မြန်မာနိုင်ငံက လာတဲ့ ရွှေ့ပြောင်းဒုက္ခသည် ၁၈၀၀ ကျော်ကို အင်ဒိုနီးရှားနိုင်ငံမှာ ခိုလှုံခွင့်ပေးထားကြောင်း အင်ဒိုနီးရှား သမ္မတ Joko Widodo က မနေ့ ဗုဒ္ဓဟူးနေ့က အင်ဒိုနီးရှားလွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံပိုင် ကျွန်းတချို့မှာ နှစ်ပေါင်း ၇ နှစ်ကြာ ရောက်ရှိနေတဲ့ ရခိုင်ပြည်နယ်ကလာတဲ့ မွတ်စလင် ဒုက္ခသည်တွေကတော့ ခွဲခြား ဆက်ဆံခံရမှုတွေ ရင်ဆိုင်နေရပြီး သူတို့ အနာဂတ်တွေ ပျောက်ဆုံးနေတယ်လို့ ပြောပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က ဆက်ပြီးပြောပြမှာပါ။
အင်ဒိုနီးရှားနိုင်ငံ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် သမ္မတ Widodo က အင်ဒိုနီးရှား လွှတ်တော်မှာ မိန့်ခွန်း ပြောကြားရာမှာ ရခိုင်ပြည်နယ ်ပဋိပက္ခမှာ အင်ဒိုနီးရှား အစိုးရက ပါဝင်ကူညီ ဆောင်ရွက်ပေးနေတာနဲ့ ပတ်သက်လို့ အခုလို ထည့်သွင်း ပြောဆိုသွားပါတယ်။
“ နိုင်ငံတကာနဲ့ သံတမန် ဆက်ဆံရေး အပိုင်းမှာ အင်ဒိုနီးရှားနိုင်ငံက ပါဝင်ကူညီပြီး ဦးဆောင်နေတာ ရှိပါတယ်။ အဓိကအားဖြင့် ရခိုင်ပြည်နယ် ပဋိပက္ခကို ဖြေရှင်းရာမှာ ဖွံဖြိုးတိုးတက်ရေး အပါအဝင် လူ့အခွင့်အရေးတွေကို လေးစားဖို့နဲ့ လူမှုအသိုင်းအဝိုင်းအားလုံးကို အကာအကွယ်ပေးရေး စတဲ့ အစီအစဉ်တွေနဲ့ဆောင်ရွက်ဖို့ မြန်မာအစိုးရကို တိုက်တွန်းနေပါတယ်။ ပဋိပက္ခကြောင့် မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရွှေ့ပြောင်း ဒုက္ခသည် အရေအတွက် ၁,၈၀၆ ဦးကို အင်ဒိုနီးရှားနိုင်ငံမှာ ခိုလှုံခွင့် ပေးထားပါတယ်။ နောက်ပြီး မြန်မာနိုင်ငံအတွက် ထောက်ပံကူညီမှုတွေနဲ့ စာသင်ကျောင်းတွေ ဆောက်လုပ်ဖို့ ပံပိုးပေးခဲ့ပါတယ်။”
အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်း အပါအဝင် ဆူမာတြာ၊ မေဒမ်နဲ့ အာချေး စတဲ့ နေရာတွေမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ ရောက်ရှိနေကြတာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်မှာ လူမှုအသိုင်းအဝိုင်း ၂ ဘက်ကြား ပဋိပက္ခတွေ ဖြစ်ခဲ့ပြီးနောက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးလာကြတဲ့ မွတ်စလင် ဒုက္ခသည်တွေဟာ ရွှေ့ပြောင်းဒုက္ခသည်တွေ အဖြစ် လှေတွေနဲ့ ဘင်္ဂလားပင်လယ်အော် ကနေတဆင့် Andaman ပင်လယ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံ၊ အဲဒီကတဆင့် မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတွေဘက် ရောက်ရှိ ခဲ့ကြတာ ဖြစ်ပါတယ်။
ဆူလာဝေဆီကျွန်းကို ၂၀၁၃ ခုနှစ်ကတည်းက ရောက်ရှိပြီး ကုလသမဂ္ဂ UNHCR ရဲ့ဒုက္ခသည် လက်မှတ် ရရှိထားတဲ့ ကိုအောင်နိုင်ဝင်း ကတော့ သူတို့ ဒုက္ခသည်တွေကို အင်ဒိုနီးရှား အစိုးရဘက်က ကူညီထောက်ပံတာမျိုး မရှိခဲ့ဘူးလို့ ပြောပါတယ်။
“ အင်ဒိုနီးရှား နိုင်ငံ အစိုးရရဲ့ပူးပေါင်း ပါဝင်မှု၊ ထောက်ပံ့မှု၊ သနားညှာတာမှု စသဖြင့် အဲသလိုပေါ့နော် နိုင်ငံရေးပါတဲ့ ကိစ္စတွေ လုံး၀ မပါပါဘူး။ ဟိုကနေပြီးတော့ ၁၉၅၁ ခုနှစ် ကုလသမဂ္ဂရဲ့ ပဋိညာဉ် စာချုပ်မှာ လက်မှတ်ရေးထိုးခြင်း မရှိတဲ့ အတွက် ဘယ်နိုင်ငံသားမှ သူ့ရဲ့နိုင်ငံမှာ နိုင်ငံသား အဖြစ် သတ်မှတ်ခွင့်လည်း မရှိသလို သတ်မှတ်မှာလည်း မဟုတ်ဘူး ဆိုတာ ကျနော်တို့ Camp ကနေပြီးတော့ Camp ဆိုတာက Detention Center အချုပ်ခန်းကနေ ထွက်လာတဲ့ အဲဒီ နေ့ကစပြီးတော့ အဲဒီ အချက်တွေ ဖော်ပြပါရှိတဲ့ လက်မှတ်တွေ ထိုးပေးရတယ်။ အဲလိုဆိုရင် အင်ဒိုနီးရှား နိုင်ငံရဲ့ ကျနော်တို့ နေပုံနေနည်းတွေက နေပြီးတော့ UN ရဲ့ လက်အောက်မှာဘဲ နေနေရတယ်။ UN လုပ်တဲ့ အပေါ်မှာဘဲ မူတည်ပြီးတော့ လှုပ်ရှားရတယ်။ ဒီသဘောပါဘဲ။ ”
ဆူလာဝေဆီကျွန်းမှာ ရခိုင်ပြည်နယ်က ရောက်လာတဲ့ ဒုက္ခသည် မွတ်စလင် ရိုဟင်ဂျာ အရေအတွက် ၂၃၅ ယောက်ရှိပြီး ခွဲခြားဆက်ဆံခံရတဲ့ အပြင် သတင်းဌာနတွေနဲ့ ဆက်သွယ်ပြောဆိုရင် အင်ဒိုနီးရှား အာဏာပိုင်တွေရဲ့ဖမ်းဆီးထားကို ခံရတယ်လို့ ကိုအောင်နိုင်ဝင်းက ပြောပါတယ်။
“ သတင်းယူတဲ့ သတင်းဌာနက နေပြီးတော့ ကျနော်တို့ သတင်းတွေ ဘာတွေ ပေးတယ်ဆိုရင် ကျနော်တို့ ဘယ်လိုလုပ်လဲ ဆိုရင် ရဲကို လွှတ်ပြီးတော့ လဝက ကို လွှတ်ပြီးတော့ အချုပ်ခန်းမှာ ချထားတယ်။ ကျနော်တို့ ဒီမှာ ရိုဟင်ဂျာမှာ ရှိတဲ့ ဒီ ကလေးတွေက နေပြီးတော့ အယောက် ၄၀ ကျော် ရှိတယ်။ ပညာရေး ဆုံးရှုံးတယ်။ ဒါ တခု။ ဒီမှာ လူငယ်တွေရဲ့ အနာဂတ် ဆုံးရှုံးမှုတွေ အများကြီး။ ”
အင်ဒိုနီးရှား အစိုးရကတော့ ရခိုင်ပြည်နယ် ပဋိပက္ခဟာ ဒေသတွင်း အရေး ဖြစ်လာနေတယ်လို့ မြန်မာအစိုးရကို သတိပေး ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက ဖိလိပိုင်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီး အစည်းအဝေး ပြင်ပမှာ အင်ဒိုနီးရှားသမ္မတ Widodo ဟာနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ဆုံပြီး နှစ်နိုင်ငံရေး အပြင် ရခိုင်ပြည်နယ် တည်ငြိမ်ရေး ကိစ္စကိုပါ ဆွေးနွေးခဲ့တာပါ။
ဒါပေမဲ့လည်း အင်ဒိုနီးရှား နိုင်ငံတွင်းမှာ ရှိနေတဲ့ မွတ်စလင် ရိုဟင်ဂျာ ဒုက္ခသည်တွေ ကိစ္စမှာတော့ အင်ဒိုနီးရှား အစိုးရက လစ်လျူပြုထားတယ်လို့ မြင်ကြောင်း ကိုအောင်နိုင်ဝင်းက ပြောပါတယ်။
“နိုင်ငံရေး ပေါ်လစီ အရ ပြောရမယ့် နေရာမှာဘဲ ပြောတာ။ သူ့ရဲ့ တကယ့် တကယ် သူပြောသင့် ပြောထိုက်တဲ့ သြဇာအာဏာသုံးလို့ ရမယ့် နေရာမှာ သူ့ရဲ့ နိုင်ငံမှာ ကျနော်တို့ အတွက် ဒီမှာ သူ ပြောဆိုတာ လုပ်ပေးတာ အဲလို လက်ခံလို့ရတဲ့ အဲသလို အနေအထား လုံး၀ လုံး မရှိသလို တွေ့လည်း မတွေ့ပါဘူး။ ဖြည့်ဆည်းပေးတာလည်း မရှိပါဘူး။ ”
အင်ဒိုနီးရှားနိုင်ငံမှာ ဒုက္ခသည် အရေအတွက် အများဆုံးကတော့ အာဖဂန်နစ္စတန် နိုင်ငံက ဖြစ်ပြီး အီရန်၊ အီရတ်၊ ဆီရီးယား၊ ဆိုမာလီယား၊ မြန်မာ၊ သီရိလင်္ကာ၊ ပါကစ္စတန် ကလာတဲ့ ဒုက္ခသည်တွေလည်း ခိုလှုံနေကြပါတယ်။