သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေ ထွက်ပြေးခိုလှုံမှုအဖြစ်မှန် ကိုယ်တိုင်လေ့လာနိုင်ဖို့ သံတမန်တွေအတွက် ရခိုင်ခရီး အစိုးရစီစဉ်


အကြမ်းဖက်မှုတွေ ဖြစ်ပွားရာ ရခိုင်ပြည်နယ်ကို သံတမန်တွေနဲ့ သတင်းသမားတွေ သွားရောက်။ ဓာတ်ပုံ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး
အကြမ်းဖက်မှုတွေ ဖြစ်ပွားရာ ရခိုင်ပြည်နယ်ကို သံတမန်တွေနဲ့ သတင်းသမားတွေ သွားရောက်။ ဓာတ်ပုံ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး

ARSA ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့ တိုက်ခိုက်ခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စက်တင်ဘာ ၅ ရက်နေ့ကစပြီး နယ်မြေ ရှင်းလင်းရေး လုပ်ငန်းတွေကို တပ်မတော်ဘက်က လုံး၀ ဆောင်ရွက်ခြင်း မရှိတော့ဘူးလို့ မြန်မာအစိုးရက ထပ်မံ ပြောကြားပါတယ်။

ပဋိပက္ခဖြစ်နေတဲ့ ရခိုင်မြောက်ပိုင်းကို သံတမန်တွေနဲ့ သတင်းမီဒီယာ တချို့ကို အင်္ဂါနေ့တုန်းက မြန်မာအစိုးရ တာဝန်ရှိသူတွေက ဖိတ်ခေါ် ပြသခဲ့ပါတယ်။ ဒီခရီးစဉ်မှာ လိုက်ပါသွားတဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ နေရာပြန်လည်ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကို ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ဆက်သွယ် မေးမြန်းရာမှာ သူက အခုလို စပြောပါတယ်။

ဒေါက်တာ ဝင်းမြတ်အေး။ ။ အဓိကသွားရခြင်းကတော့ နံပတ် (၁) ကတော့ စက်တင်ဘာ ၅ ရက်နောက်ပိုင်းမှာ ဘာမှကို မရှိတော့ဘဲနဲ့ ဒီတပ်မတော်ကလည်း ဘာမှ တုံ့ပြန်တာမရှိ အပစ်အခတ်လည်းမရှိ ဘာမှမရှိ၊ တခြားအကြောင်းတရားဘာမှ မရှိပါဘဲလျှက်၊ တဖက်နိုင်ငံကို ဘင်္ဂလားဒေ့ရှ်ဘက်ကို သွားတဲ့လူတွေ တရွေ့ရွေ့နဲ့ ရှိနေတယ်၊ ဆက်တိုက်ဆက်တိုက်။ အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ ဒါကိုသေချာသိရအောင် အိမ်နီးချင်းနိုင်ငံ ၅ ခု ကိုရွေးလိုက်တယ်။

ကျနော်တို့နဲ့ ကပ်လျှက်အိမ်နည်းချင်းနိုင်ငံ ၅ခု အိန္ဒိယနိုင်ငံရယ်၊ တရုတ်ရယ်၊ လာအိုရယ်၊ ထိုင်းရယ်၊ ဘင်္ဂလားဒေ့ရှ်ရယ်၊ ၅ နိုင်ငံ သံတမန်များနဲ့ သေသေချာချာ သူတို့နဲ့ ဘာအကြောင်းလည်းဆိုတာ သိရအောင် သူတို့နဲ့ ထွက်ခွာဖို့အတွက် နယ်စပ်ကိုရောက်ရှိနေတဲ့ ကမ်းစပ်ကိုရောက်ရှိနေတဲ့ လူတွေနဲ့ တွေ့မယ်၊ တွေ့ပြီးတော့ စကားပြောမယ် အဲဒီအချက်က နံပတ် (၁)၊ နံပတ် (၂) ကတော့ ကျန်တဲ့ မြောက်ပိုင်း ကိစ္စမှာ ရခိုင်ပြည် မောင်းတောဒေသမှာ ဖြစ်ပွားနေတဲ့ ဖြစ်ခဲ့တဲ့ နေရာတွေ၊ ဖြစ်ခဲ့တဲ့ နေရာတွေမှာ ကျန်ခဲ့တဲ့ လူတွေရှိတယ်၊ ကျန်ခဲ့တဲ့ရွာတွေမှာလည်း မွတ်ဆလင်ဘာသာဝင်တွေရော၊ တိုင်းရင်းသားတွေရော၊ ရခိုင်ရော၊ ကျန်တဲ့ ဟိန္ဒူ ဘာသာဝင်တွေရော၊ စုပေါင်းနေကြတဲ့ ရွာတွေလည်းရှိတယ်၊ နောက်ပြီးတော့ မွတ်ဆလင်တွေနေတဲ့ရွာလည်းရှိတယ်၊ တိုင်းရင်းသားတွေ နေတဲ့နေရာတွေ လည်းရှိတယ်။ သူတို့တွေရဲ့လက်ရှိ အခြေနေတွေနဲ့ ဒါတွေလည်းသိရအောင် ဖြစ်ပွားခဲ့တဲ့ ကိစ္စ တွေနဲ့ ပတ်သက်ပြီးတော့လည်း အိမ်နည်းချင်းနိုင်ငံတွေအနေနဲ့ မျက်ဝါးထင်ထင် တွေ့ရအောင် အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ အဓိက ရည်ရွယ်ချက်က အဲဒါ (၂) ခုပါ။”

ကိုဇော်ဝင်းလှိုင်။ ။ နောက်တခုက မနေ့၊ အင်္ဂါနေ့ကဘဲ ကျနော်တို့ သတင်းတွေ ထွက်လာတာက ဘင်္ဂလားဒေ့ရှ်ဘက်ကို ဒုက္ခသည်တွေ သောင်းနဲ့ချီပြီး ထပ်ပြီး ထွက်ပြေးလာတယ်။ နောက်ပြီးတော့ အဲဒီ ထွက်ပြေးလာတဲ့ လူတွေကလည်း သူတို့အိမ်တွေ မီးရှို့ခံလို့ဆိုပြီး ပြောကြတယ်ဆိုပြီး ကုလသမဂ္ဂဘက်ကရော၊ ဘင်္ဂလားဒေ့ရှ်ဘက်ကရော သတင်းတွေ ထွက်ပါတယ်။ ထွက်ပြေးတာတွေ ဘာကြောင့်လဲဆိုတာရော သိရပါသလား ဆရာ။

ဒေါက်တာ ဝင်းမြတ်အေး။ ။ တကယ်လည်း ကျနော်တို့ သူတို့ကို မေးတယ်။ မေးတော့၊ တော်တော်များများက သူတို့အိမ်တွေရှိလား၊ ရှိတယ်။ အိမ်တွေက လက်ရှိ ရှိတဲ့အိမ်တွေ တော်တော်များတယ်။ အဲဒီမှာ ထွက်လာတဲ့ သူတော်တော်များများမှာ အိမ်တွေရှိတယ်၊ ဒါပေမယ့် သူတို့ ထွက်လာခဲ့ကြတယ်။ ထွက်လာခဲ့ကြတာက သူတို့ ခုနကပြောတဲ့၊ အခု ထပ်မီးရှို့နေတာလည်း ဘာတခုမှ မရှိဘူး။ မျက်မြင်ဘဲလေ၊ ကျနော်တို့ တခွင်လုံးကို သွားခဲ့တာဘဲ။ လေယာဉ်ပျံနဲ့လည်း အပေါ်ကနေ ပျံပြီးတော့၊ အကုန်လုံး ရဟတ်ယာဉ်နဲ့လည်း အကုန်လုံး တဒေသလုံးကို လှည့်ပတ်နေတာဘဲ။ ဘာတခုမှ မီးရှို့တာလည်း မရှိဘူး။ ထပ်ပြီးတော့ ဟိုတုန်းက မီးလောင်တာတွေတော့ ရှိခဲ့တယ် မဟုတ်လား၊ အခုနောက်ပိုင်း ဘာမှ မရှိဘူး။ ဘာမှကို ပြဿနာလည်း မရှိဘူး။

အဲဒီတော့ သူတို့ကို ဘာဖြစ်လို့လာတာလည်း ဆိုတဲ့အခါကျတော့ သူတို့က၊ ကျနော်တို့က ကာဖျူး ရှိတယ်၊ တချို့က ဘာပြောလဲ ဆိုတော့ ၆ နာရီကျော်ရင် မထွက်ရဘူးပေါ့နော်၊ မလွတ်လပ်ဘူး။ အဲဒီတော့ လုပ်ကိုင် စားသောက်ဖို့အတွက် အဆင်မပြေဘူး။ ဒါမျိုး ပြောကြတာ ရှိတယ်။

တော်တော်များများကပေါ့နော်၊ ဒါမျိုးပြောတယ်။ ပြောတော့ ဒါက ကာဖျူးက Temporary ဘဲ၊ ခဏဘဲ၊ ကာဖျူးဆိုတာ ငြိမ်းချမ်းလို့ ရှိရင် သူ့ဟာသူ ပြေပျောက်သွားတာဘဲ။ နောက်တခုကလည်း ၆ နာရီနောက်ပိုင်း လုပ်စရာလည်း သိပ်မှ မရှိတာ။ ၆ နာရီ မတိုင်ခင် လုပ်လို့ရတာတွေလည်း ရှိတယ်။

စားဝတ်နေရေးနဲ့ ပတ်သက်ပြီးတော့လည်း လူသားချင်း စာနာထောက်ထားမှု အကူအညီကို အပြည့်အ၀ ပေးမယ်လို့လည်း ပြောထားပြီးပြီ။ အပြည့်အ၀ ပေးဖို့လည်း လုပ်နေတယ်။ ပေးလည်း ပေးနေတယ်။ ဒါပေမယ့် လမ်းပန်း ဆက်သွယ်ရေးတို့၊ အခု မိုးရာသီမှာ လမ်းပျက်တယ်။

လမ်းတွေ တော်တော်ပျက်တယ်။ အဲဒါကိုလည်း ကျနော်တို့ မြန်မြန်ပြင်ဖို့ နောက်ကလိုက်နေပြီ၊ လုပ်နေပြီ၊ ဆောက်လုပ်ရေးကရော။ အဲဒီတော့ ဒီလမ်းတွေလည်း အသေချာလုပ်နေပြီ၊ ရဟတ်ယာဉ်နဲ့ ပို့ဖို့ လုပ်နေတယ်၊ ပို့လည်း ပို့နေတယ်။ ဆက်ပြီးတော့လည်း အကြီးအကျယ် ဒီ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို တကယ်ကို အကုန်လုံး အင်တိုက် အားတိုက် လုပ်ဖို့လည်း စီစဉ်ပြီးပြီ။ ဒါကိုလည်း ဆက်ပြီးတော့ ပို့နေတာတွေလည်း ရှိတယ်။ ဘာဖြစ်လို့ သွားမလဲလို့ ပြောတဲ့အခါကျတော့ သူတို့ ရောက်နေတဲ့ လူတွေကတော့ ဆက်သွားတော့မယ်တဲ့၊ သူတို့ကတော့။ ဆိုတော့၊ သူတို့မှာ ဘာဖြစ်လို့ အဲဒီလိုဖြစ်လဲဆိုတာ အင်မတန် အံ့သြစရာ ကောင်းနေတာပေါ့နော်။ အဲဒါမျိုးရှိတယ် ကျနော်တို့။

အဲဒီတော့ သူတို့ ဟိုဘက်ကို ကူးဖို့ပေါ့၊ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကိုယ်တိုင် ပါတယ်လေ။ ဘင်္ဂလားဒေ့ရှ် သံအမတ်ကလည်း ပြောတယ်၊ ဟိုဘက်မှာလည်း ဒုက္ခရောက်ကြတယ်၊ ဟိုဘက်ရောက်တဲ့လူတွေဟာ။ အဲဒီတော့ ဘာဖြစ်လို့ သွားချင်သလဲ၊ ဟိုဘက်က လူတွေကိုလည်း ပြန်ပို့ဖို့၊ ပြန်ပို့ဖို့ဆိုတာ ပြန်ပြီးတော့ ဒီဘက်က လက်ခံမှာမို့လို့ ဟိုဘက်မှာလည်း စာရင်းဇယား ကောက်ယူပြီးတော့ ပြန်ပို့ဖို့ ဆိုတာ လုပ်နေတယ်လို့ သူတို့ကို ရှင်းပြလိုက်တယ်။ ဒါကြောင့်မို့လို့ သူတို့ သံအမတ်တွေပါ ပါလာတာပေါ့။”

ကိုဇော်ဝင်းလှိုင်။ ။ နောက်တခုက အခုဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြတဲ့ သူတွေကလည်း ကုလသမဂ္ဂ အဆိုအရ ဆိုရင် ၆ သိန်းနား ကပ်သွားပြီပေါ့ ဆရာနော်၊ ဒါပေမဲ့လည်း ထွက်မပြေးကြတဲ့လူတွေလည်း အများအပြားရှိတာကို ကျနော်တို့ တွေ့ရပါတယ်။ ဆိုတော့ ထွက်မပြေးကြတဲ့လူတွေက ဘာကြောင့် မပြေးဘူးလည်း ဆိုတာကို ဆရာတို့ မေးခွင့်ရခဲ့သလာ၊ ဆရာတို့အနေနဲ့ ဘယ်လို သိထားပါသလဲ၊ အဲဒါလေး အကျဉ်းချုံးလေးပြောပြပါလား။

ဒေါက်တာ ဝင်းမြတ်အေး။ ။ ရခဲ့တယ်၊ ရခဲ့တယ်၊ ရခဲ့တယ်။ ထွက်ပြေးကြတဲ့ လူတွေကလည်း အခုဟာက ရသေ့တောင်တို့ ဘူးသီးတောင်တို့ ဆိုတဲ့ နေရာတွေက ဘာမှမဖြစ်တဲ့ နေရာက လူတွေကလည်း သွားတယ်ပေါ့နော်။ အဲတော့ အံ့သြစရာကောင်းတာ က အဲဒီတော့ အဲဒါက ဘာဖြစ်လို့ ဘယ်လိုများ အကွက်ကျကျ ဖြစ်နေကြလဲပေါ့နော်။ ဆိုတော့ တော်တော် စိတ်ဝင်စားစရာကောင်းတာပေါ့ နံပတ် (၁) က။ နောက်တခုက ဘာဖြစ်လို့ မသွားလဲ ဆိုတဲ့နေရာရောက်ခဲ့တော့ အဲဒီမှာ ကျနော်တို့ ရောက်ခဲ့တဲ့ရွာတရွာမှာ သုံးခုလုံးရှိတယ်။

မွတ်ဆလင်ကော၊ ရခိုင်ကော၊ ဟိန္ဒူဘာသာဝင်တွေကော သုံးမျိုးလုံးရှိတယ်။ အဲဒီမှာ ယှဉ်တွဲနေထိုင်တယ်။ တကယ်လည်း ကျနော်တို့လူတွေ သွားတော့ သူတို့ ထွက်လာတယ်။ ထွက်လာတော့ သုံးမျိုး သုံးစားလုံး အကုန်လုံးရှိတယ်။ အကုန်လုံးက ညီညီညွတ်ညွတ်နေကြတယ်။ ဘာဖြစ်လို့ နေလည်းဆိုတော့ ကျနော်တို့ ဘာမှမဖြစ်ဘူးတဲ့၊ အေးအေးချမ်းချမ်းပဲတဲ့၊ အဲတော့ ဒါကြောင့်မို့လို့ သူတို့ ဆက်ပြီးတော့နေနိုင်တယ်။ နဂိုထဲကလည်း ခင်ခင်မင်မင်ရင်းရင်းနှီးနှီး နေခဲ့ကြတာပဲတဲ့။ ဒါကြောင့် အခု ဘယ်မှလည်း သွားစရာမလိုပါဘူး ဆိုပြီးတော့ ထွက်ပြောတဲ့ဟာတွေရှိတယ်။ ဒါတွေကတော့ အကုန်လုံးက သတင်းထောက်တွေလည်းပဲ သတင်းယူကြတာရှိတယ်၊ ဗီဒီယို ဖိုင်တွေလည်းရှိတယ်၊ ဓါတ်ပုံတွေလည်း ရှိတယ်ပေါ့။

အောက်တိုဘာလ ၁၀ ရက်နေ့က သွားရောက်တဲ့ ဒီခရီးစဉ်ကို နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော်ဆောင်ရွက် ရေးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ နယ်စပ်ရေး ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်တို့က ဦးဆောင်ပြီး ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ ထိုင်းနဲ့ လာအို စတဲ့ အိမ်နီးချင်း ၅ နိုင်ငံက သံအမတ်ကြီးတွေနဲ့ သံတမန်တွေအပြင် ပြည်တွင်း ပြည်ပ သတင်းမီဒီယာတွေလည်း လိုက်ပါသွားကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG