သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် လူ့အခွင့်အရေးအခြေအနေ ကုလစိုးရိမ်


ဘင်္ဂလားဒေရှ့်ဘက်ကို အသစ်ထပ်မံ ရောက်ရှိလာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ။ ဓာတ်ပုံ REUTERS/Mohammad Ponir Hossain
ဘင်္ဂလားဒေရှ့်ဘက်ကို အသစ်ထပ်မံ ရောက်ရှိလာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ။ ဓာတ်ပုံ REUTERS/Mohammad Ponir Hossain

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွါးနေတဲ့ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ မူဆလင်တွေကို ဘင်္ဂလားဒေ့ချ် နိုင်ငံက ခိုလှုံခွင့် ပေးဖို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးက တိုက်တွန်း နေပါတယ်။ OHCHR လို့ ခေါ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး ကလည်း မူဆလင် ဒုက္ခသည်တွေ အတွက် နယ်စပ်တွေကို ဖွင့်ပေးဖို့ ဘင်္ဂလားဒေ့ချ်ကို တိုက်တွန်း နေပါတယ်။ ဒီအကြောင်း ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ရှိတဲ့ UNHCR ရုံးချုပ်ကနေ VOA သတင်းထောက် Lisa Schlein သတင်းပေးပို့ ထားတာကို အခြေခံပြီး ကုလသမဂ္ဂ အသိုင်းအဝိုင်းက ပြောဆိုချက်တွေကို ကိုကျော်အောင်လွင် စုစည်း တင်ပြပါလိမ့်မယ်။

ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွါးနေတဲ့ တင်းမာမှုတွေ၊ ဒုက္ခသည် ဦးရေ တိုးပွါးလာနေတဲ့ အခြေအနေတွေကြောင့် မြန်မာ့အရေးကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဒီကနေ့ သြဂုတ်လ ၃၀ ရက်နေ့ ကျရင် အရေးပေါ် အစည်းအဝေး ခေါ်ယူကျင်းပဖို့ ရှိနေပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရှိတဲ့ ရဲတပ်ဖွဲ့ဝင် ကင်းစခန်း ၃၀ လောက်ကို ရိုဟင်ဂျာ လက်နက်ကိုင်တွေက တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း ပြီးခဲ့တဲ့ ကြာသပတေးနေ့ နှောင်းပိုင်းက စလို့မြန်မာနိုင်ငံ ထဲက လူ ၅ ထောင့်၂ ရာလောက် ဘင်္ဂလားဒေ့ချ်နိုင်ငံ ထဲကို ဝင်ရောက်ခဲ့ကြတယ်လို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးက သတင်း တွေ ထုတ်ပြန်ပါတယ်။

မြန်မာစစ်တပ်ရဲ့ နှိပ်ကွပ်မှုကို စိုးရိမ်ပူပန်ပြီး ထွက်ပြေးလာကြတဲ့ ထောင်နဲ့ချီတဲ့ လူတွေ ဘင်္ဂလားဒေ့ချ် နိုင်ငံနဲ့ ကပ်လျက် မြန်မာဘက်ခြမ်း နယ်စပ် တလျှောက်မှာ ပိတ်မိနေကြတယ်လို့ UNHCR က ပြောပါတယ်။ UNHCR ပြောခွင့်ရ ပုဂ္ဂိုလ် Adrian Edwards က VOAကို ပြောတာကတော့ သတင်းတွေ အမျိုးမျိုး ထွက်ပေါ်နေတာ တွေကို အတည်ပြုချက် မပေးနိုင်ဘူး ဆိုပေမဲ့ နယ်စပ် တလျှောက်မှာ ဒုက္ခသည်တွေ နေရာ တော်တော်များများမှာ ရှိနေပြီး UNHCR ဝန်ထမ်းတွေက ဒုက္ခသည်တွေ ရှိတဲ့နေရာတိုင်းကို မရောက်နိုင်ဘူးလို့ ဆိုပါတယ်။

“ လုံခြုံရာကို ထွက်ပြေးလာကြတဲ့ လူတွေအတွက် ခုံလှုံခွင့်နဲ့ သူတို့နဲ့ တွေ့ဆုံနိုင်ဖို့တွေ လိုအပ်နေတယ် ဆိုတာကတော့ ရှင်းပါတယ်။ဘင်္ဂလားဒေ့ချ် အာဏာပိုင်တွေ နဲ့လည်း ကျနော်တို့ ထိတွေ့ ဆက်စပ် နေပါတယ်။ လက်ရှိ အခြေအနေတွေ အရ ကျနော်တို့ မြင်ရတာကတော့ ဖြစ်စဉ်တွေက စနစ်တကျ အကွက်ချပြီး လုပ်နေပုံ မရပါဘူး။ မြန်မာနိုင်ငံ ဘက်ခြမ်းက နယ်စပ်တွေမှာ ရောက်နေကြတဲ့ သူတွေကို ကူညီဖို့နဲ့ တွေ့ဆုံခွင့်လည်း ကျနော်တို့မှာ လောလောဆယ် မရှိသေးပါဘူး။ ”

ရခိုင်ပြည်နယ် အတွင်း တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေ ရာနဲ့ထောင်နဲ့ချီပြီး ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကိုလည်း UNHCR က ဒီသတင်းတွေ မှန်၊ မမှန် အတည်မပြုနိုင်ဘူးလို့ UNHCR ပြောခွင့်ရ က ဆိုပါတယ်။

"မြန်မာအာဏာပိုင်တွေ ထုတ်ပြန်တဲ့ ကြေညာချက်တွေ အပါအဝင် ထိခိုက်သေကျေ ဒဏ်ရာရတဲ့ လူအရေအတွက်နဲ့ပတ်သက်ပြီး သတင်းတွေ အမျိုးမျိုး ထွက်နေတာကို ကျနော်တို့ တွေ့ရပါတယ်။ ကျနော်တို့က ဒီသတင်းတွေမှန် မမှန် ကို အတည်ပြုနိုင်တဲ့ အနေအထား မရှိပါဘူး။ ကျနော်တို့က နယ်စပ်တွေကို ဖွင့်ပေးဖို့ မေတ္တာရပ်ခံ နေတာပါ။ ထွက်ပြေး လာသူတွေ လုံခြုံတဲ့ ခိုလှုံခွင့်တွေ ရဖို့က သိပ်ပြီး အရေးကြီးတယ်လို့ ကျနော်တို့ထင်ပါတယ်”

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ တုန်းက ရိုဟင်ဂျာ လက်နက်ကိုင်တွေရဲ့ လက်ချက်နဲ့ ရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ရပြီး လူတွေ အများအပြား ထွက်ပြေးခဲ့ရပြီးတဲ့ နောက်ပိုင်း အခုဖြစ်ခဲ့တဲ့ အကြမ်းဘက်မှုတွေ ကတော့ အဆိုးဆုံးပါပဲ။ လွန်ခဲ့တဲ့ ၆ လအတွင်းမှာ ဘင်္ဂလားဒေ့ချ် နိုင်ငံထဲကို ထွက်ပြေးလာတဲ့ သူပေါင်း ၈သောင်း၇ထောင်လောက် ရှိတယ်လို့ IOM နိုင်ငံ တကာ ရွှေ့ပြောင်း အခြေချသူများ အကူအညီပေးရေး အဖွဲ့က ဆိုပါတယ်။

OHCHR လို့ ခေါ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra’ad al’ Hussein ကလည်း ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ဆိုင်တဲ့ ကြေညာချက် တစောင်ကို မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ကြေညာချက်ထဲမှာ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့သူတွေနဲ့ အရပ်သူ အရပ်သားတွေ ကို တိုက်ခိုက်ခဲ့သူတွေကို တရားဥပဒေနဲ့ အညီ အရေးယူရမှာ ဖြစ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေကို အားလုံးက အပြည့်အ၀ လေးစားပြီး လိုက်နာရမှာဖြစ် ကြောင်း၊ ထိခိုက်ပျက်စီးမှုတွေ နည်းပါးအောင် လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အနေနဲ့ မတရားသဖြင့် အင်အားသုံးတာတွေ မလုပ်ကြဖို့ အာဏာပိုင်တွေ ဘက်က ညွှန်ကြားချက်တွေ ရှင်းရှင်းလင်းလင်း ထုတ်ပြန်သင့်တဲ့ အကြောင်း၊ လူတွေရဲ့ ဘဝနဲ့ အသက်ရှင် သန်ခွင့် ကိုလည်း လေးစားဖို့လိုကြောင်း၊ အင်အား အလွန်အကျွံသုံးတဲ့ သူတွေကို အရေးယူဖို့နဲ့ ထိခိုက်မှုတွေ ဖြစ်ပွါးတဲ့ နေရာတွေမှာ လူသားချင်း စာနာတဲ့ အကူအညီတွေ ရောက်နိုင်ဖို့ အာဏာပိုင်တွေက စီစဉ်ပေးဖို့လည်း တိုက်တွန်းတယ် လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Zeid Ra’ad al’ Hussein ရဲ့ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG