သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်ပန်းတောင်းအဖျက်ခံအိမ်ရှင်နဲ့ ဆက်သွယ်မေးမြန်းချက်


 ကျောက်ပန်းတောင်းမြို့နယ်ထဲမှာ ဆောက်လက်စအဆောက်အဦးတခုဖျက်ဆီး (credit Ko Myo Ko Ko )
ကျောက်ပန်းတောင်းမြို့နယ်ထဲမှာ ဆောက်လက်စအဆောက်အဦးတခုဖျက်ဆီး (credit Ko Myo Ko Ko )

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်ထဲမှာ ဆောက်လက်စအဆောက်အဦးတခုကို ဗလီဆောက်နေတယ်ဆိုပြီး လူစုလူဝေးနဲ့ ဝိုင်းဝန်းဖိအားပေးတောင်းဆိုခဲ့တဲ့အတွက် ဖြိုချဖျက်ဆီးပစ်လိုက်တဲ့ကိစ္စကို အိမ်ရှင်ဖြစ်သူက သူ့ရဲ့နစ်နာမှုနဲ့ စိုးရိမ်စရာလုံခြုံရေးအတွက် သက်ဆိုင်တဲ့တာဝန်ရှိသူတွေ တာဝန်ယူဖြေရှင်းပေးဖို့ မေတ္တာရပ်ခံတောင်းဆိုလိုက်ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ အကြောင်းရင်းတွေကို တာဝန်ရှိသူတွေ တိတိကျကျစုံစမ်းစစ်ဆေးနေတယ်၊ မလိုလားအပ်တဲ့ တခြားပြသနာတွေ မဖြစ်ပွားဖို့ သတိရှိကြစေလိုတယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်က လူမှုကွန်ရက်စာမျက်နှာကပြောဆိုထားပါတယ်။

ဇူလိုင်လ ၂၇ရက်နေ့ညက အဖြိုဖျက်ခံလိုက်ရတဲ့ ဆောက်လက်စအိမ်ပိုင်ရှင်ဖြစ်သူ ဓာတ်ပုံနဲ့ဗီဒီယိုရိုက်ကူးရေးလုပ်ငန်းလုပ်ကိုင်သူ ဒါရိုက်တာအောင်မင်း ခေါ် ကိုဟန်မင်းဦးကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါ သူက အဖြစ်အပျက်ကို အခုလိုစပြောပြပါတယ်။

“ဒီအဆောက်အဦးဆောက်ရတဲ့ရည်ရွယ်ချက်က ကျနော်တို့ ရုပ်ရှင်နဲ့ ဗွီဒီယို ရိုက်ကူးရေးလုပ်ပါတယ်။ မှတ်တမ်းတွေလည်း ရိုက်ပါတယ်၊ အလှူပွဲလမ်းမင်္ဂလာဆောင် ၊ စသဖြင့်ပေါ့နော် တီးဝိုင်းပေါ့နော် အဲဒီတွေရိုက်ဖို့အတွက် Hall ကို ကျနော်အပေါ်မှာ တဝက်လုပ်ထားတယ်ခင်ဗျ။ အောက်ကနေကြည့်လိုက်ရင် အခုံးတပ်ဖို့အတွက် အဝိုင်းထည့်ထားပါတယ်ခင်ဗျ။ အဲဒီမှာပဲ ဗလီ အဆောက်အအုံတခု ဆိုပြီးတော့ ဗလီလို့ပဲ ထင်ရောင်ထင်မှားဖြစ်ကြတာပေါ့နော်။

မဆုမွန်။ ။ဟုတ်ကဲ့ ဒီအဆောက်အဦးကိုဆောက်ဖြစ်တာရော ဘယ်လောက်များကြာပြီလဲရှင့်။

ကို အောင်မင်း ။ ။ ဒီအဆောက်အဦး ကိုဆောက်ဖြစ်တာက သင်္ကြန်ပြီးမှ ဆောက်ဖြစ်တာ ခင်ဗျ အခုနှစ်ပေါ့နော် ။ ဒီအဆောက်အဦးက မပြီးသေးဘူးခင်ဗျ လက်တလောဝင်လုပ်တယ်။ ဘုရားခန်းထုတ်ဖို့လည်း ၅ ပေ ၄ ပေ တောင်ဘက်မှာ အပေါက်ဖောက်ထားပါတယ်။

မဆုမွန်။ ။ ကို အောင်မင်းအနေနဲ့ အခုလို လူအုပ်စုကနေပြီးတော့ ဒီမှာ ဗလီဆောက်တယ်၊ ဗလီနဲ့တူတယ်ဆိုပြီးတော့ ဒီလိုဖျက်ဆီးခံရတဲ့အခါကျတော့ ဘယ်လိုကြောင့် ဒီအဖြစ်အပျက်ဖြစ်သွားတယ်လို့ ထင်ပါသလဲ။ ဒီအဆောက်အဦးကို ဘာကြောင့်များ ဖျက်ဖို့အထိ သူတို့ဘက်က တိုက်တွန်းဖိအားပေးမှုတွေ ဖြစ်လာတယ်လို့ ထင်ပါသလဲ။

ကိုအောင်မင်း ။ ။ ဒီအဆောက်အဦးဖျက်မယ်ဆိုတဲ့ ရက်ပိုင်းမှာ ကျနေ်ာမရှိဘူးခင်ဗျ ။ ကျနော် ၂၂ ရက်နေ့ကနေစပြီးတော့ မုံရွာ၊ ဘုတလင်နယ်ဘက်ကို ကျနော်ထွက်သွားပါတယ်။ ကျနော့်အမျိုးသမီး ရဲ့ ဦးလေးကို ကျနော့်အိမ်မှာ ခေတ္တပေါ့နော် စောင့်ခိုင်းထားပါတယ် ။ ကျနေ်ာအိမ်နီးနားချင်းတွေကိုလည်း မှာခဲ့ပါတယ် ကျနော်ဒီလိုပဲ သွားရမှာဖြစ်သည့်အတွက် ကျနော့်ကို တချက်လောက်စောင့်ကြည့်ပေးကြပါဦး။ ဆိုပြီးတော့ မှာခဲ့တယ် ဟိုမှာ ၂၅ ရက်နေ့ ရိုက်နေတုန်း ဒီအိမ်ကို ဗလီလားမသိဘူးဆိုပြီး အဖွဲ့အစည်းတခုက လာကြည့်သွားတယ်လို့ ပြောတယ်ခင်ဗျ။ လာကြည့်သွားတယ်လို့ ပြောတဲ့အချိန်မှာ ကျနေ်ာက စည်ပင်ကလားဆိုတော့ စည်ပင်ကတော့ မဟုတ်ဘူးတဲ့ ၊ စည်ပင်ကမဟုတ်ဘူးဆိုရင်တော့ ကျနေ်ာစိတ်အေးလက်အေးနဲ့ ကျနော်လုပ်စရာရှိတာတွေကို ကျနော်ဆက်လုပ်ပါတယ် မနေ့မနက်လည်းရောက်ရော ကျနော့်ဆီကို ဖုန်းတွေအများကြီးလာတယ် ၊ ကျနော့်အိမ်ကရော၊ အိမ်နီးနားချင်းတွေကရောပေါ့နော် ။ ကျနော့်အိမ်ကို ဗလီထင်ပြီးတကယ်လူတွေဖျက်မယ် ရုတ်ရုတ်သဲသဲဖြစ်နေကြပြီ။ အဲဒီအချိန်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ နဲ့ ကျနော့်မိဘတွေကိုလည်း စေလွှတ်တဲ့အခါကျတော့ ၁၅ ယောက်၊ အယောက် ၃၀ လောက်ပဲရှိတဲ့အတွက် ပြေလည်သွားကြပါတယ်။ အုပ်ချုပ်ရေးမှူးကလည်း ပြန်ပြီးတော့ အစီရင်ခံစာတွေ ရေးတော့မယ် ပြန်ခါနီး စဲစဲမှာ လူတွေက ရုတ်ရုတ်သဲသဲဖြစ်လာပြီးတော့ မနိုင်တော့ဘူးပေါ့နော် ကျနေ်ာ့ဆီကိုလည်း အားလုံးနဲ့လည်း အဆက်အသွယ်ရတော့ မနိုင်တော့ဘူး ဖျက်မှကို အဆင်ပြေမှာလို့ပြောပါတယ်။ ကျနော်က ဖျက်မှကို အဆင်ပြေမှာဆိုတာက ဘာအကြောင်းအရင်းလဲလို့ မေးပါတယ်။ မေးတော့ စည်ပင်သာယာက ငါ့ညီတို့အတိုင်းအတာနဲ့ ဒီအဆောက်အဦးဆောက်မယ်ဆိုတော့ တည်ဆောက်ခွင့်တင်လားလို့မေးတယ်၊ တည်ဆောက်ခွင့်ကတော့ ကျနော်နားမလည်လို့မတင်ဘူး ဒါပေမယ့် ကျနော်ဆောက်လုပ်နေတဲ့အချိန်မှာပဲ ကျနော့်ဆီကို စာတွေလာမလားဆိုပြီးတော့ မျှော်လင့်မိပါတယ် သို့သော် ရောက်မလာပါဘူး။ ကိုယ့်အဆောက်အဦးခင်ဗျ ကျနော့်မှာ မရှိရှိတာလေးကို စုဆောင်းပြီးတော့ ကျနော်လုပ်လာခဲ့တဲ့အတိုင်းဆိုတော့ ကျနော့်ကတော့ အရမ်းဝမ်းနည်း ပူဆွေးသောက ဖြစ်မိပါတယ်။ အဲဒီအချိန်မှာ ကျနော့်အနေနဲ့ကတော့ တားပါတယ် ကျနော်ပြန်လာတာကို စောင့်ပေးပါ၊ ကျနော်ပြန်လာနေပါပြီလို့ပြောတာကို လုံး၀ လက်သင့်မခံပဲနဲ့ ဖျက်မှ ရမယ်ဆိုတဲ့ လူတချို့ရဲ့အသံတွေကို ဖုန်းနဲ့ ကြားရတယ်။

မဆုမွန်။ ။အဲဒီတော့ ခရီးကပြန်အလာမှာ ကိုယ်ဆောက်လက်စ အဆောက်အဦးကလည်း ဖြိုချဖျက်ဆီးခံလိုက်ရတယ်ဆိုတော့ ကိုအောင်မင်းအနေနဲ့ ရောက်လာတဲ့အချိန်မှာ သက်ဆိုင်တာဝန်ရှိတဲ့သူတွေ ၊ အဲဒီနေရာမှာ လုံခြုံရေးယူထားတဲ့သူတွေနဲ့ ဘယ်လိုဆက်ပြီးဆောင်ရွက်ဖြစ်ခဲ့ပါသလဲ။

ကိုအောင်မင်း ။ ။ကျနော်လက်ရှိ အဲဒီကို ရောက်သွားဖို့ ဆိုတာထက် ကျနော်အဲဒီကို လုံးဝသွားလို့ မရပါဘူး။ ကျနော့်ကို ကုလားဆိုပြီး ချက်ချင်းရိုက်သတ်မယ့်အနေအထားမျိုးမှာရှိနေတယ်။ ဒါပေမယ့် ကျနော်ကုလားမဟုတ်ဘူးဆိုတာလည်း သိတယ်၊ ကျနော့်အနေနဲ့ တမင်လုပ်ကြံခံရတယ်လို့ ယူဆပါတယ်။ ကျနော့်အိမ်မှာ ဗလီနဲ့ တူတာလည်း ဘာတခုမှမရှိဘူး ဘယ်လိုသတ်သေအထောက်အထားလည်းမရှိဘူး။ ဘာသာတရားနားလည်လားမသိဘူး နိုင်ငံရေးသမား နားမလည်တဲ့လူတွေရှိနေတော့ ကျနေ်ာ့အသတ် အန္တရာယ်စိုးရိမ်ရတော့ ကျနော်အဲဒီကိုတောင်မသွားပါဘူးခင်ဗျ အခုအချိန်အထိ ကျနော်တခေါက်မှ မရောက်သေးပါဘူးခင်ဗျ။

မဆုမွန်။ ။အဲဒီတော့ သတ်ဆိုင်တဲ့ တာဝန်ရှိသူတွေကရော ဦးအောင်မင်း ကိုလာရောက်ဆက်သွယ်တာရှိပါသလား။

ကိုအောင်မင်း ။ ။ကျနော့်ရပ်ကွက်အုပ်ချုပ်ရေးမှူး ကတော့ ကျနော့်ဆီကို ဒီမနက် အဆက်အသွယ်လုပ်ပါတယ်ခင်ဗျ။ အဆက်အသွယ်လုပ်ပြီးတော့ ကျနော့်ဆီက Data တချို့ကို ယူပါတယ်ခင်ဗျ ။ ကျနော့်မိဘ ဘိုးဘွားပေါ့နော် ၊ ဘယ်မှာနေတယ် လက်ရှိဘာတွေလုပ်တယ် အားလုံးကို data တချို့ပြထားပါတယ်။ အခုလက်ရှိ ကျနေ်ာအဲဒါတွေကို ဆောင်ရွက်လျက်ပါပဲခင်ဗျ။

မဆုမွန်။ ။လူအုပ်စုနဲ့ ကိုယ့် ကိုယ်ပိုင်အိမ်တခုကို အဲလိုဖျက်ဆီးခံခဲ့ရတဲ့အပေါ်မှာပေါ့ ၊ တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေလုံခြုံရေး နဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်တဲ့ တာဝန်ရှိတဲ့လူတွေကို အိမ်ရှင်တယောက်၊ နိုင်ငံသားတယောက်အနေနဲ့ ဘာများတောင်းဆိုချင်တာ ရှိပါသလဲ။

ကိုအောင်မင်း း။ ။ကျနော်အထူးသဖြင့်တောင်းဆိုချင်တာကတော့ ကျနော့်ရင်ထဲက ရှိတဲ့ စကားအမှန်ဆိုရင်တော့ အဲဒီအိမ်ကို ကျနော်က ငွေမပြည့်စုံတဲ့ကြားထဲကနေပြီးတော့ ကျနော့်အိမ်မက်၊ ကျနော့်ရည်မှန်းချက်တွေ အကောင်အထည်ဖော်ရမှာဖြစ်တဲ့အတွက် ကျနေ်ာအရမ်းဝမ်းနည်းမိပါတယ်ခင်ဗျ။ နှမြောလည်းနမြောမိပါတယ်။ အခုကျနော်ဆုံးရုံးသွားတဲ့ ဟာဆိုရင် ပြီးသွားပြီး ကျနော့်ဘ၀ ပျက်ပြီ ကျနော်အခုလက်ရှိ နေရထိုင်ရဖို့အတွက် အရမ်းကို အခက်အခဲဖြစ်ပြီ အဲဒီတွေကို ဘယ်သူက ဘာ တာဝန်ယူမလဲဆိုတာကို ကျနော်သိချင်ပါတယ်။ နောက်ပြီးတော့တခုရှိတာက ကျနော့်အိမ်ကို ဖျက်သွားတယ်၊ ဖျက်သွားတဲ့အတိုင်းအတာမှာဆိုရင် လူအများစု စိတ်ချမ်းသာဖို့အတွက် ခေတ္တယာယီအဆင်ပြေဖို့အတွက် ဖျက်သွားတာလို့ ကျနေ်ာကောက်ချက်ချပါတယ် ။ ကျနော်မြန်မာ နိုင်ငံသားတယောက်အနေနဲ့ ကိုယ်ပိုင်အခွင့်အရေးရော မရှိတော့ဘူးလား။ နောက်ပြီးတော့ ဒီမြို့နယ်၊ အဆောက်အဦး တည်ဆောက်ခွင့် မတင်တာနဲ့ပဲ အဆောက်အဦးက အခုရပ်၊ အခုဖျက် အခုပိတ် ဆိုတာဖြစ်တာကိုတော့ ကျနော်အရမ်းဝမ်းနည်းမိတယ်ခင်ဗျ။

ကျောက်ပန်းတောင်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌဦးဖြိုးတင့်ခိုင်ကတော့ မြို့နယ်ထဲမှာ အခြေအနေတွေဟာ လောလောဆယ်တည်ငြိမ်သွားပြီဖြစ်ပြီး ဒီကနေ့ ဇူလိုင်လ ၂၈ ညနေပိုင်းမှာ ရက်ကွက်အုပ်ချုပ်ရေးမှူးတွေကတဆင့် အိမ်ရှင်ဖြစ်သူကို သွားရောက်တွေ့ဆုံခဲ့ပြီးတော့ ဥပဒေပိုင်းဆိုင်ရာ ဆက်လက်ဆောင်ရွက်မယ့်ကိစ္စတွေ ဆက်ပြီးတော့ညှိနှိုင်းဆောင်ရွက်သွားဖို့ရှိတယ်လို့ ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG