သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလနဲ့သံတမန် အဆင့်မြင့်အဖွဲ့ ရခိုင်ပြည်နယ်ခရီး ကြာသပတေးနေ့ စတင်


Myanmar U.S
Myanmar U.S

ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့တဲ့ ဒေသတွေကို မြန်မာနိုင်ငံမှာရှိတဲ့ သံတမန်တွေကို အစိုးရက လိုက်လံ ပြသမယ့်အထဲ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel လည်း လိုက်ပါသွားမှာဖြစ်ကြောင်း အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး John Sullivan စက်တင်ဘာလ ၂၆ ရက်နေ့က အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မီတီ ကြားနာပွဲအတွင်း ပြောကြားလိုက်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့တဲ့ ဒေသတွေကို နိုင်ငံတကာ သံတမန်တွေကို လိုက်လံပြသမယ်လို့ စက်တင်ဘာလ ၁၉ ရက်နေ့မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းအတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တဲ့ အတိုင်း ဒီကနေ့ စက်တင်ဘာလ ၂၈ ရက်နေ့မှာ နိုင်ငံတကာက သံတမန် (၄၇) ဦး ရခိုင်ပြည်နယ်ကို သွားရောက် လေ့လာကြမှာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေကို ဘယ်သူမဆို ကိုယ်တိုင် သွားရောက် လေ့လာ ဆန်းစစ်သင့်ကြောင်း စက်တင်ဘာလ ၁၉ ရက်နေ့မှာ ပြောကြားတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံအခြေပြမိန့်ခွန်းအတွင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဌာနအနေနဲ့ ဘာတွေ လုပ်ဆောင် နေပါသလဲလို့ စက်တင်ဘာလ ၂၆ ရက်နေ့က အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မီတီ ကြားနာပွဲအတွင်း မေးမြန်းရာမှာ - မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel အနေနဲ့ ရခိုင်ပြည်နယ်က အခြေအနေတွေကို ကိုယ်တိုင် သွားရောက် လေ့လာဖို့ ရှိနေကြောင်း လက်ထောက် နိုင်ငံခြားရေးဝန်ကြီး John Sullivan အခုလို ဖြေကြားသွားခဲ့ပါတယ်။

“ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ဦးဆောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ကျနော်တို့ သံအမတ်ကြီး ဟာလည်း အစွမ်းကုန် ကြိုးစား လုပ်ဆောင်နေပြီး ရခိုင်ပြည်နယ်ကို အခု သီတင်းပတ် အတွင်း သွားရောက်ဖို့ စီစဉ်နေပါတယ်။ ကျနော်တို့အနေနဲ့ ရခိုင်ပြည်နယ် ပဋိပက္ခအတွက် အမေရိကန်ဒေါ်လာ ၃၂ သန်း အကူအညီပေးပြီးလည်း ဖြစ်ပါတယ်။ နောက်ထပ် အကူအညီတွေလည်း ပေးဦးမှာပါ။ ကျနော်တို့ နိုင်ငံခြားရေး ဌာနအနေနဲ့ ဒီကိစ္စကို အရှိန်မြင့် လုပ်ဆောင်နေပါတယ်။ ဒီပြဿနာဟာ မြန်မာနိုင်ငံရဲ့ ပြဿနာ တခုထဲ မဟုတ်သလို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အမေရိကန်ရဲ့ ပြဿနာချည်းဘဲလည်း မဟုတ်ပါဘူး၊ ဒါဟာ ကမ္ဘာလုံးဆိုင်ရာ ပြဿနာကြီး ဖြစ်ပါတယ်။ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ အင်မတန် ဝမ်းနည်းစရာ ကောင်းပါတယ်။”

ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာတဲ့ အထောက်အကူတွေ ပေးနိုင်ရေး တိုက်တွန်းချက်တွေ တိုးလာတာနဲ့အတူ ဒီကနေ့မှာဘဲ ကုလသဂ္ဂက အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို ရခိုင်ပြည်နယ်ကို စေလွတ်မှာဖြစ်ပြီး ဒါကို ပထမ ခြေလှမ်းအဖြစ် ကြိုဆိုတဲ့အကြောင်းနဲ့ အခုလို သွားရောက်ခြင်းအားဖြင့် ပိုမို ကျယ်ပြန့်တဲ့ လူသားချင်း စာနာမှု အထောက်အကူတွေ ပေးနိုင်ဖို့ လမ်းခင်းပေးရာ ရောက်စေမယ်လို့ မျှော်လင့်တဲ့ အကြောင်းလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

နိုင်ငံတကာ သံတမန်တွေနဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ ဒီကနေ့မှာ ရခိုင်ပြည်နယ် အတွင်း ပဋိပက္ခ ဖြစ်ပေါ်ခဲ့တဲ့ နေရာတွေကို သွားရောက်ခွင့်ရတာဟာ ရခိုင်ပြည်နယ် အတွင်း သြဂုတ်လ ၂၅ ရက်နေ့က အကြမ်းဖက်မှုတွေ တကျော့ပြန် ဖြစ်ပေါ်ပြီးတဲ့နောက် ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

ဒီကနေ့ သွားရောက်မယ့် ခရီးစဉ်ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အတွင်းရေးမှူးချုပ် Antonio Guterres က မြန်မာ့အရေး အစီရင်ခံမှာ ဖြစ်ပြီး အဖွဲ့ဝင် နိုင်ငံတွေနဲ့လည်း ဆွေးနွေးမယ့်နေ့နဲ့ တိုက်ဆိုင်နေတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြဿနာတွေဖြစ်ခဲ့ပြီးနောက် အဲဒီနေရာတွေဆီ သတင်းထောက်တွေ၊ အကူအညီပေးသူတွေကို လွတ်လွတ် လပ်လပ်သွားခွင့်ပေးဖို့ တောင်းဆိုမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးတဲ့နောက် ကြာသပတေးနေ့မှာ နိုင်ငံတကာ အဖွဲ့တခုကို သွားခွင့်ပေးဖို့ စီစဉ်ထားကြောင်း စက်တင်ဘာလ ၂၅ ရက်နေ့က ကုလသမဂ္ဂမှာ ပြောကြားတဲ့ မိန့်ခွန်းအတွင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်းက ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။

“နိုင်ငံစုံပါဝင်တဲ့ အဖဲ့ွတခုကို စက်တင်ဘာလ ၂၈ ရက်နေ့ကျရင် ရခိုင်ပြည်နယ် မြောက်ပိုင်းက ပြဿနာဖြစ်ထားတဲ့ နေရာတွေကို ခေါ်သွားပြီး အခြေအနေကို ကိုယ်တိုင်မျက်မြင်တွေ့နိုင်ကြဖို့အတွက် အစိုးရက စီစဉ်နေပါတယ်။ ဒုက္ခသည်အရေးကို ဖြေရှင်းနိုင်ဖို့အတွက်လည်း ဘင်္ဂလားဒေ့ရှ် ဖက်ကို ဆက်သွယ်ထားပါတယ်။”

အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မီတီဥက္ကဋ္ဌ Ed Royce ကလည်း ရခိုင်ပြည်နယ် အတွင်း မြန်မာစစ်တပ်က လုပ်ဆောင်နေတဲ့ စစ်ဆင်ရေးတွေ ရပ်တန့်ရေး လုပ်ဆောင်ဖို့ လိုအပ်ကြောင်းကိုလည်း စက်တင်ဘာလ ၂၅ ရက်နေ့မှာ ပြုလုပ်တဲ့ ကြားနာပွဲအတွင်း အခုလို ပြောကြားခဲ့ပါတယ်။

“ရခိုင်ပြည်နယ်အတွင်းမှာ ကျေးရွာတွေ မီးရှို့နေတဲ့ လုပ်ငန်းတွေ ရပ်တန့်အောင် အဲဒီမှာ ရှိနေတဲ့ စစ်သွေးကြွ တွေရော၊ အစိုးရတပ်ဖွဲ့တွေပါ အဲဒီ ဒေသကနေ ထွက်ခွာသွားအောင် မြန်မာစစ်တပ်ကို ပြောဆိုနိုင်ဖို့ အမေရိကန် အစိုးရအနေနဲ့ နည်းလမ်းရှာဖွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာ လေးသိန်းကျော်ကို မြန်မာနိုင်ငံကို ပြန်လာခွင့် ပြုသင့်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံက ကြေညာချက် ထုတ်ပြန် ယုံလောက်နဲ့တင် မလုံလောက်ပါဘူး။ သူမဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ အုပ်ရေးယန္တယားက အဲဒီရာထူးကို စစ်တပ်ကို ပေးထားတာ ဖြစ်ပါတယ်။ နိုင်ငံတကာက ဖိအားပေးတာတွေအပြင် ရခိုင်ပြည်နယ်အတွင်းမှာ အကူအညီ လိုအပ်နေသူတွေအတွက် USAID - အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးမှု အေဂျင်စီနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ဝင်ရောက်ခွင့် ပြုအောင်လည်း မြန်မာအစိုးရကို ဖိအားပေးသင့်ပါတယ်။”

ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခတွေကို ကိုယ်တိုင် သွားရောက်လေ့ခဲ့တဲ့ အေရှေ့တောင် အာရှဆိုင်ရာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Patrick Murphy ကတော့ - မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေ အဆုံးသတ်ရေး၊ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ထောက်ပံ့ပေးပြီး ဒုက္ခသည်တွေကို ပြန်လည်ခွင့်ပြုရေး စတာတွေ လုပ်ဆောင်ဖို့ မြန်မာအစိုးရကို အကြံပေးခဲ့ကြောင်း၊ အခြေအနေတွေ လက်ရှိထက် ပိုဆိုးသွားရင် နိုင်ငံတကာမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှု ပုံစံမျိုးတွေ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေရှိတယ်ဆိုတာကိုလည်း သူ့အနေနဲ့ အကြံပေး ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံက ပြန်လာအပြီး စင်္ကာပူနိုင်ငံမှာ ခရီးတထောက်နားစဉ် ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG