သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေးအဆောက်အဦး ဖျက်ဆီးမှု အရေးယူရေး လူထုအခြေပြုအဖွဲ့တွေ တောင်းဆို


သူရဲသမိန်ကျေးရွာက ဗလီ ဖျက်စီးခံရခဲ့စဉ် (ဇွန်လ ၂၃ ရက်)
သူရဲသမိန်ကျေးရွာက ဗလီ ဖျက်စီးခံရခဲ့စဉ် (ဇွန်လ ၂၃ ရက်)

ပြီးခဲ့တဲ့ ရက်သတင်းပတ်တွေအတွင်း ဘာသာရေးအဆောက်အအုံတွေကို လူအစုအဝေးနဲ့ ဖျက်ဆီးခဲ့တဲ့ဖြစ်ရပ်နှစ်ခုနဲ့ပတ်သက်လို့ လက်ရှိအစိုးရအနေနဲ့ ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းပေးဖို့ အရပ်ဖက်လူ့အဖွဲ့အစည်း ၁၉ ခုကျော်က တောင်းဆိုလိုက်ပါတယ်။ ဇွန်လကုန်ပိုင်းက ပဲခူးမြို့နယ် သူရဲသမိန်ရွာမှာ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဘာသာရေးအဆောက်အအုံတခု ဖျက်ဆီးခံရသလို၊ ဇူလှိုင် ၁ ရက်နေ့မှာလည်း ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်း လုံခင်းကျေးရွာက ဗလီဝတ်ပြုကျောင်းတခု မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။ စုံစမ်းမေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုထက်အောင် သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က ပဲခူးတိုင်းဒေသကြီး သရဲသမိန်ကျေးရွာမှာ ဗလီဝတ်ပြုကျောင်းတစ်ခု ဖျက်စီးခံခဲ့ရပြီး ဒီလ ဇူလိုင်လ ၁ ရက်နေ့မှာလည်း ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်းက လုံခင်းကျေးရွာမှာ ဗလီ ဝတ်ပြူကျောင်းတစ်ခု မီးရှို့ဖျက်စီးခံခဲ့ရပေမယ့်လို့ လက်ရှိအစိုးရသစ်အနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်နိုင်ခြင်း မရှိသေးဘူးလို့ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ က ထောက်ပြကြပါတယ်။

ဒါကြောင့်လည်း အခုလို ဘာသာရေး အဆောက်အအုံတွေ ဖျက်စီး ခံရတာနဲ့ ပတ်သက်လို့ အစိုးရအနေနဲ ပြတ်ပြတ်သားသား ဖြေရှင်းပေးဖို့ အရပ်ဖက် လူ့အဖွဲ့အစည်း ၁၉ ခုက လက်မှတ်ထိုး တောင်းဆိုလိုက်ကြပါတယ်။ အစိုးရသစ်အနေနဲ့ ဘာသာပေါင်းစုံ တန်းတူ ညီမျှရရှိအောင် ဥပဒေ မူဘောင်အတွင်းကနေ ဆောင်ရွက်သင့်တယ်လို့ ကချင်ငြိမ်းချမ်းရေး ကွန်ရက်က မခွန်ဂျာက ပြောပါတယ်။

“ဒီလိုမျိုး ဘာသာရေးနဲ့ဆိုင်ရာမှာ ပဋိပက္ခဖြစ်ပွားတဲ့အခါမှာ အမှန်တကယ် ဝင်ရောက်ဖြေရှင်းပေးရမယ့်ဟာက အစိုးရနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနဖြစ်ရ ပါမယ်ရှင့်။ အဲဒီတော့ အစိုးရလို့ပြောတဲ့အခါမှာ မူဝါဒကောင်းကောင်း ရှိရမယ်။ နောက်ပြီးအခြေခံဥပဒေကနေ စတဲ့မူတွေတိုင်းမှာ ဒီဟာမျိုးကို ဘာသာတိုင်းကို အကာအကွယ်ပေးထားဖို့လိုအပ်တယ်ရှင့်။ တရားဥပဒေနဲ့ နည်းဥပဒေတွေမှာ ထိထိရောက်ရောက် ပြဌာန်းပြီးတော့မှ အဲဒါနဲ့ ပတ်သက်ပြီး တရားဥပဒေစိုးမိုးမှုရှိအောင်လိုအပ်ပါတယ်ရှင့်။ အဲဒါမျိုး တရားဥပဒေစိုးမိုးမှု မလုပ်ထားတဲ့အခါမှာ ကျန်တဲ့သူတွေက ဝင်ပြီးတော့မှ တရားဥပဒေစိုးမိုးမှုကို အစားထိုးတဲ့အခါ ပြဿနာဖြစ်လာပါတယ်ရှင့်။ အဲဒါကြောင့်ဒီလိုမျိုးကိစ္စမဖြစ်အောင် ကျမတို့ ဒီနိုင်ငံတော်အစိုးရက ထိထိရောက်ရောက်တာဝန်ယူပေးဖို့ လိုအပ်ပါတယ်ရှင့်။ တည်ရှိစဲ ဥပဒေမူဘောင်ထဲမှာ အားလုံးကို တန်းတူညီမျှ စီရင်ရမှာပါရှင့်။”

ပဲခူးတိုင်းဒေသတွင်းက သူရဲသမိန်ကျေးရွာနဲ့ ကချင်ပြည်နယ် လုံခင်းကျေးရွာတွင်းက ဖြစ်ရပ် နှစ်ခုကိုကြည့်မယ်ဆိုရင် မြန်မာနိုင်ငံတွင်း ဘာသာရေးတင်းမာမှုတွေရှိနေတယ်ဆိုတာကို ထင်ဟပ်ပေါ်လွင်စေတယ်လို့ အရပ်ဖက်လူအဖွဲ့အစည်းတွေက ရှု့မြင်ပါတယ်။

အစိုးရသစ်အနေနနဲ့ လက်ရှိအချိန်ထိ ဒီဖြစ်စဉ်တွေမှာ ကျုးလွန်သူတွေကို ထိရောက်စွာ စုံစမ်းစစ်ဆေးခြင်း ဒါမှမဟုတ် တရားစွဲဆိုခြင်းမပြုသေးပါဘူး။ ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးဝင်းသိန်းကတော့ ကျူးလွန်သူတွေကို အရေးယူဆောင်ရွက်မယ်ဆိုရင် အခြေအနေတွေဟာ ပိုဆိုးဝါးလာနိုင်တယ်လို့ မြန်မာတိုင်စ်း သတင်းဂျာနယ်ကို ပြောဆိုထားပါတယ်။ ဘာသာရေးနဲ့ ပတ်သတ်တဲ့ အခုလို ကိစ္စရပ်တွေကို မှန်ကန်စွာ ဖြေရှင်းပေးနိုင်ခြင်း မရှိဘူးဆိုရင်တော့ အလားတူ ပြဿနာတွေ ဆက်တိုက် ဆိုသလို ဖြစ်ပွား လာနိုင်ကြောင်း မခွန်ဂျာက ဆိုပါတယ်။

“ဒါ ကချင်ပြည်နယ်မှာဖြစ်တဲ့ကိစ္စဆိုရင် ကျမတို့အားလုံး ကချင်ပြည်နယ်က လူအားလုံးအတွက် အင်မတန်မှ စိုးရိမ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တိုက်ပွဲကြောင့်မို့လို့ ခြေကုန်လက်ပန်းကျနေတဲ့နေရာမှာ ဒါဟာ ဘာသာရေး ပဋိပက္ခ အနေနဲ့ ပထမဆုံး ဝင်လာတာဖြစ်တယ်ရှင့်။ တနေရာမှာ ဒီလိုပဲဖြေရှင်းမှုမရှိဘူး ဆိုရင် နောက်နေရာမှာလည်း အလားတူ ပုံစံမျိုးပြီးလို့ရှိရင် ဆင်တူရိုးမှားပုံစံမျိုး များစွာဖြစ်နိုင်ပါသေးတယ်။ ပြီးရင် အခေါက်တိုင်းအခေါက်တိုင်းမှာ အင်အားကြီးတဲ့အဖွဲ့ကို အင်အားငယ်တဲ့အဖွဲ့ အလျှော့ပေးရတဲ့အခါမှာ မလိုလားအပ်သော အခြားသောအကြမ်းဖက်မှုတွေပေါ်ပေါက်လာမှာကို စိုးရိမ်ပါတယ်ရှင့်။”

အွန်လိုင်း စာမျက်နှာတွေပေါ်မှာ ဘာသာရေး အစွန်းရောက်သူ တစ်ချို့ရဲ့ ပြောဆိုရေးသားချက်တွေကြောင့် သူရဲသမိန်ကျေးရွာတွင်းက ဗလီအဆောက်အအုံကို ဖျက်စီးခံခဲ့ရပြီး ဘာသာရေး စာသင်ကျောင်းနဲ့ မွတ်စလင်ပိုင် အိမ်အဆောက်အအုံ တစ်လုံးတို့နဲ့ မွတ်စလင် သချိုင်းတို့ ပျက်စီးသွားခဲ့ပါတယ်။ ဒါ့အပြင် အရင် အစိုးရလက်ထက်မှာလည်း ဘာသာရေးကို အကြောင်းပြုပြီး ဗုဒ္ဓဘာသာဝင်တွေနဲ့ မူစလင် အသိုင်းအဝိုင်းကြား အဓိကရုဏ်းတွေ မန္တလေးမြို့နဲ့ မိတ္ထီလာမြို့တို့မှာလည်း ဖြစ်ပွားခဲ့ဖူးပါတယ်။ ဒါ့ကြောင့်လည်း Fortify Rights ၊Burma Campaign UK ၊Equality Myanmar၊ All Kachin Youth Union စတဲ့ ပြည်တွင်း ကော နိုင်ငံတကာ အရပ်ဖက် လူ့အဖွဲ့အစည်း ၁၉ ခုက ဘာသာရေး အဆောက်အအုံတွေ ဖျက်စီးတာတွေနဲ့ပတ်သက်လို့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးဖို့ အစိုးရသစ်ကို တောင်းဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG