သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၆ ဘာသာရေး ဖိနှိပ်မှု နိုင်ငံတွေ စာရင်းထဲ မြန်မာပါဝင်


၂၀၁၆ခုနှစ် ဇူလိုင်လက ကချင်ပြည်နယ် ဖားကန့်မြို့နယ် လယ်ပြင်ကျေးရွာရှိ ဝတ်ပြုသည့် အဆောက်အဦးကို မီးရှို့ ဖျက်ဆီးခံရပြီးနော်ကပိုင်း လုံခြုံရေး ယူထားသည့် အခြေအနေကို တွေ့ရစဉ်။ ဓါတ်ပုံ - (MOI Web Portal)
၂၀၁၆ခုနှစ် ဇူလိုင်လက ကချင်ပြည်နယ် ဖားကန့်မြို့နယ် လယ်ပြင်ကျေးရွာရှိ ဝတ်ပြုသည့် အဆောက်အဦးကို မီးရှို့ ဖျက်ဆီးခံရပြီးနော်ကပိုင်း လုံခြုံရေး ယူထားသည့် အခြေအနေကို တွေ့ရစဉ်။ ဓါတ်ပုံ - (MOI Web Portal)

ဘာသာရေး လွတ်လပ်ခွင့် ဖိနှိပ်မှုတွေ ရှိနေဆဲ နိုင်ငံတွေ စာရင်းမှာ မြန်မာနိုင်ငံ ပါဝင်နေဆဲဖြစ်ပြီး CPC (Country of Particular Concern) လို့ခေါ်တဲ့ အထူးစိုးရိမ်ဖွယ်ရာ နိုင်ငံအဖြစ် သတ်မှတ်ခံထားရဆဲ ဖြစ်ကြောင်း မနေ့က ထုတ်ပြန်တဲ့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ၂၀၁၆ ခုနှစ် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံနဲ့ လက်နက်ရောင်းဝယ်မှု အမေရိကန်က ပိတ်ပင်ထားတာကို ဆက်လက်ပြီး ထားရှိမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ မအင်ကြင်းနိုင်က ဆက်ပြီးတင်ပြမှာပါ။

ကမ္ဘာတဝှမ်း နိုင်ငံပေါင်း ၁၉၉ နိုင်ငံတို့က ဘာသာရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ၂၀၁၆ နှစ်ပတ်လည် အစီရင်ခံစာကို အင်္ဂါနေ့က ထုတ်ပြန်ခဲ့ရာမှာဝန်ကြီး Rex Tillerson က ဘာသာရေးလွတ်လပ်ခွင့်အခြေအနေဟာ စိုးရိမ်ရဆဲဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“ ဘာသာရေးနှိပ်ကွပ်မှုနဲ့ သည်းခံနိုင်မှု နည်းပါးခြင်းဟာ ဒီကနေ့ သိပ်ကို ထင်ရှားနေဆဲ ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်း နီးပါးဟာ ဘာသာရေး ကန့်သတ်မှုတွေ ဘာသာရေး အခြေခံတဲ့ ရန်လိုမုန်းထားမှုတွေရဲ့ အောက်မှာ နေထိုင်ကြရတာ ဖြစ်ပါတယ်။ ဘာသာရေး လွတ်လပ်မှုကို ကာကွယ်စောင့်ရှောက် နိုင်ခြင်း မရှိရင် တည်ငြိမ်မှု နည်းပါးမယ်။ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရှိနေမယ်။ အစွန်းရောက်တွေက အခွင့်ရေးယူပြီး ခြေကုပ်ယူကြမှာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို ကျနော်တို့ အနေနဲ့ လစ်လျူရှုမထားနိုင်ပါဘူး။ကမ္ဘာတဝှမ်း ဘာသာရေး လွတ်လပ်မှု တိုးတက်စေဖို့ ဒီအခြေအနေတွေကို သမ္မတ ထရမ့် အစိုးရက ဖြေရှင်းပေးဖို့ သံဓိဌာန် ခိုင်မာပါတယ်။ ”

ဘာသာရေး လွတ်လပ်ခွင့် အဆိုးဆုံး (၇) နိုင်ငံတွေကတော့ အီရန်၊ ဆော်ဒီအာရေဗျ၊ တူရကီ၊ ဘာရိန်း၊ တရုတ်၊ ပါကစ္စတန်နဲ့ ဆူဒန်ဖြစ်ကြပြီး ဒီနိုင်ငံတွေမှာ ဘာသာရေး ကိုးကွယ်မှုကြောင့် အကျဉ်းချတာ၊ ကွက်မျက်တာ၊ နှောင့်ယှက် ဟန့်တားတာတွေ ပြုလုပ်နေတဲ့ အကြောင်း Tillerson က ထောက်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံ အနေနဲ့ ကတော့ CPC လို့ခေါ်တဲ့ အထူးစိုးရိမ်နေရဆဲ နိုင်ငံစာရင်းထဲမှာ ရှိနေပါတယ်။ ၂၀၁၆ ခုနှစ် အတွင်း မြန်မာနိုင်ငံမှာ လူနည်းစုကိုးကွယ်တဲ့ ဘာသာဝင်တွေ အပေါ် အကြမ်းဖက် တိုက်ခိုက်မှု၊ သူတို့ ကိုးကွယ်တဲ့ ဘာသာရေး အဆောက်အဦးတွေ ဖြိုချဖျက်စီးခံရမှု၊ ဘာသာရေး မုန်းတီးအောင် လှုံဆော်မှုတွေ ရှိနေကြောင်း ဖေါ်ပြထားပါတယ်။

လက်ရှိ NLD အစိုးရလက်ထက်မှာ လူနည်းစုကိုးကွယ်တဲ့ ဘာသာဝင်တွေရဲ့လုံခြုံရေးကို ဥပဒေအရ အကာအကွယ်ပေးဖို့ အားနည်းနေဆဲ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘာသာပေါင်းစုံ လူငယ်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဥက္ကဌ ကိုရှိုင်းက ပြောပါတယ်။

“ ဘာသာရေး အစွန်းရောက်တဲ့ အဖွဲ့တွေကလည်း ဒီ NLD အစိုးရကို သွေးတိုးစမ်းတဲ့ အပိုင်းတွေက တော်တော်လေးကို များလာတယ်။ အခု ဘယ်လောက်အထိ အခြေအနေက ဖြစ်လာတုန်း ဆိုတော့ တခြား အရင်နှစ်တွေက ဆိုရင် နယ်တွေ နယ်တွေမှာ ဖြစ်လာရာကနေ ပြီးတော့မှ ဒီနှစ် ၂၀၁၇ ခုနှစ်ထဲမှာ ရန်ကုန်မြို့ထဲ အထိကို ဝင်လာတဲ့ အနေအထားကို ရှိတယ်။ ကျနော်တို့ သာကေတမှာ ဖြစ်တယ်။ နောက်ပြီးတဲ့ အခါ ကြတော့ ဒီ တောင်ညွန့်မှာ ဖြစ်သွားတယ်ပေါ့နော်။ နောက် ဒီသင်္ဃန်းကျွန်းဘက်မှာ ဆိုရင်လည်း ကြိုကြားကြိုကြားလေးတွေ ဖြစ်လာတာရှိတယ်။ ဒါပေမဲ့ အဲလိုဖြစ်လာတဲ့ ဖြစ်စဉ်တွေ အပေါ်မှာ အစိုးရဘက်က ကိုင်တွယ်မှု အခြေအနေကတော့ အခုအချိန်အထိ အားနည်းနေသေးတာ တွေ့ရတယ်ပေါ့။ သာကေတမှာ ဖြစ်သွားတဲ့ ကိစ္စမျိုးဆိုရင် တကယ့်တကယ်မှာ ဆိုရင် အစိုးရက တရားဥပဒေနဲ့ ထိထိရောက်ရောက်ကို သူ့အနေနဲ့ ထိန်းသိမ်းလို့ ရပါရဲ့နဲ့ သူ့အနေနဲ့ မထိမ်းသိမ်းနိုင်ခဲ့တဲ့ အခြေအနေမျိုးကို တွေ့တယ်။ အဲ့တော့ ဒီလိုမျိုးတွေ ဖြစ်လာတဲ့ အပေါ်မှာ တဖက်ကလည်း ပိုပိုပြီးတော့မှ သူက အကဲစမ်းလာတဲ့ ပုံစံမျိုးတွေ သွားတွေ့ရတယ်။ ”

အလားတူ လူနည်းစုကိုးကွယ်တဲ့ ဘာသာရေး ဘုရားရှိခိုးကျောင်း အဆောက်အဦးတွေ တည်ဆောက်ခွင့်မှာလည်း ကန့်သတ်မှုတွေ ရှိနေတာနဲ့ ပတ်သက်လို့ အမေရိကန် အခြေစိုက် မြန်မာ- ကက်သလစ် ဘုန်းတော်ကြီး Timothy Hkui Shing Ling ကအခုလို ပြောပါတယ်။

“ ဥပမာ ကျနော်တို့ ဘုရားကျောင်း ဆောက်တဲ့အခါမှာ လွတ်လွတ်လပ်လပ် ဆောက်လို့ မရတာ။ ကတ်သလစ် အသင်းတော် အနေနဲ့ ပြောတာနော်။ ပြီးတော့ ကျနော်တို့ စာသင်ကျောင်းတွေ ဖွင့်တဲ့အခါမှာ သိပ်ပြီးတော့မှ လွတ်လွတ်လပ်လပ် ဒီမိုကရေစီ မရခင်ကတည်းက သိပ်မရှိခဲ့သေးတာ။ ”

အမေရိကန် နိုင်ငံခြားရေးဌာနရဲ့၂၀၁၆ ခုနှစ် အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံမှာ ဘာသာရေး ပွဲတော်တွေနဲ့ ပတ်သက်လို့ ခွဲခြားဖိနှိပ်မှုတွေ ရှိနေကြောင်း ဖေါ်ပြထားပါတယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ အစ္စလာမ် ဘာသာဝင်တွေရဲ့တမန်တော်နေ့ အခမ်းအနားကို နှစ်ပေါင်းများစွာ ကျင်းပလာရာမှာ အခုနောက်ပိုင်း အခက်အခဲတွေ ရင်ဆိုင်ရတဲ့ အခြေအနေကို ကိုရှိုင်းက အခုလိုပြောပါတယ်။

“ ဒီအစ္စလာမ် ဘာသာဝင်တွေရဲ့ ကျနော်တို့ရဲ့ ဒီတမန်တော်နေ့ အခမ်းအနားပေါ့။ ဒါ နှစ်စဉ်နှစ်တိုင်း ဟိုးရှေး ဘုရင်မင်းမြတ်တွေ လက်ထက်ကတည်းက နေပြီးတော့မှ တနိုင်ငံလုံး ကျင်းပလာခဲ့တာပေါ့။ ဒီတမန်တော်နေ့ အခမ်းအနားကို ဆိုရင် နောက်ပိုင်းမှာ ဒီမျိုးချစ်အမည်ခံ အဖွဲ့တွေက နေပြီးတော့မှ လာရောက်တားဆီးတယ်။ သူတို့က နေပြီးတော့မှ လူအုပ်နဲ့ လာပြီးတော့ ဆန့်ကျင် ဆန္ဒပြတာတွေ လုပ်ပြီဆိုရင် အစိုးရက နေပြီးတော့ ဒီပွဲကို ပိတ်သိမ်းဖို့ ဆိုပြီးတော့မှ လုပ်လာတယ်။ ဒါဟာလုံး၀ တရားနည်းလမ်းမကျဘူး တရားဥပဒေနဲ့ လုံးဝကို မညီညွတ်ဘူး။”

အစီရင်ခံစာထဲမှာ ၂၀၁၆ ခုနှစ် အတွင်း ဘာသာရေး အကြမ်းဖက်မှုတွေထဲ ထင်ရှားတဲ့ ဖြစ်ရပ်တွေ အဖြစ် ဇွန်လက ပဲခူးတိုင်း ဝေါမြို့နယ် သူရဲသမိန် ကျေးရွာမှာအစ္စလာမ် ဘာသာဝင်တွေရဲ့နေအိမ်တွေနဲ့ ဘာသာရေး အဆောက်အဦး တခု ကို အကြမ်းဖက် အုပ်စုက ဖျက်ဆီးပြီး မွတ်စလင် ရွာသားတချို့ ထိခိုက် ဒဏ်ရာရခဲ့တဲ့ဖြစ်ရပ်၊ အဲဒီနောက် ဇူလိုင်လမှာ ကချင်ပြည်နယ် ဖားကန့် လုံးခင်းဘက်မှာ ယာယီ ဗလီ ဝတ်ပြုကျောင်း အဆောက်အဦးကို ရာချီတဲ့လူအုပ်က မီးရှို့ဖျက်စီးခဲ့တာတွေကို ဖေါ်ပြထားပါတယ်။

Myanmar Religious Tensions
Myanmar Religious Tensions

ရခိုင်ပြည်နယ်က လူနည်းစု မွတ်စလင်တွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့လည်း အစီရင်ခံစာမှာ အကျယ်တဝင့် ဖေါ်ပြထားပါတယ်။ ၂၀၁၆ခုနှစ် အောက်တိုဘာလ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လုံခြုံရေးစခန်းတွေ အကြမ်းဖက် တိုက်ခိုက်ခံရပြီး နောက်ပိုင်း အဲဒီမှာရှိတဲ့ ရိုဟင်ဂျာ မွတ်စလင် တွေအပေါ် လုံခြုံရေး အကြောင်းပြချက်နဲ့ ပိုပြီး ခွဲခြားဖိနှိပ်မှု၊ အကြမ်းဖက်မှုတွေကို လုံခြုံရေးတပ်တွေက ကျူးလွန်ခဲ့ကြတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ မနှစ် အောက်တိုဘာလနဲ့ နိုဝင်ဘာလ နောက်ပိုင်း ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးသူပေါင်း ခန့်မှန်းခြေ ၇၀,၀၀၀ လောက်ရှိပြီး အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ ပုန်းအောင်း ခိုလှုံနေကြသူပေါင်း ၂၃,၀၀၀ လောက်ရှိပါတယ်။

၁၉၉၈ ခုနှစ်က ထုတ်ပြန်တဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ဥပဒေအရ မြန်မာနိုင်ငံဟာ ၁၉၉၉ ခုနှစ်ကတည်းက စလို့ ဘာသာရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး CPC လို့ခေါ်တဲ့ အထူး စိုးရိမ်နေရဆဲ နိုင်ငံစာရင်း သတ်မှတ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက လက်နက်ရောင်းချမှုပိတ်ပင်တဲ့ ဒဏ်ခတ်အရေးယူမှုနဲ့အတူမြန်မာနိုင်ငံကို CPC နိုင်ငံအဖြစ် ပြန်သတ်မှတ်ခဲ့ကြောင်းလည်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ဘာသာရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး အမေရိကန်သံရုံးက အဆင့်မြင့် အစိုးရအရာရှိတွေဟာ မြန်မာအစိုးရ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့သလို ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့လည်း စိုးရိမ်ရတဲ့ ရခိုင်နဲ့ ကချင် ပြည်နယ်တွေကို သွားရောက်ခဲ့ပြီး ဒေသခံအာဏာပိုင်တွေ၊ NGO တွေ၊ ဘာသာရေး အဖွဲ့အစည်းတွေ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ရန်ကုန်နဲ့ မန္တလေးတို့မှာလည်း လူငယ်နဲ့ ဘာသာရေး သည်းခံမှု ထောက်ခံအားပေးတဲ့ အရပ်ဖက်၊ လူ့အဖွဲ့အစည်းတွေ ကြား ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

NLD အစိုးရလက်ထက် ဘာသာရေးနဲ့ ပတ်သက်လို့ ထူးခြားတိုးတက်မှုတွေထဲမှာ ဘာသာရေး၊ လူမျိုးရေး မုန်းတီးအောင် လှုံ့ဆော်နေတဲ့ မဘသ အဖွဲ့ကြီးကို တားမြစ်ပိတ်ပင်နိုင်ခဲ့တဲ့ အချက် အစီရင်ခံစာထဲမှာ ထည့်သွင်းဖေါ်ပြထားပါတယ်။ ဒါ့အပြင် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့တွေကို ပြည်နယ်နဲ့ တိုင်းအနှံ့ ဖွဲ့စည်းခွင့်ပြုပြီး လူ့အဖွဲအစည်းတွေ အချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေး ကြိုးပမ်းချက်တွေ ကိုလည်း အသိအမှတ်ပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG