သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး ဒေါ်စုနှင့် အင်ဒိုသမ္မတ ဆွေးနွေး


ဒေါ်အောင်ဆန်းစုကြည်နှင့် အင်ဒိုနီးရှားသမ္မတ Joko Widodo တို့ တွေ့ဆုံစဉ်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အင်ဒိုနီးရှားသမ္မတ Joko Widodo တို့ တွေ့ဆုံစဉ်။

ရခိုင်ပြည်နယ် ပဋိပက္ခဟာ ရှုပ်ထွေးပြီး အခက်အခဲတွေ ရှိပေမဲ့ ပြဿနာကို ပြေလည်အောင် ဖြေရှင်းဖို့ မြန်မာ အစိုးရဘက်က သံဓိဌာန် အခိုင်အမာ ချထားကြောင်း ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီး စည်းဝေးပွဲကို တက်ရောက် လာတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြား ခဲ့ပါတယ်။ ဧပြီလ (၂၉)ရက် စနေနေ့က အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သီးခြားစီ တွေ့ဆုံရာမှာ ရိုဟင်ဂျာ အရေးနဲ့ ရခိုင်ပြည်နယ်က လူသားချင်း စာနာမှုဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Retno Marsudi က ပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြပေထားပါတယ်။

အာဆီယံထိပ်သီး အစည်းအဝေး ပြင်ပ သီးခြား ဆွေးနွေးပွဲအဖြစ် မြန်မာနဲ့ အင်ဒိုနီုးရှား နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ မနေ့က ပထမဆုံး အကြိမ် တွေ့ဆုံ ခဲ့ကြတာ ဖြစ်ပါတယ်။ မိနစ်၃၀ ကြာမြင့်တဲ့ တံခါးပိတ် ဆွေးနွေးပွဲမှာ လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှုတွေ ရှိနေတယ်လို့ စွပ်စွဲခံရတဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ အခြေအနေ အကြောင်း နှစ်နိုင်ငံ ခေါင်းဆောင်တွေက ပြောဆို ခဲ့ကြတယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က သတင်းထောက်တွေကို ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ခွဲခြား ဆက်ဆံမှုမရှိပဲ တည်ငြိမ် အေးချမ်းရေးဟာ မြန်မာနိုင်ငံ အတွက်သာ မက ဒေသတွင်းအတွက်ပါ အရေးကြီးကြောင်း အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက ဒေါ်အောင်ဆန်းစုကြည်က ို ပြောပြခဲ့တယ်လို့ Retno Marsudi က ဆိုပါတယ်။

ရခိုင်ပြည်နယ် အကြပ်အတည်းနဲ့ ပတ်သက်လို့ ဖြေရှင်းရာမှာ ကျန်းမာရေး၊ ပညာရေးနဲ့ အခြား ကဏ္ဍတွေမှာ နှစ်နိုင်ငံ အစိုးရကြားမှာ ရေရှည်၊ ရေတို ပူးပေါင်း ဆောင်ရွက်ဖို့ အင်ဒိုနီးရှား ဘက်က တင်ပြခဲ့ကြောင်း သူက ပြောပါတယ်။

ဒါအပြင် ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေ အတွက် ဗလီကျောင်း တကျောင်းကို အင်ဒိုနီးရှားက ကူညီ ဆောက်လုပ်ပေးမယ့် အစီအစဉ် ကိုလည်း မြန်မာအစိုးရက ခွင့်ပြုခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို ခွဲခြား ဖိနှိပ်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲ ချက်တွေနဲ့ ပတ်သက်လို့ အင်ဒိုနီးရှား နိုင်ငံဘက်က မြန်မာ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိနေပေမယ့် အာဆီယံ အဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ မလေးရှားကတော့ မြန်မာအစိုးရကို အကြီးအကျယ် ဝေဖန်ခဲ့ပါတယ်။ ဒါကြောင့်လည်း ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ အာဆီယံ အဖွဲ့ဝင် နိုင်ငံေတွေကြားမှာ အကြီးအကျယ် အငြင်း ပွားခဲ့ရကြောင်း

နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ရဲ့ အာရှရေးရာ လက်ထောက် ညွန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။

“မြန်မာအစိုးရက ရိုဟင်ဂျာတွေအပေါ် ရက်စက်မှုတွေ လုပ်ခဲ့တဲ့ ကိစ္စမှာဆိုရင် အာဆီယံက တစုံတရာ ဖိအားပေး ပြောဆိုဖို့တောင် အကြီးအကျယ် တိုက်ပွဲ ဆင်နွဲှရသလိုမျိုး ဖြစ်ခဲ့ပါတယ်။”

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ အရေးကိစ္စနဲ့ ပတ်သက်လို့ မြန်မာအစိုးရ ကိုင်တွယ် ပုံကို နိုင်ငံတကာက ဝေဖန် နေတဲ့အပေါ်မှာ ပြန်ကြားရေး ဝန်ကြီး ဦးဖေမြင့်က အခုလို တုန့်ပြန် ပြောဆိုခဲ့ပါတယ်။

“အဲဒါသည် အမေရိကားမှာ ဖြစ်တဲ့ 9/11 တိုက်သလို၊ နေရာ Target တွေ ရွေးထား ပြီးတော့ ဝင်တိုက်တဲ့ ကိစ္စကြီးပဲ။ တော်တော် ကြီးကျယ်တဲ့ တိုက်ခိုက်မှု တရပ်ပေါ့နော်။ ဒါပေမယ့် အဲဒီ အချက်ကို အာရုံ မစိုက်ဘဲနဲ့ အဲဒါကို ပြန်ပြီးတော့ တုန့်ပြန်တဲ့ ဒီ ကိစ္စတွေ အပေါ်မှာ မူတည်ပြီးတော့ပဲ သူက Humanitarian view point ကနေ ပြီးတော့ Highlight လုပ်ပြီးတော့ အဲဒီဟာကိုပဲ ပိုပြီးတော့ သတင်း ယူကြတယ်ပေါ့နော်။”

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ နှစ်ရက်ကြာ ကျင်းပတဲ့ အကြိမ် (၃၀) မြောက် အာဆီယံ ထိပ်သီး ညီလာခံကို တက်ရောက်ခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ အင်ဒိုနီးရှား အပြင် အိမ်ရှင် ဖိလစ်ပိုင်နိုင်ငံက သမ္မတ Duterte၊ ဗီယက်နမ်၊ ဘရူနိုင်း စတဲ့ နိုင်ငံတွေက ခေါင်းဆောင် တွေနဲ့လည်း သီးခြားစီ တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့ ကိစ္စရပ်တွေ အပြင် စီးပွားရေး၊ စိုက်ပျိုးရေးနဲ့ စွမ်းအင် ကဏ္ဍတွေမှာ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG