘင်္ဂလားဒေ့ရှ်က ဥပဒေမဲ့ ဝင်ရောက်လာသူတွေကို ပြန်ပို့ဖို့ ကတိပေးခဲ့ပါတယ်။
ဒါပေမဲ့ အရင်အစိုးရတွေလိုပဲ မိုဒီအစိုးရဟာ ဥပဒေမဲ့ဝင်လာတဲ့ ဘင်္ဂါလီပြဿနာကို မဖြေရှင်းနိုင်သေးပါဘူး။ ဥပဒေမဲ့ ဝင်လာသူအဖြစ် အိန္ဒိယအစိုးရက သတ်မှတ်ထားတဲ့ ဘင်္ဂါလီမွတ်စလင်တွေဟာ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂါလားနယ်သားနဲ့ ခွဲခြားရတာ ခက်ခဲတဲ့အတွက် နယ်စပ်က ပြန်ပို့ဖို့စီစဉ်တာကို ဘင်္ဂလားဒေ့ရှ်အစိုးရက လက်မခံတဲ့အခါ ပြဿနာ ဖြစ်ရပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ ကပ်နေတဲ့ အာသံပြည်နယ်မှာဆိုရင် ဒေသခံတိုင်းရင်းသားတွေဟာ လူနည်းစုဘဝရောက်တော့မယ့် အခြေအနေမှာ ရှိနေပါတယ်။ ဘင်္ဂါလီစိမ့်ဝင် ထိုးဖောက်မှုကို ဆန့်ကျင်တဲ့ ပြည်သူ့လှုပ်ရှားမှု အာသံမှာ ရှိလာပါတယ်။
အာသံပြည်နယ်ခရိုင်အချို့မှာ ဘင်္ဂါလီမွတ်စလင်ဦးရေ (၇၀) ရာခိုင်နှုန်းရှိပြီး ခရိုင်တိုင်းလိုလိုမှာ (၄၀) ရာခိုင်နှုန်းက ဘင်္ဂါလီ ဖြစ်နေလို့ ဥပဒေမဲ့ ဝင်ရောက်လာသူကို အရေးယူဖို့ နိုင်ငံရေးပါတီတွေ မပြောရဲ မဆိုရဲ ဖြစ်နေကြပါတယ်။ ဥပဒေမဲ့ ဝင်ရောက်သူ ဆန့်ကျင်ရေး အာသံလူထုလှုပ်ရှားမှုနဲ့ အာသံလက်နက်ကိုင် လှုပ်ရှားမှု ရှိလာတဲ့အတွက် အာသံပြည်သူ့ဆန္ဒကို လေးစားတဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ခြံစည်းရိုးကာထားဖို့ အိန္ဒိယအစိုးရက ဆုံးဖြတ်လိုက်ပါတယ်။ ကီလိုမီတာ (၄၀၀၀) ကျော်ရှိပြီး လူနေထူထပ်တဲ့ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ခြံစည်းရိုးကာရုံနဲ့ ပြဿနာ ပြီးသွားတာ မဟုတ်ပါဘူး။ နယ်စပ် (၇၀) ရာခိုင်နှုန်းကို အမြင့်ရှစ်ပေရှိတဲ့ သံဆူးကြိုးခြံစည်းရိုးနဲ့ ကာထားပြီး တချို့နေရာမှာ လျှပ်စစ်ဓါတ်လွှတ်ထားပါသေးတယ်။ ဒါပေမဲ့ ဥပဒေမဲ့ ဝင်လာတဲ့ ဘင်္ဂါလီကို မတားဆီးနိုင်ပါဘူး။
၂၀၀၁ ကစပြီး ဆယ်နှစ်အတွင်းမှာ ဥပဒေမဲ့ ခိုးဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၉၀၀) ကျော်ကို အိန္ဒိယနယ်စပ်ကင်းအဖွဲ့က ပစ်သတ်လိုက်ကြောင်း သိရပါတယ်။ တချို့ကလည်း နယ်စပ်တာဝန်ခံကို လာဘ်ထိုးပြီး ဝင်ထွက်နေကြပါတယ်။ အာသံမှာ ဘင်္ဂါလီပြဿနာရှိသလို ရခိုင်ပြည်နယ်မှာလည်း ရှိပါတယ်။ ရခိုင်ပြည်နယ်မှာလည်း ရှိပါတယ်။ ရခိုင်ပြည်နယ်မှာ လူဦးရေ (၃) သန်းကျော်ရှိတာကို သန်းခေါင်စာရင်းမှာ ဖော်ပြပြီး ဘင်္ဂါလီလူမျိုးက ရိုဟင်ဂျာအမည်သုံးတဲ့ ပြဿနာကြောင့် စာရင်းမကောက်နိုင်တဲ့ လူဦးရေ တသန်းကိုးသောင်း ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်က လူဦးရေ (၃) ပုံ (၁) ပုံဟာ ဘင်္ဂါလီအနွယ်ဝင် မွတ်စလင်တွေ ဖြစ်နေပါတယ်။ ၁၉၄၇ က မောင်တော နဲ့ ဘူးသီးတောင်မှာ ဘင်္ဂါလီမွတ်စလင် (၂) သိန်း ရှိတယ်လို့ အစိုးရစာရင်းမှာ ဖော်ပြတာမို့ အနှစ် (၆၀) မှာ ဘင်္ဂါလီမွတ်စလင် (၅) ဆ တိုးလာတာ ဖြစ်ပါတယ်။
လူဦးရေလျှံထွက်နေတဲ့ ဘင်္ဂလားဒေ့ရှ်ဟာ အိမ်နီးချင်းနိုင်ငံကို ထွက်သွားတဲ့ ဘင်္ဂါလီကို ပြန်ခေါ်တဲ့ထုံးစံ မရှိပါဘူး။ အိန္ဒိယကို ဥပဒေမဲ့ဝင်တဲ့ ဘင်္ဂါလီဦးရေ သိန်းသန်းချီနေပေမယ့် ပြန်ပို့ခံရသူက ရာဂဏန်းလောက်သာ ရှိပါတယ်။ မြန်မာပြည်က ထွက်ပြေးလာတဲ့ ရခိုင်ဘင်္ဂါလီကို မြန်မာပြည်သားလို့ ဘင်္ဂလားဒေ့ရှ်အစိုးရက သတ်မှတ်ပါတယ်။ စာရင်းမလုပ်ရသေးတဲ့ ရခိုင်ဘင်္ဂါလီ သိန်းချီရှိနေပါတယ်။ ဒီလူတွေကို စာရင်းလုပ်ပြီး မြန်မာနဲ့ အခြားနိုင်ငံမှာ နေရာချထားဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ရည်ရွယ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းသားနဲ့ ရခိုင်ဘင်္ဂါလီဟာ လူမျိုးရော ဘာသာစကားရော ကွဲပြားခြားနားမှု မရှိသလောက်မို့ နိုင်ငံသားမဖြစ်ပေမယ့် ဘင်္ဂလားဒေ့ရှ် လူ့အဖွဲ့အစည်းမှာ ဝင်ဆန့်နေကြပါတယ်။
သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ရည်ညွှန်းပြီး ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာတဲ့ ရခိုင်မြောက်ပိုင်းက မွတ်စလင်တွေကို ဒုက္ခသည်အဖြစ် ဘင်္ဂလားဒေ့ရှ် အစိုးရသတ်မှတ်ပြီး ဒီပြဿနာကို ကုလသမဂ္ဂ၊ OIC အစ္စလာမ်အဖွဲ့နဲ့ အခြားနိုင်ငံတကာအဖွဲ့အစည်းတွေမှာ တင်ပြဖို့ ၂၀၁၄ ပေါ်လစီစာတမ်းမှာ ဖော်ပြထားပါတယ်။ ရခိုင်ဘင်္ဂလီကိစ္စကို ဒေသဆိုင်ရာနဲ့ နိုင်ငံတကာ ပြဿနာဖြစ်လာအောင်လုပ်ပြီး ဗမာအစိုးရကို ဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ်က ရည်ရွယ်ပါတယ်။ ရခိုင်ဘင်္ဂါလီနဲ့ ဘင်္ဂလားဒေ့ရှ် ဘင်္ဂါလီကို ခွဲခြားဖို့ ခက်ခဲတာမို့ ရိုဟင်ဂျာဒုက္ခသည် အမည်ခံပြီး အနောက်တိုင်းမှာ နိုင်ငံရေးခိုလှုံနေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားဦးရေလည်း တိုးပွားနေပါတယ်။
အခုလောလောဆယ်တော့ အိုးအိမ်မဲ့ဖြစ်နေတဲ့ ရခိုင်ဘင်္ဂါလီတွေအတွက် ရခိုင်ပြည်နယ်ထဲမှာ “အပြည်ပြည်ဆိုင်ရာ လုံခြုံရေးဇုန်” တည်ဆောက်နိုင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက ကြိုးပမ်းနေပါတယ်။ ကုလသမဂ္ဂ ကြီးကြပ်ကွပ်ကဲပြီး တည်ဆောက်နိုင်အောင် နိုင်ငံကြီးတွေကို စည်းရုံးနေပါတယ်။ လူဦးရေလျှံထွက်နေတဲ့ ဘင်္ဂလားဒေ့ရှ်ဟာ ထွက်ခွါပြီးသား ဘင်္ဂါလီတွေကို ပြန်လက်ခံဖို့ စိတ်ကူးရှိပုံ မရပါဘူး။ ဒါကြောင့် ရခိုင်ပြည်နယ်မှာ “ဘင်္ဂါလီ လုံခြုံရေးဇုန်” ကို အပြည်ပြည်ဆိုင်ရာ အကူအညီနဲ့ တည်ဆောက်နိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပုံရပါတယ်။