သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အကြံပြုချက်အကောင်အထည်ဖော်ရေးကော်မတီ ဥပဒေစိုးမိုးရေး တည်ငြိမ်ရေးနဲ့ သဟဇာတဖြစ်ရေး ဦးစားပေးမည်


ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ ဒုတိယအကြိမ် အစည်းအ‌ဝေး ( စက်တင်ဘာ ၂၁-၂၀၁၇)
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ ဒုတိယအကြိမ် အစည်းအ‌ဝေး ( စက်တင်ဘာ ၂၁-၂၀၁၇)

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဟာ ပထမဆုံး အကြိမ် မြေပြင် ကွင်းဆင်းလေ့လာမှုတွေဆောင်ရွက်ပြီးတဲ့နောက်မှာ ဦးစားပေးအနေနဲ့ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်ရေးနဲ့ သဟဇာတဖြစ်ရေးကို ဆောင်ရွက်မှာဖြစ်သလို တဖက်နိုင်ငံကို ရောက်ရှိနေသူတွေ ပြန်လည်လက်ခံရေးကိုလည်း အဓိက ဦးစားပေးတခုအနေနဲ့ ဆောင်ရွက်ဖို့ ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်နဲ့ ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ မောင်တော ဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်တို့ရဲ့ အစီရင်ခံစာပါ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ ဖွဲ့စည်းလိုက်တဲ့ ကော်မတီဟာ ဒီလ ၁၈ရက်နဲ့ ၂၀ရက်နေ့တွေမှာ ရခိုင်ပြည်နယ် ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တောမြို့တွေကို ကွင်းဆင်းလေ့လာခဲ့ပါတယ်။

ဒီလိုကွင်းဆင်းလေ့လာပြီးနောက် ဦးစားပေးအဖြစ် ဆောင်ရွက်မယ့် လုပ်ငန်းတွေကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင် ရွက်ရေးကော်မတီဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အခုလို ပြောပါတယ်။

“တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးက အရေးကြီးတဲ့အတွက်ကြောင့်မို့ ဒါနဲ့ပတ်သက်ပြီးတော့ နံပတ်၁ အလေးထားဆောင်ရွက်ဖို့ပေါ့ဗျာ။ ထိပ်ဆုံးကပေါ့ဗျာ လုပ်တယ်။ နောက်ပြီးတော့ ဒေသခံတိုင်းရင်းသား များနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စတွေရှိတယ်။ ”

တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်ရေးနဲ့ သဟဇာတဖြစ်ရေးဟာ ဆက်စပ်နေတာကြောင့် ဒီအချက်တွေကို အလေးထားညှိနှိုင်းဆောင်ရွက်မှာဖြစ်ကြောင်းလည်း ပြောပါတယ်။

“တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်ရေးနဲ့ သဟဇာတဖြစ်ရေးဆိုတဲ့နေရာမှာ သဟဇာတဖြစ်ရေးဆိုတာ ဒေသခံ တိုင်းရင်းသားတွေအနေနဲ့ ခံစားချက်ပြင်းထန်တဲ့ ကိစ္စတွေလည်း ရှိတယ်။ ဒါတွေကိုလည်း ကျနော်တို့ ညှိနှိုင်း ဆောင်ရွက်ရမယ်။ ခံစားချက်ကို အရမ်းကို ရှေ့တန်းတင်ပြီးဆောင်ရွက်လိုက်ရင်လည်း တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ရတာတို့၊ တည်ငြိမ်အေးချမ်းရေးဆောင်ရွက်ရတာတို့နည်းနည်းခက်တယ်။ ဒါတွေကိုလည်း ကျနော် တို့အတတ်နိုင်ဆုံးအကောင်းဆုံးနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်။ တကယ်တမ်းဆိုရင် ကျနေ်ာတို့က ပြည်သူ့ အကျိုးကို ဆောင်ရွက်တာဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေ တကယ်အကျိုးရှိတာကို ပေါ်လွင်အောင် ဆောင် ရွက်ရင်တော့ ဒါတွေက ဖြစ်လာမယ်လို့ ထင်တယ်။”

အခြားအလေးထားဆောင်ရွက်မယ့် အချက်တခုကတော့ တဖက်နိုင်ငံကို ရောက်ရှိနေသူတွေ ပြန်လည် လက်ခံရေး ကိစ္စရပ်ဖြစ်ကြောင်းလည်း ဒေါက်တာဝင်းမြတ်အေးက အခုလို ပြောပါတယ်။

“ ပြန်လည်လက်ခံဖို့အတွက် ဦးစားပေးဆောင်ရွက်မှာ။ ဘာဖြစ်လို့လည်းဆိုတော့ ဟိုဖက်မှာ ဘယ်လောက် ရောက်နေပြီ ဘာညာ ကျနော်တို့ ဘယ်လိုမှ မသိနိုင်ဘူး။ မသိနိုင်တော့ ဒါကို ပြန်လည်လက်ခံဖို့ ဆောင်ရွက် မယ်။ ဆောင်ရွက်တဲ့အခါကျတော့ ၁၉၉၃ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ သဘောတူညီချက်များရှိတယ်။အဲဒါကိုလည်း စနစ်ကျအောင် ဒီကနေ့ ကျနော်တို့ ညှိနှိုင်းဆွေးနွေးခဲ့ပြီးပြီ။ ဒါကို စနစ်တကျဆောင်ရွက်မှာဖြစ်တယ်။ အဲဒီအစီအစဉ်ကြီးပေါ်လာရင်တော့ ပြည်သူတွေကို ပွင့်ပွင့်လင်းလင်းပြောပြမှာပေါ့။ အခုဟာတော့ ဆောင်ရွက် နိုင်မယ့် အစီအစဉ်များကို အခု ညှိနှိုင်းဆုံးဖြတ်တုံး ရှိသေးတာပေါ့နော်။ ဒါပေမဲ့ ထိပ်ဆုံးကနေ ဆောင်ရွက်မယ့် အထဲမှာ သူလည်း ပါတယ်။ ”

နိုင်ငံတကာသတင်းမီဒီယာတွေမှာတော့ တဖက်နိုင်ငံကို ရောက်ရှိနေတဲ့ အစ္စလာမ်ဘာသာဝင် ၃သိန်းအထက်ရှိကြောင်း ကုလသမဂကို ကိုးကားပြီးဖော်ပြကြပါတယ်။

တဖက်နိုင်ငံကို ရောက်ရှိနေသူတွေကို ပြန်လည်လက်ခံဖို့ ဆောင်ရွက်နေတဲ့ တချိန်တည်းမှာပဲ နိုင်ငံသားစိစစ်တာကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ဖို့ ရှိကြောင်း ပြောပါတယ်။

“ ၈၂နိုင်ငံသားဥပဒေ။ ကျနော်တို့ ဦးစားပေးဆောင်ရွက်တဲ့အထဲမှာ အဲဒါပါတယ်။ ဘယ်လိုဆောင်ရွက်တာလဲဆိုတော့ ၈၂နိုင်ငံသားဥပဒေကို ပြင်တာကို ပြောတာမဟုတ်ဘူး။ ၈၂နိုင်ငံသားဥပဒေနဲ့အညီ နိုင်ငံသားဖြစ်မှုကို အကောင်အထည်ဖော်တဲ့နေရာမှာ National Verification Precess ဆိုတာကို အရှိန်အဟုန်နဲ့ မြှင့်ပြီးဆောင်ရွက်မယ်။ ဒါကျနော်တို့ရဲ့ Mandate ထဲမှာ ပါတယ်။ လုပ်ရမယ့် တာဝန်ထဲမှာ ပါတယ်။ နိုင်ငံသားဖြစ်ဖို့ အတွက် စိစစ်တဲ့ process ကို ဖြတ်သန်းရမယ်ပေါ့နော်။ အဲဒါကို ကျနော်တို့က တကယ်အောက်ခြေမှာ နားလည်အောင်ရှင်းပြရမယ်။ ရှင်းပြပြီးရင် အဲဒီ process ထဲမှာ ဝင်ပြီးရင် တကယ့် ၈၂ ဥပဒေနဲ့ အညီ ဆက်လက် ဆောင်ရွက်မှာဖြစ်ပါတယ်။ ”

တခြားအကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်တွေမှာလမ်းပန်းဆက်သွယ်ရေးကို လတ်တလောဆောင်ရွက်ဖို့နဲ့ လယ်ယာလုပ်ငန်းခွင်ကိစ္စတွေကိုလည်း ဆောင်ရွက်ဖု့ိပြင်ဆင်ထားကြောင်း ပြောပါတယ်။

အကြံပြုချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဟာ ဒီလ ၂၁ရက်နေ့မှာ ဒုတိယအကြိမ် အစည်းအဝေးကို ကျင်းပခဲ့ပြီး ကွင်းဆင်းလေ့လာတွေ့ရှိချက်တွေကို ဆွေးနွေးခဲ့ကြသလို ဝန်ကြီးဌာနအလိုက် စီမံချက်တွေ ရေးဆွဲဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြပါတယ်။ ဒီလ ၂၈ရက်နေ့မှာတော့ ဝန်ကြီးဌာနအလိုက် ရေးဆွဲထားတဲ့ စီမံချက်တွေအပေါ် အခြေခံပြီး မဟာဗျူဟာတရပ်ချမှတ်သွားဖို့လည်း ပြင်ဆင်ထားပါတယ်။

XS
SM
MD
LG