သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခ လူမျိုးရေးဘာသာရေးအခြေခံမဟုတ်ဟု မြန်မာသံအမတ်ငြင်းဆို


မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာဒုက္ခသည်တွေထွက်ပြေးကြရတဲ့အခြေအနေမှာ ဒီလိုဖြစ်အောင် အစီအစဉ်တကျ စီမံဆောင်ရွက်မှုတွေလုပ်ခဲ့တယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာက စွတ်စွဲချက်လိုက်ပေမယ့်၊ ဒီ ရခိုင်မြောက်ပိုင်းကိစ္စဟာ လူမျိုးရေး ဘာသာရေးအရ အခြေခံပြီး ပေါ်လာတဲ့ ပြဿနာမဟုတ်ဘူးလို့ မြန်မာအစိုးရတာဝန်ရှိသူတွေကတော့ ငြင်းဆိုနေဆဲပါ။ တဖက်မှာလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းအခြေအနေမှန်ဟာ အမှောင်ချခံနေရတယ်လို့ စွတ်စွဲမှုတွေလည်း ရှိပြန်ပါတယ်။ ဒီအကြောင်းတွေကိုတော့ ကိုသားညွန့်ဦးက ဆက်ပြီး ပြောပြပေးမှာပါ။

ရခိုင်ပြည်နယ် မြောက်ပိုင်းက ဘင်္ဂလာဒေ့ရ်ှဖက်ကို ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေ ပြန်မလာရဲအောင်လို့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဖက်က အစီအစဉ်ကျကျ စီမံလုပ်ဆောင်နေတယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးက ထုတ်ပြန်တဲ့ အစီရင်ခံစာက စွတ်စွဲထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့ကတည်းကစလို့ စစ်ဆင်ရေးတွေ ရပ်ပြီး တိုက်ပွဲတွေ မရှိတော့ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပေမယ့်၊ ဒုက္ခသည်တွေ နယ်စပ်ဖြတ်ကျော်ထွက်ပြေးလာမှုတွေက ရှိနေဆဲဖြစ်သလို အကြမ်းဖက်မှုတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်းရှိနေဆဲဖြစ်တယ်လို့ အစီရင်ခံစာမှာဖော်ပြပါတယ်။ ရိုဟင်ဂျာတွေကို လူမျိုးတုန်းရှင်းလင်းမှုတွေလုပ်နေတယ်ဆိုပြီး လူ့အခွင့်အရေးအဖွဲ့တွေကလည်း စွတ်စွဲထားပါတယ်။ ဂျပန်နို်င်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသူူရိန်သန့်စင်ကတော့ ဒီ ပဋိပက္ခဟာ လူမျိုးရေး ဘာသာရေးအရ အခြေခံတဲ့ ပြဿနာမဟုတ်ဘူးလို့ ပြောပါတယ်။

“တကယ့်ပြဿနာရဲ့ ဇစ်မြစ်တွေဟာ ရာဇဝတ်မှုနဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဒီ ၂ ပိုင်းပဲ တွေ့ရှိရမှာဖြစ်ပါတယ်။ လူမျိုးရေးနဲ့ ဘာသာရေးကို အခြေခံပြီး ပေါ်ပေါက်ခဲ့တဲ့ ပြဿနာတွေ မဟုတ်ပါဘူး။ ဒါကြောင့် တပ်က ဒီလိုလူ့အဖွဲ့အစည်းကို မတရားဆောင်ရွက်လို့ ဒီလိုတိုက်ခိုက်မှုတွေ ပြုလုပ်ရပါတယ်ဆိုတဲ့ပြောကြားချက်က ခိုင်လုံတဲ့ ပြောကြားချက်မဟုတ်ပါဘူး။”

မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ အမေရိကန်သံအမတ်ကြီးတို့ မနေ့တုန်းက တွေ့ဆုံတဲ့အခါမှာတော့ ဒီ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဘင်္ဂလီလို့ ရည်ညွှန်းသုံးပြီး၊ သူတို့ဟာ သူတို့အတွက် လုံခြုံဘေးကင်းမယ်ယူဆတဲ့ သူတို့ မူရင်းဒေသကို ပြန်သွားတာဖြစ်တယ်လို့ ကာကွယ်ရေးဦးစီးချုပ်က ပြောခဲ့ပါတယ်။ ဒီ ပြဿနာတွေဟာ ဗြိတိသျှ ကိုလိုနီရဲ့အမွေဆိုးတွေဖြစ်တယ်လို့ တုန့်ပြန်ပါတယ်။ လန်ဒန်အခြေစိုက် Burma Human Rights Network အကြီးအကဲ ဦးကျော်ဝင်းကတော့ ရခိုင်ပြည်နယ်တွင်း မွတ်ဆလင်ဒုက္ခသည်တွေဟာ ကြောက်ရွံထိတ်လန့်မှုတွေကြောင့် ထွက်ပြေးကြရတာပါလို့ ပြောပါတယ်။

“ဒီလူတွေရဲ့ ထုတ်ဖော်ပြောဆိုတာတွေကို ကြည့်ပါ။ လိမ်လို့မရပါဘူး။ ဒီ ဒုက္ခသည်တွေဟာ သူတို့ရဲ့ ခံစားနစ်နာမှုတွေ၊ ပစ်မှတ်ထားခံရတာတွေ၊ ရက်ရက်စက်စက် ညှင်းဆဲ သတ်ဖြတ်ခံရတာတွေကြောင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံဖက် ထွက်ပြေးလာကြရတာပါ။”

ဒုက္ခသည်တွေကို မြန်မာနိုင်ငံသားဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ရခိုင်ပြည်နယ်တွင်းမှာ နေထိုင်ခဲ့တယ်ဆိုတဲ့ အထောက်အထားရှိမယ်ဆိုရင် ဒီ လူတွေကို ပြန်လည်လက်ခံသွားမှာဖြစ်တယ်လို့ မြန်မာအစိုးရက ပြောထားပါတယ်။ ဒုက္ခသည်တွေကို စီစစ်လက်ခံရေးဟာ ဦးစားပေးလုပ်ငန်းဖြစ်မယ်လို့လည်း သံအမတ်ကြီး ဦးသူရိန်သန့်စင်က ပြောပါတယ်။

“ဒါကြောင့်လည်း ကျနော်တို့ ဒီဘက်က ဖြေရှင်းတဲ့အခါမှာ ပထမအဆင့် ဒုက္ခသည်များကို ပြန်လည်လက်ခံခြင်းဆိုတဲ့အဆင့်ကို စသွားဖို့အတွက် ဆောင်ရွက်နေတာဖြစ်ပါတယ်။”

အခု ဒီပြဿနာမှာ နိုင်ငံတကာသတင်းမီဒီယာတွေရဲ့ ပုံကြီးချဲ့ ပြောဆိုတာကြောင့် ပြဿနာပိုကြီးးလာတယ်လို့ ယူဆပြောဆိုမှုတွေက မြန်မာပြည်တွင်းမှာ ကျယ်ကျယ်ပြန့်ပြန့်ကို ရှိနေပါတယ်။ Burma Human Rights Network က ဦးကျော်ဝင်းကတော့ နိုင်ငံတကာသတင်းမိဒီယာတွေကို ဆန့်ကျင်လာအောင် တမင်သက်သက်ပုံဖော်နေကြတာလို့ ပြောပါတယ်။

“နိုင်ငံတကာသတင်းမီဒီယာတွေက ဖော်ပြချက်တွေကို ကြောက်ရွံလာအောင် ပုံဖော်နေတာပါ။ သတင်းမီဒီယာတွေက မြေပြင်က တကယ့်အခြေအနေတွေကို ဖော်ပြလာတဲ့အခါကြတော့ သတင်းမီဒီယာတွေကို ဆန့်ကျင်ပြောဆိုလာပါတယ်။ သတင်းမီဒီယာက ပြောတဲ့ တကယ့်အဖြစ်အပျက်မှန်တွေကို ဖုံးကွယ်ထားချင်တာပါ။ ဒါ့အပြင် သတင်းမှားတွေကိုလည်း ဖန်တီးပါတယ်။ဟိန္ဒူတွေကို သုံးပြီးတော့ မွတ်ဆလင်လို ဝတ်ခိုင်း၊ နေအိမ်တွေကို မီးရှို့ပြီး ပြည်တွင်းမီဒီယာတွေကို အသုံးချပြီး ဖော်ပြတယ်။ မွတ်ဆလင်တွေက သူတို့အိမ်တွေကို မီးရှိုဖျက်ဆီးတယ်ဆိုပြီး လုပ်တယ်။ အဲဒီ မီးရှိုတဲ့လူတွေပဲ ဟိန္ဒူဒုက္ခသည်စခန်းဓါတ်ပုံတွေမှာ တွေ့ရပါတယ်။”

ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာအရေးကိစ္စနဲ့ပတ်သက်ပြီး မနက်ဖြန်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာလည်း အလွတ်သဘော ဆွေးနွေးဖို့ရှိပါတယ်။ မြန်မာဖက်က အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းတတ်ရောက်မယ်လို့ သိရပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres ကတော့ ဒုက္ခသည်တွေ ထွက်ပြေးမှုကို အဓိကဖြစ်စေတဲ့ စစ်ဆင်ရေးတွေကို ချက်ခြင်းရပ်တန့်ဖို့၊ အဲဒီ ဒေသတွင်းကို နိုင်ငံတကာလူသားချင်းစာနာကူညီမှုတွေ ခွင့်ပြုပေးဖို့ဆိုပြီး မြန်မာအစိုးရကို တိုက်တွန်း တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG