သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာမပြန်နိုင်အောင် စနစ်တကျစီမံဟု ကုလအစီရင်ခံစာ ထုတ်ပြန်


ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာမူစလင်တွေအပေါ် ဖိနှိပ် တိုက်ခိုက်နေတာတွေ ဆက် ရှိနေပြီး ဒါဟာ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံထဲကနေ မောင်းထုတ်ပြီး ပြန်လာလို့ပါ မရအောင်ပါ အသေအချာ အစီအစဉ်တကျ စီမံ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ တိုက်ခိုက်ခံရတဲ့ ရိုဟင်ဂျာတွေကြားမှာ သူတို့ကြုံတွေ့ခဲ့ရတဲ့ အဖြစ်ဆိုးတွေကြောင့် ခြောက်လှန့်တုန်လှုပ်မှုတွေနဲ့ စိုးရိမ်ကြောက်ရွံ့စိတ်တွေ ဆိုးဆိုးရွားရွား ရှိနေတယ်လို့လည်း ဆိုပါတယ်။ မခင်ဖြူထွေးက အပြည့်စုံ တင်ပြပေးပါမယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးရဲကင်းစခန်းတွေ တိုက်ခိုက်ခံခဲ့ရပြီးတဲ့နောက် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေ ရှင်းလင်းမှုတွေအတွင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၅ သိန်းကျော်ရှိနေပြီး ဒီလူတွေ နေရပ်ပြန်မလာရဲအောင် လုံခြုံရေးတပ်ဖွဲ့တွေက အစီအစဉ်တကျ သေချာစီမံပြီး လုပ်ဆောင်ခဲ့ကြတာ ဖြစ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ဒီကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေရဲ့ ပြောဆိုချက်တွေကို ကိုးကားပြီး မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ ရိုဟင်ဂျာကျေးရွာတွေ၊ ကောက်ပဲသီးနှံတွေနဲ့ အသက် မွေးဝမ်းကြောင်း လုပ်ငန်းတွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးပစ်ခဲ့ကြတယ်ဆိုတဲ့ အချက်အလက် အထောက်အထားတွေ အခိုင်အမာ ရှိတယ်လို့ ဒီကနေ့ အစီရင်ခံစာ ထုတ်ပြန်အပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး တာဝန်ရှိသူတဦးဖြစ်တဲ့ Thomas Hunecke က ပြောပါတယ်။

“ကျနော်တို့ စုဆောင်းရရှိတဲ့ ခိုင်မာတဲ့အချက်အလက်တွေ အရကတော့ - ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သြဂုတ်လ ၂၅ ရက်နေ့ နောက်ပိုင်းကစလို့ ရိုဟင်ဂျာကျေးရွာတွေ ဖျက်ဆီးခံရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေဟာ စနစ်တကျနဲ့ အသေအချာ ကြိုတင် ပြင်ဆင် ကျူးလွန်တဲ့လုပ်ရပ်တွေ ဖြစ်ပါတယ်။”

လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးရဲ့ အာရှနဲ့ပစိဖိတ်ဒေသ ဆိုင်ရာ အကြီးအကဲ Jyoti Sanghera ကလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်အောင် ဆောင်ရွက်ဖို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းသွားပါတယ်။ ဖမ်းဆီး နှိပ်စက် ညှင်းပမ်းခံရမယ့်အရေး ကြောက်ရွံ့ပြီး ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည်တွေ နဲ့ပတ်သက်လို့ အထူး စိုးရိမ်တယ်လို့ သူက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို ကျမတို့ တောင်းဆိုတာကတော့ - အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်တန့်ဖို့ပါ။ ရှင်တို့သိတဲ့ အတိုင်းပါပဲ… အောက်တိုဘာလ ၉ ရက်နေ့ - မနေ့ တနေ့ကကိုပဲ တရက်တည်းမှာ ထွက်ပြေးလာတဲ့ ဒုက္ခသည် ၁၁,၀၀၀ လောက် ရှိပါတယ်။ ဆိုတော့ ဒါက လူတွေ အလုံးအရင်း စွန့်ခွာ ထွက်ပြေးရတဲ့ အခြေအနေတွေနဲ့ အကြမ်းဖက်မှုတွေ ဆက်ပြီး ဖြစ်နေတယ်ဆိုတဲ့ သဘော ဆိုတာ ရှင်းပါတယ်။”

မြန်မာအစိုးရကတော့ ရခိုင်ပြည်နယ်တွင်း နယ်မြေရှင်းလင်းမှုတွေကို ပြီးခဲ့တဲ့လကတည်းက အဆုံးသတ်ခဲ့ပြီး ဖြစ်သလို၊ ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ နေရပ် ပြန်လာနိုင်ရေးကိုလည်း ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေတဲ့အကြောင်း ပြောဆိုထားပါတယ်။ ထွက်ပြေးသွားကြတဲ့ သူတွေအနေနဲ့ မြန်မာနိုင်ငံသားဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မြန်မာနိုင်ငံထဲမှာ နေထိုင်ခဲ့တယ်ဆိုတဲ အထောက်အထား ရှိတယ်ဆိုရင် ဒီလူတွေကို စိစစ်လက်ခံသွားမယ်လို့ ပြောဆိုထားတာပါ။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AH Mahmood Ali ကလည်း ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရက အဓိက ကိုင်တွယ်ဖြေရှင်းရလိမ့်မယ်လို့ ဆိုပြီး ဒီကနေ့ ဒါကာမြို့မှာ လုပ်တဲ့ ရိုဟင်ဂျာအရေး ဆွေးနွေးပွဲတခုမှာ ပြောဆိုသွားပါတယ်။ ဒီလို ဒုက္ခသည် နေရပ်ပြန်ပို့ရေး စီစဉ်ဆောင်ရွက်တဲ့နေရာမှာ ၁၉၉၂ ခုနှစ်က နှစ်နိုင်ငံကြား သဘောတူညီချက်နဲ့အညီ ပြန်လည် လက်ခံသွားဖို့မြန်မာအစိုးရဘက်က ပြောဆိုထားတာနဲ့ ပတ်သက်ပြီးတော့လည်း - လက်ရှိ အခြေအနေဟာ အရင် ၁၉၉၂ ခုနှစ်က အခြေအနေနဲ့ လုံးဝမတူတော့တာကြောင့် အရင်သဘောတူညီချက်အတိုင်း ဆောင်ရွက်သွားဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ ဝန်ကြီး AH Mahmood Ali က ပြောပါတယ်။ ဒါကြောင့် လက်ရှိ အခြေအနေနဲ့ကိုက်ညီတဲ့ အဆိုပြုချက်တရပ်ကို ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ကမ်းလှမ်းထားပြီးတော့ ဒီအပေါ်မှာ မြန်မာအစိုးရဘက်က တုံ့ပြန်ချက်ရဖို့ စောင့်ဆိုင်းနေတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရ အနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်အကျပ်အတည်းကို ငြိမ်းငြိမ်းချမ်းချမ်း ကိုင်တွယ်ဖြေရှင်းသွား နိုင်အောင် ကြိုးစားနေတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG