အင်ဒိုနီးရှားနိုင်ငံ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် သမ္မတက လွှတ်တော်မှာ ဒီကနေ့ မိန့်ခွန်းပြောကြားရာမှာ မြန်မာနိုင်ငံက မတည်မငြိမ် အခြေအနေတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်အရေးကို ဖြေရှင်းရေးအတွက်လည်း ထည့်သွင်းပြောဆိုသွားပါတယ်။ ဖွံ့ဖြိုးမှုတွေ၊ လူ့အခွင့်အရေးကို လေးစားလိုက်နာမှုတွေနဲ့ လူမှုအသိုင်းအဝန်း အားလုံးကို အကာအကွယ်ပေးတဲ့ အစီအစဉ်တွေနဲ့ ရခိုင်ပြည်နယ်မှာ ကြုံနေရတဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ လိုအပ်ကြောင်း အင်ဒိုနီးရှားသမ္မတ Joko Widodo က ဒီကနေ့ လွှတ်တော်မှာ ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။
အင်ဒိုနီးရှားနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံက ပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည် ၁၈၀၆ ယောက်ကို ခိုလှုံခွင့်ပေးထားပီး မြန်မာနိုင်ငံအတွင်း စာသင်ကျောင်းဆောက်တာတွေ အပါအဝင် အကူအညီတွေပေးအပ်နေကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ မူဆလင်အများဆုံးရှိရာ အင်ဒိုနီးရှားနိုင်ငံမှာ ဘာသာရေး လွတ်လပ်စွာကိုးကွယ်နိုင်ခွင့်နဲ့ ကိုးကွယ်ယုံကြည်မှု မတူကွဲပြားသူတွေအပေါ် အကာအကွယ်ပြုရေး တစိုက်မတ်မတ်ဆောင်ရွက်သွားဖို့လည်း ပြောဆိုခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ အဓိက ဘာသာရေးယုံကြည်ချက်ဖြစ်တဲ့ ဒီမိုကရေစီ၊ တရားမျှတရေးနဲ့ဘုရားသခင်ကို ယုံကြည်မှုစတဲ့ စည်းမျဉ်းတွေကို ပါဝင်တဲ့ ယုံကြည်ချက်ကို ပိုခိုင်မာအောင် လုပ်ဆောင်သွားဖို့ ကတိပြုကြောင်း အင်ဒိုနီးရှား လွှတ်တော်ရှေ့မှောက်မှာ ပြောသွားတဲ့ Widodo ရဲ့ မိန့်ခွန်းထဲမှာ ပြောကြားခဲ့ပါတယ်။