သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခဒဏ် ခံကြရတဲ့ ကလေးငယ်များအရေး UNICEF စိုးရိမ်


မြန်မာနိုင်ငံ ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို သြဂုတ်လ ၂၅ ရက်နေ့ ကနေ စတင် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ အရေအတွက်ဟာ တသိန်း နှစ်သောင်း ကျော်သွားပြီ ဖြစ်တာကြောင့် ဒီလူတွေအတွက် အကူအညီတွေ အရေးပေါ် လိုအပ်နေကြောင်း ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ပြောပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေး သွားကြတဲ့ ဒုက္ခသည်တွေရဲ့ နောက်ဆုံး အခြေအနေတွေကို UNICEF ကုလသမဂ္ဂ ကလေးငယ်များ ရံပုံငွေအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကို ဆက်သွယ် မေးမြန်းပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်နဲ့ မောင်တောမြို့တို့မှာ ရှိတဲ့ ရဲကင်းစခန်း ၂၀ ကျော်ကို ရိုဟင်ဂျာ လက်နက်ကိုင်တွေက တချိန်တည်း တပြိုင်နက်တည်းမှာ ဝင်ရောက် တိုက်ခိုက်မှု ဖြစ်သွားခဲ့ပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အရေအတွက်ဟာ လက်ရှိအချိန်မှာ တသိန်း၊ နှစ်သောင်းခွဲ အထိ ရှိနေပြီ ဖြစ်ကြောင်း UNICEF ကုလသမဂ္ဂ ကလေးငယ်များ ရံပုံငွေအဖွဲ့က အင်္ဂါနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

အခုလို ရက်တိုတို အတွင်း ဒီလောက်များပြားတဲ့ ဒုက္ခသည်တွေ ရုတ်တရက် ထွက်ပြေးလာကြတာကြောင့် အကူအညီပေးရေး အဖွဲ့အစည်းတွေ အနေနဲ့ အခက်အခဲ ကြုံနေရပြီး သူတို့အတွက် အရေးပေါ် အကူအညီတွေ အမြန်ဆုံး လိုအပ်နေတယ်လို့ UNICEF ပြောခွင့်ရပုဂ္ဂိုလ် Simon Ingram က Brussels မြို့ကနေ ဗွီအိုအေကို ပြောပါတယ်။

" ကြေညာချက်ထဲမှာ ကျနော်တို့ ထောက်ပြထားတဲ့ အဓိက အရေးပါတဲ့ အချက်ကတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း မြန်မာဘက်ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းကို ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ ကိစ္စပါ။ အဲဒီလို ထွက်ပြေးလာတဲ့ သူတွေထဲက ၈၀ ရာခိုင်နှုန်း လောက်ဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ ဒီလူ အများစုဟာ အဝတ်တထည်၊ ကိုယ်တခုနဲ့ ထွက်ပြေးလာကြတာ ဖြစ်တဲ့အတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်။”

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပဋိပက္ခတွေ ပြန်လည် ဖြစ်ပေါ်တဲ့ အချိန်ကစလို့ အဲဒီဒေသကို သွားရောက်လို့ မရနိုင်တော့တာကြောင့် UNICEF က အရင်ကပေးနေတဲ့ ကလေးငယ်ပေါင်း နှစ်သောင်း ရှစ်ထောင်အတွက် စိတ်ပိုင်းနဲ့ ပညာရေးပိုင်း ဆိုင်ရာ အကူအညီ၊ အဟာရ ဖြည့်ဆည်ရေး အစီအစဉ်တွေကိုလည်း ရပ်တန့် ထားရကြောင်း Simon Ingram က ပြောပါတယ်။

လက်ရှိမှာတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းမှာ အတတ်နိုင်ဆုံး ကူညီ ထောက်ပံ့ရေး အစီအစဉ်တွေကို လုပ်ဆောင်နေကြောင်း Simon Ingram က ပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ရောက်လာကြတဲ့ ဒုက္ခသည်တွေ ကလေးငယ်တွေ အတွက် အရေးပေါ် လိုအပ်နေတဲ့ အကူအညီတွေကို ကျနော်တို့ အနေနဲ့ အရှိန်မြင့် လုပ်ဆောင် ပေးနေပါတယ်။ နောက် ကျနော်တို့ ထောက်ပြချင်တဲ့ အရေးကြီးတဲ့ အချက်တခု ကတော့ နှစ်နိုင်ငံစလုံးမှာ ရှိနေကြတဲ့ ဒုက္ခသည်တွေ ကလေးငယ်တွေဟာ အရေးပေါ် အကူအညီတွေကို လိုအပ်နေကြတယ် ဆိုတာပါဘဲ။”

ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့် ရခိုင်တိုင်းရင်းသား တွေပါ ထွက်ပြေးနေကြရတာ ဖြစ်ပေမယ့်လည်း နိုင်ငံတကာ အသိုင်းဝိုင်းက ရိုဟင်ဂျာတွေ အပေါ်မှာ ပိုအာရုံစိုက်ပြီး အကူအညီပေးမှု ပိုများတယ်လို့ ရခိုင် ဒေသခံတွေဘက်က ပြောဆိုမှုတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ UNICEF ရဲ့ ရပ်တည် လုပ်ဆောင်ချက်ကို Simon Ingram က အခုလို ရှင်းပြပါတယ်။

“ UNICEF အနေနဲ့ ရခိုင်ပြည်နယ် အတွင်းမှာရှိနေတဲ့ လူ့အသိုင်းအဝိုင်း ၂ ဘက်စလုံးက လူတွေကို အကူအညီတွေ တောက်လျှောက် ပေးနေခဲ့တာပါ။ ဒီကိစ္စကို ကျနော်တို့အနေနဲ့ အထူး အလေးပေး ပြောကြားလိုပါတယ်။ ကျနော်တို့အနေနဲ့ အဖွဲ့အစည်း တခုထဲ၊ လူမျိုးစု တခုထဲကိုဘဲ ဘက်လိုက်ပြီး အကူအညီ ပေးတယ်ဆိုတာ မရှိပါဘူး။ နှစ်ဘက်စလုံးမှာ ရှိနေကြတဲ့ ကလေးငယ်တွေ အားလုံးကို ကျနော်တို့ အနေနဲ့ အကူအညီ ပေးနေပါတယ် ဆိုတဲ့ အချက်ကိုဘဲ ကြေညာချက်ထဲမှာ အထူး ထောက်ပြထားတာ ဖြစ်ပါတယ်။ ”

အခု ထွက်ပြေးလာကြတဲ့ ဒုက္ခသည် တသိန်း နှစ်သောင်းခွဲဆိုတဲ့ အရေအတွက်ကိုတော့ ဒုက္ခသည်တွေ ရောက်လာတဲ့ ဒေသတွေမှာ ရှိနေတဲ့ UNICEF အပါအဝင် တခြား အဖွဲ့အစည်းတွေက ပေးပို့တဲ့ အချက်အလက်တွေ အပေါ် အခြေခံပြီး ထုတ်ပြန်ခဲ့ခြင်း ဖြစ်တယ်လို့ Simon Ingram က ပြောပါတယ်။

UNHCR - ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ပြောခွင့်ရ အမျိုးသမီး Duniya Aslam Khan ကတော့ - ဘင်္ဂလာဒေ့ရှ်ဘက်ကို ရောက်လာကြတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေဟာ အတော်လေး ဆိုးရွားနေတယ်လို့ ပြောပါတယ်။ ဒုက္ခသည် အတော်များများဟာ အစာ မစားဘဲ ရက်အတန်ကြာ လမ်းလျှောက်ခဲ့ကြရတယ်လို့ ပြန်ပြောပြကြတဲ့ အကြောင်း ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

“ထွက်ပြေးလာသူ အများစုကတော့ သူတို့အိမ်တွေ မီးရှို့ခံကြရတဲ့ အတွက် မဖြစ်မနေ အိုးအိမ် စွန့်ခွာ ထွက်ပြေးကြရတယ်လို့ ပြောပါတယ်။ တချို့ကတော့ သူတို့ မိသားစုဝင်တွေ မီးရှို့ သတ်ဖြတ်ခံရတာ၊ သေနတ်နဲ့ ပစ်သတ်ခံရတာတွေလည်း ရှိတယ်လို့ ပြောကြပါတယ်။ တချို့ကတော့ ထွက်ပြေးလာရင်း တော၊ တောင်တွေထဲမှာ ယာယီ ပုန်းအောင်းပြီး ဘင်္ဂလားဒေ့ရှ်ဘက် အခြမ်းကို မရောက်ခင် ရက်အတန်ကြာ လမ်းလျှောက်ခဲ့ကြရတယ်လို့ ပြောပါတယ်။”

IOM - နိုင်ငံတကာ ရွှေ့ပြောင်းအခြေချနေထိုင်သူများ အကူအညီပေးရေးဆိုင်ရာ အဖွဲ့ကတော့ ဒီဒုက္ခသည်တွေ အတွက် လာမယ့် ၃ လအတွင်း အကူအညီတွေ ပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ ၁၈ သန်း အရေးပေါ် လိုအပ်တယ်လို့ ပြောဆိုထားပေမယ့် UNICEF ကတော့ ငွေကြေး ပမာဏအားဖြင့် ဘယ်လောက် လိုအပ်တယ်ဆိုတာ အခုချိန်မှာ ခန့်မှန်း ပြောဆိုဖို့ ခက်ခဲကြောင်း ပြောပါတယ်။

ဒီအတောအတွင်း ဥရောပ ကော်မရှင်ရဲ့ လူသားချင်း စာနာမှု အကူအညီပေးရေးနဲ့ ပဋိပက္ခ စီမံကွပ်ရေးဆိုင်ရာ မဟာမင်းကြီး Christos Stylianides က သက်ဆိုင်သူ အဖွဲ့အစည်း အားလုံးအနေနဲ့ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေ ဖြေလျှော့ရေး အတွက် လုပ်ဆောင်ကြဖို့နဲ့ ဥရောပ ကော်မရှင်အနေနဲ့ ရခိုင်ပြည်နယ် အတွက် အကူအညီပေးရေး အစီအစဉ်တွေကို အစွမ်းကုန် လုပ်ဆောင်ပေးသွားဖို့ သံဓိဌာန် ချထားကြောင်း စက်တင်ဘာလ ၅ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဘေးဒုက္ခရောက်နေသူ သုံးသိန်းခွဲအတွက် အရေးပေါ် လိုအပ်နေတဲ့ အကူအညီတွေ ပေးနိုင်ရေးအတွက် လူသားချင်း စာနာမှု အကူအညီပေးရေး ဝန်ထမ်းတွေ အတားအဆီးမရှိ သွားရောက်ခွင့်ပြုပြီး အခြေအနေတွေ လက်ရှိထက် ပိုမို ဆိုးရွားမသွားအောင် တားဆီးနိုင်ရေး အတွက် မြန်မာ အစိုးရအနေနဲ့ အကူအညီပေးသူတွေကို အပြည့်အ၀ လုပ်ပိုင်ခွင့် ပေးသင့်ကြောင်းလည်း ဥရောပ ကော်မရှင်နာ မင်းကြီးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG