သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်ပန်းတောင်း အဆောက်အဦးဖြိုချမှု AHRC အမြင်


ကျောက်ပန်းတောင်း အဆောက်အဦးဖြိုချ (ဓါတ်ပုံ Thanminn Tin facebook)
ကျောက်ပန်းတောင်း အဆောက်အဦးဖြိုချ (ဓါတ်ပုံ Thanminn Tin facebook)

ကျောက်ပန်းတောင်းမြို့မှာ ဗလီလို့ သံသယရှိတဲ့ ဆောက်လက်စ အဆောက်အဦးတခုကို လူထုရဲ့ဝိုင်းဝန်း တောင်းဆိုချက်အရ၊ အာဏာပိုင် တွေက ဖျက်ချလိုက်တာဟာ မဖြစ်သင့်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဟောင်ကောင်အခြေစိုက် AHRC အာရှလူ့အခွင့်အရေး ကော်မရှင်က ပြောဆို လိုက်ပါတယ်။ စည်ပင်သာယာရဲ့ ခွင့်ပြုချက်မရပဲ ဆောက်လုပ်နေတဲ့ အဲဒီအဆောက်အဦကို ဇူလိုင်(၂၇) ကြာသပတေးနေ့ညက အာဏာပိုင် တွေက ဖျက်ချခဲ့တာဖြစ်ပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့သာယာအေးရပ်ကွက်၊ ကျန်စစ်သားလမ်းထောင့်မှာ မွတ်ဆလင်တွေဝတ်ပြုမယ့် ဗလီတခု ဆောက်လုပ် နေတယ်ဆိုပြီး သတင်းတွေ ပျံ့နှံ့ခဲ့ရာက မြို့ခံလူထုက ဒီအဆောက်အဦးကို ဖျက်ချပေးဖို့ ဝိုင်းဝန်းတောင်းဆိုကြပြီး နောက်ပိုင်းမှာ အာဏာပိုင် တွေက ဇူလိုင်(၂၇)ညမှာ ဖျက်ချပေးလိုက်ရကြောင်း ကျောက်ပန်းတောင်း မြို့နယ်စည်ပင်သာယာ ဥက္ကဋ္ဌ ဦးဖြိုးတင့်ခိုင်က VOA ကိုပြော ပါတယ်။

“ညနေ ၂ နာရီ ၃ နာရီလောက်က သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ကျနော်တို့ကို ဖုန်းဆက်တဲ့အတွက် ကျနော်တို့ဌာနရော၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ နယ်မြေအာဏာပိုင်တွေနဲ့ အတူတကွ သွားရောက်စစ်ဆေးပြီးတော့ ဆက်လက်ဆောက်လုပ်ခွင့်မပြုဖို့ တားမြစ်ထားပါတယ်။ အဲဒီတားမြစ်ထားတဲ့ နောက်ပိုင်းမှာ ပြည်သူလူထုအနေနဲ့ တစတစကျယ်ပြန့်ပြီးတော့ စုစုရုံးရုံးဖြစ်လာတာပေါ့နော် ၊ ခရိုင်အဆင့်မြို့နယ်အဆင့် သံဃာတော်တွေကအစ လွှတ်တော်ကိုယ်စားလှယ်တွေအကြိမ်ကြိမ်ပါဝင် တားဆီးဖို့ကြိုးကြောင်းရှင်းပြပါတယ်ခင်ဗျ။ မြို့နယ်ပြည်သူလူထုက လက်မခံတာကြောင့် ကျနော်တို့က ဖျက်ပစ်ရတာပေါ့နော် ။ နောက်ပြီးတော့ သက်ဆိုင်ရာ စည်ပင်မှာလည်း တင်ထားတာမရှိဘူးခင်ဗျ ။ မြို့နယ်ပြည်သူလူထုက စည်းရုံးပြီးတော့ ဆူပူမှုပြုမှာစိုးရိမ်တဲ့အတွက် ကျနော်တို့ ဌာနဆိုင်ရာတွေက ဆုံးဖြတ်ပြီးတော့ ဖျက်ပေးလိုက်ရတာပါ။”

လူအုပ်စုနဲ့ တောင်းဆိုတာကြောင့် ဖျက်ဆီးရတယ်ဆိုတဲ့ လုပ်ရပ်ကတော့ မဖြစ်သင့်ဘူးလို့မြင်ကြောင်း AHRC အာရှလူ့အခွင့်အရေးကော်မရှင် ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

“အဲဒီလိုမျိုးလူအုပ်က တောင်းဆိုတဲ့အတွက် အစိုးရတရပ်အနေနဲ့ ဒါဖျက်ဆီးပစ်တယ် ဆိုတာမျိုးကတော့ မဖြစ်သင့်ဘူးလို့ ကျနော်မြင်ပါတယ်။ ဒါကတော့ ကျနေ်ာတို့ ကြားသိရသလောက်ဆိုရင် စည်ပင်သာယာဥပဒေနဲ့ ငြှိစွန်းတဲ့အတွက် နောက်ပြီးတော့တခါ ဘာသာရေးအဆောက်အအုံဆိုရင်လည်း သာသနာရေးဆိုင်ရာ ဝန်ကြီးတွေရဲ့ ခွင့်ပြုချက်ရမှသာ တည်ဆောက်နိုင်မယ့်ကိစ္စဖြစ်တယ်။ အဲဒီလိုမျိုး ဥပဒေနဲ့ ငြိစွန်းနေတဲ့အတွက်ကြောင့်သာ အာဏာပိုင်တွေကနေပြီးတော့ အခုလိုမျိုးဖျက်လိုက်တယ်လို့ ကျနော်မြင်ပါတယ်။”

အဖြိုချခံရတဲ့ အဆောက်အဦးပိုင်ရှင်ဟာ ရုပ်ရှင်ဒါရိုက်တာ ဦးအောင်မင်းရဲ့အိမ်ဖြစ်တယ်လို့ လူမှုကွန်ယက် မီဒီယာမှာ ရေးသား နေတာတွေ ရှိပေမယ့် VOA အနေနဲ့ သီးခြား အတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။ ကနဦး သတင်းတွေအရ အဲဒီအိမ်အောက်ထပ်မှာ အုတ်ရေကန် ၃ လုံး တွေ့ရတယ် ဆိုတဲ့ သတင်းတွေက အစပြုကာ သတင်းပြန့်ပြီး ခုလိုဖြစ်လာရတာလို့ သိရကြောင်း သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက သူ့ Facebook စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် အခုလို ဖြိုချလိုက်တဲ့ ကျောက်ပန်းတောင်းက အဆောက်အဥးီဟာ အများက စွပ်စွဲသလို ဗလီတခုလို့ ပြောရလောက်အောင် ခိုင်မာတဲ့ အင်္ဂါရပ်တွေ မတွေ့ရပေမယ့် ထူးခြားချက်တော့ ရှိကြောင်း မြို့နယ်စည်ပင်ဥက္ကဋ္ဌ ဦးဖြိုးတင့်ခိုင်က ပြောပါတယ်။

“အဲလိုအခိုင်အမာကြီးကတော့ ကျနော်တို့လည်းမတွေ့ဘူး။ အဆောက်အဦးပုံစံကလည်း ဆောက်လေ့ဆောက်စဉ်မဟုတ်ဘူးပေါ့ တမျိုးထူးခြားတယ်ဖြစ်နေတာပေါ့နော်။”

ကျောက်ပန်းတောင်းမြို့ဟာ မွတ်ဆလင်တွေ ဝတ်ပြုတဲ့ ဗလီကျောင်းတခုမှ မရှိတဲ့မြို့ဖြစ်တယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးရဲ့ သတင်း ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။ ဗလီမရှိတဲ့မြို့မှာ ဗလီအဖြစ် ဆောက်နေတယ်ဆိုပြီး စွပ်စွဲချက်ရဲ့နောက်ကွယ်မှာ သွေးထိုးလှုံ့ဆော်မှုတွေ ရှိနိုင်တယ်လို့ AHRC ရှေ့နေ ဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။

“ကျောက်ပန်းတောင်းဒေသက ကျနော်တို့ ဗုဒ္ဓဘာသာတော်တော်များများကိုးကွယ်ကြတဲ့ ဒေသကြီးဖြစ်တယ်။ နောက်ပြီးတော့ အဲဒီမှာ ဗလီတခုမှ မရှိဘူးဆိုတာကို ကျနော်တို့ ဟိုးရေးအစဉ်အဆက်ကတည်းက ကျနော်တို့ သိခဲ့ရပါတယ်။ အခုမှ ဗလီဆောက်တယ်ပြောဆိုပြီးတော့ ဒီလိုမမှန်မကန် သွေးထိုးလှုံ့ဆော်မှုတရပ်ဖြစ်တယ်လို့ ကျနော်မြင်ပါတယ်ခင်ဗျ။”

ကျောက်ပန်းတောင်းမှာ အခုလို လူစုလူဝေး ဖြစ်သွားရတဲ့ အကြောင်းရင်းခံကို သိနိုင်အောင် အစိုးရက စုံစမ်းနေကြောင်းနဲ့ အခြား မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ပွားရအောင် သတိရှိကြဖို့ကိုလဲ သမ္မတရုံး ပြောခွင့်ရက တိုက်တွန်းထားပါတယ်။ ဒီဖြစ်စဉ်အတွက် သတင်းအပြည့်အစုံကို နိုင်ငံပိုင်မီဒီယာကနေ ထုတ်ပြန်ပေးသွားမယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG