သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ကို မကြာမီထွက်ပြေးခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၄၃၇,၀၀၀ ရှိ


ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေအတွက် အကူအညီပေးရေး အဖွဲ့အစည်းတွေက လိုအပ်တဲ့ အကူအညီ အမေရိကန်ဒေါ်လာ ၇၇ သန်းထဲက ၄၃% ကို လက်ခံ ရရှိပြီးဖြစ်ကြောင်း ကုလသမဂ္ဂက တနင်္လာနေ့မှာ ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်သွားကြတဲ့ သူတို့အခေါ် ရိုဟင်ဂျာ ဒုက္ခသည် အရေအတွက်ဟာ လက်ရှိအချိန်အထိ ၄၃၇,၀၀၀ ရှိသွားပြီလို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်အတွင်း တကျော့ပြန် ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးသွားကြတဲ့ ဒုက္ခသည် အရေအတွက်ဟာ ၄၃၇,၀၀၀ ရှိသွားပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးရုံး UNOCHA က သတင်း ထုတ်ပြန်ထားကြောင်း တနင်္လာနေ့က နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ပြုလုပ်တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က ပြောပါတယ်။

အကူအညီပေးရေး အဖွဲ့အစည်းတွေအနေနဲ့ ဒုက္ခသည် ၈၀% အတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးနိုင်ပြီး နေစရာ တဲတွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှု စတဲ့ ဒုက္ခသည်တွေ လိုအပ်တဲ့ ထောက်ပံ့ရေး ပစ္စည်း အများအပြား ရရှိနိုင်ရေးအတွက်လည်း အရှိန်မြင့် လုပ်ဆောင် နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဒုက္ခသည်တွေအတွက် လိုအပ်တဲ့ ပမာဏလို့ အကူအညီပေးရေး အဖွဲ့အစည်းတွေက တောင်းဆိုထားတဲ့ အကူအညီတွေရဲ့ ထက်ဝက်နီးပါးကိုလည်း လက်ခံရရှိပြီးဖြစ်ကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က ပြောပါတယ်။

“ဒီကနေ့ မနက်အချိန်ထိ ကနဦး လိုအပ်တဲ့ အကူအညီအဖြစ် အကူအညီပေးရေး အဖွဲ့အစည်းတွေက တောင်းဆိုထားတဲ့ အမေရိကန်ဒေါ်လာ ၇၇ သန်းထဲက ၄၃% ကို လက်ခံရရှိပြီး ဖြစ်ပါတယ်။ ဒါပေမယ့် လိုအပ်တဲ့ အရေးပေါ် အကူအညီ ပမာဏဟာ ထင်ထားတာထက် ပိုများနေပါတယ်။”

ဒါကြောင့်လည်း အကူအညီပေးရေး အစီအစဉ်တွေကို ပြန်ပြင် ရေးဆွဲ လုပ်ဆောင်နေတာမှာ အကူအညီ လိုအပ်တဲ့ သူပေါင်း ၁.၂ သန်း အတွက် ငွေကြေး ပမာဏအားဖြင့် ဒေါ်လာ သန်း ၂၀၀ အထိ ရှိနိုင်တယ်လို့လည်း Stephane Dujarric က ပြောပါတယ်။ အဲဒီ အကူအညီ လိုအပ်တဲ့သူတွေထဲမှာ အခု အသစ်ရောက်လာကြသူတွေအပြင် အရင်က ရောက်နေကြပြီးသူတွေနဲ့ ဒုက္ခသည်တွေ ရောက်နေကြတဲ့ နေရာတွေက ဒေသခံတွေအတွက်ပါ ပါဝင်ကြောင်းလည်း Dujarric က ပြောပါတယ်။

အကူအညီပေးရေး လုပ်ငန်းတွေအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ ကူညီ ဆောင်ရွက်နဲ့ ပတ်သက်လို့လည်း Stephane Dujarric က အခုလို ဆက်ပြောပါတယ်။

“လူသားချင်း စာနာမှု အကူအညီပေးရေး အဖွဲ့အစည်းတွေအနေနဲ့ ဘင်္ဂလားဒေ့ရှ် ပြည်သူတွေနဲ့ အစိုးရတို့ရဲ့ ပူးပေါင်း ပါဝင်မှု အခန်းကဏ္ဍကို ကျေးဇူးတင်ပါတယ်။ အစိုးရနဲ့ အရပ်သား ပြည်သူတွေထံက အကူအညီတွေ ဖြန့်ဝေနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် စစ်တပ်က ကူညီ ဆောင်ရွက်ပေးနေပါတယ်။”

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ သူတို့အခေါ် ရိုဟင်ဂျာ ဒုက္ခသည်ကလေးငယ် ထောင်ပေါင်းများစွာနဲ့ သူတို့မိသားစုတွေအတွက် အရေးပေါ်အကူအညီတွေ ဒါကာမြို့တော်ကို ရောက်သွားပြီဖြစ်ကြောင်း ကုလ သမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ UNICEF အဖွဲ့က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ဒီအတောအတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အတွင်းရေးမှူးချုပ် Antonio Guterres အနေနဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် (၁၅) နိုင်ငံကို အခု သီတင်းပတ်အတွင်း အစည်းဝေး ခေါ်ယူပြီး ရှင်းလင်း တင်ပြဖို့ ဆွီဒင်၊ အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ ပြင်သစ်၊ အီဂျစ်၊ Senegal နဲ့ Kazakhstan စတဲ့ ၇ နိုင်ငံက စက်တင်ဘာလ ၂၂ ရက်နေ့က တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီ တောင်းဆိုချက်အတိုင်း လုပ်ဆောင်ဖို့ ရှိမရှိဆိုတာ အတွင်းရေးမှူးချုပ်အနေနဲ့ မဆုံးဖြတ်ရသေးဘူးလို့ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG