သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒေသခံတိုင်းရင်းသားတွေ လုံခြုံမှုအတွက် စိုးရိမ်မှုတိုး


ရခိုင်ပြည်နယ်စစ်တွေမြို့ပဋိပက္ခအတွင်း ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိ (ဇွန် ၂၀၁၂)
ရခိုင်ပြည်နယ်စစ်တွေမြို့ပဋိပက္ခအတွင်း ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိ (ဇွန် ၂၀၁၂)

ရခိုင်ပြည်နယ်မြောက်ပိုင်းဘက်မှာ ဒေသခံတချို့အကြမ်းဖက်သတ်ဖြတ်ခံရတာ အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လူအင်အားသုံး တိုက်ခိုက်မှုတွေ ရှိလာနေတဲ့အတွက် ဒေသတွင်း တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးအပေါ် စိုးရိမ်မှုတေ ွမြင့်တက်လာနေပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်တွင်း လုံခြုံရေးတာဝန်ယူထားတဲ့အဖွဲ့အစည်းတွေအနေနဲ့ လုံခြုံရေးတိုးမြင့်ဆောင်ရွက်ပြီး ဥပဒေဘောင်ထဲကနေ ပွင့်လင်းမြင်သာမှု အပြည့်နဲ့ စနစ်တကျ ကိုင်တွယ်ဖြေရှင်းဖို့ ရခိုင်ပြည်နယ်အရေး ဆောင်ရွက်နေသူတွေက တိုက်တွန်းကြပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကိုင်းကြီးကျေးရွာမှာ အမည်မသိအကြမ်းဖက်သမားတွေရဲ့ လက်ချက်နဲ့ ကိုင်းကြီးကျေးရွာသား မြိုတိုင်းရင်းသား ၆ ယောက် သေဆုံးခဲ့ပြီး ၂ ယောက်ကတော့ အခုအချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ဒီအကြမ်းဖက်သတ်ဖြတ်မှုအပြီး နောက်တရက် သြဂုတ်လ၄ရက်နေ့မှာတော့ ဒေသတွင်းနယ်မြေရှင်းလင်းရေး လုပ်တဲ့အချိန်အတွင်း လုံခြုံရေးတပ်ဖွဲ့တွေ ကို ရသေ့တောင်မြို့နယ်တွင်းက အောက်နန်းရာကျေးရွာက ရွာသား ၆၀၀ လောက် က ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။ အခုအချိန်အထိကတော့ အကြမ်းဖက်သမားလို့ သံသယရှိသူတချို့ကို ဖမ်းဆီးစစ်ဆေးနေပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ တပ်မတော်စစ်ကြောင်းတွေဘက်က နယ်မြေရှင်းလင်းနေပြီး လုံခြုံရေး တိုးမြင့်ဆောင်ရွက်နေပါတယ်။

အခုလိုမျိုးဒေသခံတချို့အပါအဝင် နယ်မြေတည်ငြိမ်ရေးလုံခြုံရေးတာဝန်ယူထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုပါ အင်အားသုံး တိုက်ခိုက်မှုရှိလာနေတဲ့အတွက် ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးစိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်တွင်းက လုံခြုံရေးအခြေအနေဟာ စိုးရိမ်ရတဲ့အနေအထားဖြစ်လာလို့ ဥပဒေဘောင်အတွင်းကနေ လုံခြုံရေးစနစ်တွေ တိုးမြင့်ချထားဆောင်ရွက်ပေးဖို့ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းပါတယ်လို့- ရခိုင်ပြည်နယ်အရေး အကြံပေးဖို့နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင်ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ကော်မရှင်အဖွဲ့ဝင် ဒေါ်စောခင်တင့်က ဗွီအိုအေကိုအခုလိုပြောပါတယ်။

“ ဒီကော်မရှင်အနေနဲ့ ဒေသခံရခိုင်တွေနဲ့ တွေ့တဲ့အခါတိုင်းမှာပေါ့နော် ဒေသခံရခိုင်တွေ ပထမဆုံး တင်ပြတာက လုံခြုံရေးပါ။ ကျွန်မတို့တွေ့ဆုံဆွေးနွေးတဲ့အခါတိုင်းမှာ ဒီလုံခြုံရေးအရေးကြီးတာကို တင်ပြကြပါတယ်။ ဒါတကယ့်ကို common ကျွန်မတို့ ဆွေးနွေးခဲ့ရတဲ့ အချက်ပါ။ ဒေသခံ ပြည်သူလူထူဟာ သူတို့ဒေသရဲ့ လုံခြုံရေးဟာ တကယ်အရေးကြီးနေပါတယ်ဆိုတာ သူတို့အားလုံးက ခံစားမိနေတာကို ကျွန်မတို့နားလည်ပေးရပါတယ်။ ဆိုတော့ ဒီနေ့အဲဒီ သူတို့ရဲ့ ခံစားချက်ဟာ တကယ်အမှန်တကယ် ဖြစ်လာတဲ့အခါကျတော့ ပိုပြီးတော့မှ စိုးရိမ်စရာဖြစ်ပါတယ်။ အဲဒါကြောင့်မို့ရခိုင်ပြည်သူလူထုအနေနဲ့ တကယ့်ကိုလိုအပ်တဲ့ လုံခြုံရေးကို ဒါပြည်ထောင်စုအစိုးရအနေနဲ့ရော တပ်မတော်အနေနဲ့ရော နောက်ဥပဒေဘောင်အတွင်းက လုံခြုံရေးကို အမှန်တကယ် လုပ်ပေးဖို့လိုအပ်ပါတယ်လို့ အန်တီ့ဖက်က ရှုမြင်ပါတယ်။”

အခုလိုဒေသတွင်းမှာ မူဆလင်ကျေးရွာတွေက အုပ်ချုပ်ရေးမှူးတချို့သတ်ဖြတ်ခံရတာအပါအဝင် မြိုတိုင်းရင်းသားတွေကိုပါ တိုက်ခိုက်မှုတွေရှိလာနေတဲ့အတွက် ရခိုင်တိုင်းရင်းသားတွေနဲ့ ကမန်တိုင်းရင်းသားတွေမှာလည်း ဒေသတွင်းလုံခြုံရေးစိုးရိမ်မှုတွေ ရှိလာနေတယ်လို့ ကမန်တိုင်းရင်းသားတွေကပြောပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်အစိုးရအနေနဲ့ ဒေသခံတွေ နယ်မြေတွင်း ဘေးကင်းလုံခြုံစွာနေထိုင်သွားလာနိုင်ရေး လုံခြုံရေးအစီအမံတွေကို တိုးမြင့်ဆောင်ရွက်ပေးစေလိုတယ်လို့လည်း ကမန်တိုင်းရင်းသားလူမှုကွန်ရက်ဥက္ကဋ္ဌဦးထွန်းငွေက တိုက်တွန်းပါတယ်။

“ပြဿနာပေ့ါနော်။ ဒီမြိုတိုင်းရင်းသားတွေ တိုက်ခိုက်ခံရတယ် အကြမ်းဖက်သမားလို့လည်း ပြောတယ်။ တိတိကျကျမမြင်ရတဲ့အတွက်ကြောင့် ဒါတွေကို နိုင်ငံတော်အစိုးရအနေနဲ့ ဖြေရှင်းနိုင်လိမ့်မယ်လို့၊ မဟုတ်လို့ ဆိုရင်တော့ ဘာလဲဆိုရင် သို့လောသို့လောနဲ့လေ သံသယတွေ ပိုဝင်လာပြီးတော့ ဒီပဋိပက္ခအတွက် ကျွန်တော်တို့စိုးရိမ်ပါတယ်လို့။ ဒီ တပ်မတော်အပါအဝင် အကုန်လုံးပူးပေါင်းဆောင်ရွက်ပြီးတော့ ဖြေရှင်းမယ်ဆိုရင်တော့ ရနိုင်လိမ့်မယ်လို့ ကျွန်တော်တော့ အဲဒီလိုပဲ ထင်ပါတယ်။”

ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ ပြသနာကို ပွင့်လင်းမြင်သာမှုရှိရှိ ဥပဒေဘောင်တွင်းက ကိုင်တွယ်ဖြေရှင်းဖို့နဲ့အထူးသဖြင့် နယ်စပ်ပြသနာဖြစ်နေလို့ တဘက်နိုင်ငံနဲ့ သံတမန်ရေးနည်းလမ်းနဲ့ နည်းလည်မှုတည်ဆောက်ပြီး ပူးပေါင်းဖြေရှင်းဖို့ကိုလည်း ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ဦးတင်ထူးအောင်က အကြံပြုပါတယ်။

“ဒီ ရခိုင်မှာ ဖြစ်နေတဲ့ ကိစ္စတွေက လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေ မဟုတ်ဘူးဆိုတာကို နိုင်ငံတကာက သက်ဝင်ယုံကြည်လာအောင် လုပ်ကိုင်ဆောင်ရွက်ဖို့လည်း လက်ရှိအစိုးရအနေနဲ့ ပွင့်လင်းမြင်သာဖို့ ရှိတာ ညင်သာစွာ ဆောင်ရွက်တတ်ဖို့လိုတယ်။ အဓိကအားဖြင့် ဒီကိစ္စဟာ ကျွန်တော်တို့ နိုင်ငံတစ်ခုတည်း ဖြေရှင်းဆောင်ရွက်လို့ရမယ့် ကိစ္စမဟုတ်ဘူး။ ပြဿနာ မဟုတ်ဘူး။ ဒီနယ်စပ်မှာ ဖြစ်နေတဲ့ အဓိက ပြဿနာက လူဦးရေ ပေါက်ကွဲမှု အဆမတန်များတဲ့ ပြဿနာပေါ့နော။် လူဦးရေပေါက်ကွဲမှုနဲ့ ဒီ ဆင်းရဲမွဲတေမှုပြဿနာက ကပ်ပါလာတယ်။ အကြမ်းဖက်ကွန်ယက်တွေရဲ့ ရေသောက်မြစ်တွေဖြစ်လာတာပေါ့နော်။ အကြမ်းဖက်သင်တန်းတွေ ပေးဖို့အတွက် အခြေအနေတွေ ဖြစ်လာတယ်။ ဒါကြောင့် ဒီကိစ္စကို အရေးယူဆောင်ရွက်တဲ့အခါ နိုင်ငံတကာရဲ့ ပံ့ပိုးကူညီဆောင်ရွက်မှု လိုသလို တစ်ဖက်နိုင်ငံအစိုးရနဲ့ သံတမန်ရေးနားလည်မှု ပြန်လည်တည်ဆောက်ပြီးတော့မှပဲ ဒီအကြမ်းဖက်ရေသောက်မြစ်တွေကို ရှင်းလင်းတာတို့ ဘာတို့နှစ်နိုင်ငံအစိုးရ ပူးတွဲပြီးတော့ ဒါကို ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းဖို့လိုအပ်တယ်။ ”

ရခိုင်ပြည်နယ်တွင်းမှာ ပြီးခဲ့တဲ့၂၀၁၂ကစလို့ ဘာသာရေး၊လူမျိုးရေးအသွင်ဆောင် ပဋိပက္ခတွေဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာလက တကျော့ပြန်စလာခဲ့တဲ့ နယ်ခြားစောင့်တပ်စခန်းတွေကို လူအင်အားသုံး အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့နောက်မှာတော့ နယ်မြေတွင်း လုံခြုံရေးအခြေအနေဟာ အတော်လေး စိုးရိမ်စရာဖြစ်လာတာပါ။ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့နောက် လုံခြုံရေးအဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းရေးဆောင်ရွက်မှုတွေအပေါ်လည်းလူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်ဆိုပြီး နိုင်ငံတကာဘက်က စွပ်စွဲမှုတွေပြင်းထန်လာပါတယ်။

အခုမောင်တော၊ ရသေ့တောင်တိုက်ခိုက်မှုတွေရဲ့နောက်ပိုင်းမှာလည်း ဒီအဖြစ်အပျက်တွေကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အရင်တုန်းကလုပ်ခဲ့ဖူးသလို မြေလှန် ရှင်းလင်းရေးတွေ ထပ်လုပ်လာမှာကို စိုးရိမ်တဲ့အကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI ရဲ့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး James Gomez က သြဂုတ်လ ၄ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်ပြောဆိုသလို မြန်မာအာဏာပိုင်တွေ အနေနဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံရဲ့ ဒေသအားလုံးကို အတားအဆီးမရှိ သွားခွင့် ပြုဖို့ လိုအပ်တယ်ဆိုတာ ဒီနောက်ဆုံးတိုက်ခိုက်မှုတွေက ထောက်ပြနေတယ်လို့လည်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG